မြန်မာ့ပညာရေး ကဏ္ဍအတွက် နိုင်ငံတကာမှ ချေးယူသော ငွေများကို အမှန်တကယ် အကျိုးရှိရှိ အသုံးပြုရန် လိုအပ် သည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော်တွင် သတိပေး ပြောကြားသည်။
တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်မြင့်က “စီးပွားရေး ဖွံ့ဖြိုးမှု ဆက်တိုက် ကျဆင်းနေ သော နိုင်ငံကို နိုင်ငံတကာ ချေးငွေနဲ့ တိုးတက်အောင် လုပ်ဆောင်ရမှာဟာ သဘာဝကျ၊ လက်ခံပေမယ့် ဒီချေးငွေကို ဘယ်လို သုံးစွဲမလဲဆိုတဲ့ ဘတ်ဂျက် ခွဲဝေလျာထားမှု(Budget Allocation) ဟာ အရေးကြီးပါတယ်” ဟု ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာန၏ လူတိုင်း အကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ရန် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ချေးငွေများယူရာတွင် အမှန်တကယ် လိုအပ်သည့် နေရာအတွက် ချေးယူခြင်း ဖြစ်ရန် လိုအပ်ကြောင်း၊ ချေး ထားသည့် ငွေများကို ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်ကြောင်းနှင့် မည်သည့်ပုံစံဖြင့် သုံးစွဲမည်ကို စီမံခန့်ခွဲရန် လည်း အရေးကြီးကြောင်း တပ်မတော်သား ကိုယ်စားလှယ်က သတိပေး ပြောကြားခဲ့သည်။
ဗိုလ်မှူး နိုင်မြင့်က “နောင်လာ နောင်သားတွေ ကာလမှာ အကြွေးပင်လယ်မှာ နိုင်ငံတော်ကြီး မနစ်မြုပ်စေဖို့ သတိထား ကြရပါလိမ့်မယ်။ အကြွေးတင်ရင် ရှင်ဘုရင်က ဆပ်မဟုတ်ဘဲ၊ ဘုရင်က အကြွေးယူပြီး ပြည်သူ ပြည်သားက ဆပ်လို့မဆုံး မဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်တခု အတွင်း ဆက်တိုက် ဘတ်ဂျက်လိုငွေ ပြနေခဲ့သဖြင့် နိုင်ငံခြား ချေးငွေများယူရာတွင် သတိထား ချေးယူရန် လိုအပ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားချေးငွေ ၂၂၁၃ ဒသမ ၃၃၅ ဘီလီယံနှင့် အများဆုံး ချေးငွေ စံချိန်တင်သွားခြင်းကိုလည်း ထည့်သွင်း တွက်ချက်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ဆွေးနွေး သွားသည်။
ထိုသို့ ပညာရေး ချေးငွေနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပညာရေးကဏ္ဍတွင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက် ရှိခြင်း အစရှိသည် တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ယခု ပညာရေး အတွက် ချေးယူမည့် ချေးငွေကို မျှမျှတတ ဆောင်ရွက်ရန် လိုအပ်ကာ ရွေးချယ်မှု စနစ်မှာ ညွှန်းကိန်းများ နှင့် ဆောင်ရွက်သည်ဟု ပြောသော်လည်း မှန်ကန်မှုနှင့် ပွင့်လင်းမြင်သာမှုကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ရွေး ချယ်ပုံ စနစ်ကိုလည်း အသေးစိတ် ရှင်းလင်းသင့်ကြောင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဧရာ ဝတီတိုင်းဒေသကြီး ကျောင်းကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းထွန်းက ဆိုသည်။
အဆိုပါ ချေးငွေသည် နှစ် ၃၀ စီမံကိန်း ဖြစ်ကာ ဝန်ဆောင်ခမှာ ၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ အတိုးနှုန်း ၁ ဒသမ၂၅ ရာခိုင်နှုန်း ဖြစ်သည့်အတွက် သင့်တော်သော အတိုးနှုန်း ဖြစ်ကာ ဆိုင်းငံ့ ကာလ ၅ လ၊ ပြန်ဆပ်ကာလ ၂၅ နှစ် ဖြစ်ပြီး၊ မူလ ချေးငွေ ၏ ၃ ဒသမ ၃ ရာခိုင်နှုန်း နှစ်စဉ် ပေးဆပ်ရမည် ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ အတွက် အမှန်တကယ် လိုအပ်နေသဖြင့် ချေးယူရန် သင့်တော်ကြောင်းလည်း ထောက်ခံ ဆွေးနွေးသူများလည်း ရှိခဲ့ကြသည်။
ကရင်ပြည်နယ် ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က ၎င်း၏ မဲဆန္ဒနယ်တွင် အထက်တန်းကျောင်း ၄ ကျောင်းရှိပြီး ထိုထဲမှ ၁ ကျောင်းမှာ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၁ ဦးမှ မရှိကြောင်း၊ ထိုသို့ မအောင်မြင်ရခြင်းမှာ ဆရာ/ ဆရာမ အလုံအလောက် မရှိခြင်းကြောင့် ဖြစ်ကြောင်း ပညာရေး နိမ့်ကျမှု ညွှန်းကိန်းများကို လွှတ်တော်သို့ တင်ပြခဲ့သည်။
၎င်းက “ဆရာမတွေကို သွားတွေ့တဲ့ အခါမှာ အင်္ဂလိပ်စာသင်မယ့် ဆရာမ ရှိဘူးတဲ့။ ကျမတို့ တောင်းတယ်တဲ့၊ ပေးမယ်၊ ပေးမယ် ဆိုပြီးတော့ စာမေးပွဲသာ ပြီးသွားတယ်တဲ့။ ကျနော့်အနေနဲ့ တင်ပြချင်တာကတော့ ပညာရေး နိမ့်ကျမှု ညွှန်းကိန်း တွေထဲမှာ လိုအပ်တဲ့ အင်္ဂလိပ်စာပြ ဆရာမကို ကျနော်တို့ အမြန်ဆုံး ခန့်ထားပေးဖို့ အကြံပြုပါတယ်” ဟု ပြောဆိုခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမှာ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန် အတွက် ဘတ်ဂျက် အသုံးပြုရာတွင် သုံးချင်သည့် ငွေပမာဏကို အသုံးမပြုနိုင်သေးကြောင်း သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား အဖွင့်မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားသည်။
ယခုလာမည့် ဘဏ္ဍာနှစ် အတွက် ပညာရေး အသုံးစရိတ် တောင်းခံမှုမှာ ၈ ဒသမ ၃၉ ရာခိုင်နှုန်း ရှိပြီး၊ ကျန်းမာရေး အသုံး စရိတ်အနေဖြင့် ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ ကာကွယ်ရေး အသုံးစရိတ်သည် ၁၀ ဒသမ ၄၇ ရာခိုင်နှုန်း ရှိသဖြင့် ကျန်းမာရေး နှင့် ပညာရေး ၂ ခု ပေါင်းပါက ကာကွယ်ရေး အသုံးစရိတ်ထက် များကြောင်း ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အတွက် ရသုံးမှန်းခြေ ငွေ စာရင်းများ အရ သိရသည်။
အဆိုပါ ချေးငွေနှင့် ပတ်သက်၍ ရယူရန် သင့်/မသင့်ကို ပညာရေး ဝန်ကြီးဌာနနှင့် စီမံဘဏ္ဍာ ဝန်ကြီးဌာနတို့မှ လွှတ် တော်သို့ လာရောက် ရှင်းလင်းပြီး ချေးယူရန် အတွက် ယခု ကျင်းပနေသည့် လွှတ်တော် ကာလအတွင်း မဲခွဲ ဆုံးဖြတ် အတည်ပြု သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
အစိုးရ၏ ဝင်ငွေရင်းမြစ်နှင့် အသုံးစရိတ်ကို ခြေရာခံခြင်း
ပဲခူးတိုင်းဝန်ကြီးချုပ်အပေါ် ဆရာများအဖွဲ့ချုပ်၏ တိုင်ကြားမှု NLD စစ်ဆေးမည်