ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” ၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် ၈ ခု၌ နေရာ အနှံ့အပြားတွင် မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီး ဌာနက ယနေ့ညနေပိုင်းက ထုတ်ပြန် ကြေညာ ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက် တောင်ဘက် ရေမိုင် ၃၄၀ ခန့်၊ မောင်တောမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟို ပြုနေပြီး လာမည့် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စာဂါ ကျွန်းနှင့် ခီပူပါရာမြို့တို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားတွင် မိုးရွာသွန်း နိုင်ပြီး ယင်းတိုင်းနှင့်ပြည်နယ် ၈ ခုအနက် ပဲခူးတိုင်းဒေသကြီးမှ အပ ကျန်တိုင်းနှင့် ပြည်နယ် ၇ ခု တွင် နေရာကွက်၍ မိုး ကြီးနိုင်ကြောင်း မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
ဦးကျော်မိုးဦးက “၁၀ ရက်နေ့မှ ကမ်းကိုဖြတ်မှာဆိုတော့ ကုန်းတွင်းမုန်တိုင်းအနေနဲ့လည်း ဆက်ရှိနေဦးမှာ ဆိုတော့ မိုးကတော့ ၁၁ ၊ ၁၂ ရက် လောက်အထိ ရှိနေဦးမယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိသည့် အတွက် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၈၀ နှုန်းရှိကြောင်း မိုး/ဇလ မှ ထုတ်ပြန်ထားသည်။
ထို့ပြင် နေပြည်တော်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ မှ သိရသည်။
ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး ထိုကဲ့သို့ မိုးသက်လေပြင်း ကျရောက်သည့်သည့်အခါ တစ်နာရီကို ၅၅ မိုင်မှ မိုင် ၆၀ အထိ လေတိုက်ခတ်နိုင်သည့် အတွက် မိုး/ဇလ မှ သတိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
လာမည့် ရက်ပိုင်းအတွင်း မြန်မာပြည်အနှံ့အပြား မုန်တိုင်းမိုး ရွာမည်
မိုရာမုန်တိုင်းအရှိန် ရခိုင်မြောက်ပိုင်းဒေသများ ခံစားနေရသေး
ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်နိုင်