ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအထက်တန်းကျောင်းမှ ပြုလုပ်ထားသည့် ကျောင်းပဒေသာပင် ၇ ခုမှ ငွေကျပ် ၂၃ သိန်းကျော် တန်ဖိုးရှိ အလှုငွေ ပိုက်ဆံများ ဖြုတ်ခိုးခံရမှု နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကျောင်းကထိန်ခင်းရန် ငွေကျပ် ၄၂ သိန်းကျော်ဖိုးကို ငွေပဒေသာပင် ပြုလုပ်ထားခဲ့ကြောင်း၊ ထိုထဲမှ ငွေကျပ် ၂၃ သိန်းကျော်တန်ဖိုးရှိ ငွေစက္ကူများကို ကျောင်းတံခါးကို ဖျက်ဆီးပြီး ဝင်ရောက် ခိုးယူသွားခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။
ရွှေမြင်တင်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဟန် က “ကျောင်းသားကျောင်းသူလေးတွေက နေ့ခင်းတုန်းက ပဒေသာပင်သီးပြီး ညနေကျတော့ အခန်းထဲမှာ သော့ခတ်ပြီးထားခဲ့တာ။ ကျောင်းစောင့်က စောင့်နေရင်းနဲ့ အိပ်ချင်လာလို့ ကျောင်းဝိုင်းထဲက သူ့အိမ်မှာ ခဏပြန်အိပ်တယ်။ ည ၂ နာရီလောက်မှာ ပြန်လာတော့ မရှိတော့ဘူး။ ဒါကြောင့် ကျမတို့ကို လာအကြောင်း ကြားလို့ သိရတာ”ဟု ဧရာဝတီကို ပြောသည်။
ပဒေသာပင်မှငွေများ ဖြုတ်ခိုးခံရမှုနှင့် ပတ်သက်၍ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များမှာ အခင်းဖြစ်ပွားရာ ရွှေမြင်တင်ကျေးရွာ အထက်တန်းကျောင်းသို့ လာရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ပဒေသာပင် အခိုးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေး နေပြီးတော့ တရားခံများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ရွှေမြင်တင်အထက်တန်းကျောင်းမှာ ပဒေသာပင်မှငွေများ အခိုးခံရသော်လည်း နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွှေမြင်တင် ကျေးရွာရှိ နိဂြောဓာရုံ ဘုန်းတော်ကြီးကျောင်းတွင် ကထိန်ခင်း၍ အလှူလုပ်ရန် ပြင်ဆင်ထားသည့် မူလအစီအစဉ်အတိုင်း ကျန်ရှိသည့်ငွေများဖြင့် ဆက်လက်ဆောင်ရွက် လှူဒါန်းခဲ့ကြောင်း သိရသည်။