ယခုလအတွင်း အနောက် ဥရောပမှ ခရီးသွား အဖွဲ့ ၂ ဖွဲ့သည် မန္တလေးအပါအဝင် မြို့ ၉ မြို့သို့ ကားများဖြင့် လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ခရီးသွားအဖွဲ့ ၂ ဖွဲ့တွင် ပြင်သစ်နိုင်ငံသား အများဆုံး ဖြစ်ပြီး ဘယ်ဂျီယံ၊ ဟော်လန်၊ ပေါ်တူဂီ၊ အီတလီ၊ ဘရာဇီး နိုင်ငံသားများ ဖြစ်ကြကာ စုစုပေါင်း ဦးရေ ၆၀ ကျော် ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို တာဝန်ယူထားသော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။
ဦးမြတ်သူက “အဓိကကတော့ သူတို့ မန္တလေးလာတဲ့အခါ လုံခြုံရေးကိစ္စ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးကိစ္စလိုအပ်တာ ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စု ဟိုတယ်/ခရီးက အစိုးရ အဖွဲ့ကို အကြောင်းကြားတာပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ခရီးသွားအဖွဲ့အနက် ပထမ အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၂ ရက်မှ စတင်ရောက်ရှိ ခဲ့ပြီး ရန်ကုန်မှ ငပလီ၊ ပြည်၊ မကွေး၊ ချင်းပြည်နယ် ကန်ပက်လက်၊ ပုဂံ၊ အင်းလေး၊ ကလောနှင့် မန္တလေးမြို့များသို့ မော် တော်ယာဉ်များ ငှားရမ်း၍ ၂ ပတ်ကြာ လည်ပတ်မည် ဖြစ်သည်။
ဒုတိယ အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်တွင် မန္တလေးသို့ လေယာဉ်ဖြင့် ရောက်ရှိကာ မန္တလေးမှ အင်းလေး၊ ပင်းတယ၊ က လော၊ ပုဂံ၊ ကန်ပက်လက်၊ မကွေး၊ ပြည်၊ ငပလီနှင့် ရန်ကုန်မြို့သို့ သွားရောက်ကြမည်ဟု အကြမ်းဖျင်း သိရသည်။
ရခိုင်ပဋိပက္ခများကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှ စကာ အနောက် ဥရောပနိုင်ငံများမှ ခရီးသွား ဝင်ရောက်မှု သိသိသာ သာ ကျဆင်းသွားခဲ့မှာ ယနေ့အထိ ဖြစ်ကြောင်း ပြည်တွင်းရှိ ခရီးသွားကဏ္ဍ လုပ်ကိုင်နေသူများထံက သိရသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “အခုထိ မြန်မာ့ခရီးသွားကဏ္ဍက ထင်သ လောက် တက်မလာသေးဘူး။ အထူးသဖြင့် အနောက်ဥရောပ ခရီးသွား ဝင်ရောက်မှုက ကျနေတုန်းပဲ။ အဲဒီလိုအချိန်မှာ အခုလို အစီအစဉ်မျိုးနဲ့ ကိုယ့်နိုင်ငံကို ရက်ရှည် လာလည်ကြတာ ကောင်းတဲ့ လက္ခဏာတခုပါပဲ” ဟု ဧရာဝတီကို ပြော သည်။
ထို့ပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက မြန်မာနိုင်ငံအကြောင်းအား အနောက် ဥရောပ နိုင်ငံများ အထိ သွားရောက်ကာ ဈေးကွက်မြှင့်တင်ခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီး ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ထိုသို့ လုပ်ကိုင်ရန်အတွက်မူ အကန့်အသတ်များ ရှိနေသည်ဟု ၎င်းက အကြံပြုသည်။
ထို့အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ သံရုံးများနှင့် ချိတ်ဆက်ကာ အဆိုပါ နိုင်ငံများသို့ ခရီးသွားလာရေး မြှင့်တင်ရေးပွဲများ ပြုလုပ်ခြင်း၊ ကြေညာ ဆိုင်းဘုတ်များ၊ မီဒီယာ၊ ဝက်ဘ်ဆိုက်များတွင် ကြေညာခြင်း၊ Public Awarness များ ပြုလုပ်သင့် သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်က အနောက်ဥရောပ ခရီးသွားအရေအတွက် ၂ သိန်းခွဲနီးပါး ဝင်ရောက်ခဲ့သော်လည်း ရခိုင် အရေးကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ခရီးသည်ဦးရေ ၁ သိန်း ၈ သောင်းကျော် ဝင်ရောက်ခဲ့ရာ အနောက်ဥရောပ ခရီး သွား ဝင်ရောက်မှုသည် ၂ နှစ် အတွင်း ခရီးသည် အရေအတွက် ၇ သောင်းခန့် ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။