နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ သွားရောက်သည့် မန္တလေးတိုင်း မိုးကုတ်မြို့ ခရီးစဉ် အတွင်း ကျောက်မျက်လုပ်ကွက်နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သူ ၆ဦးကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ် မြို့မရပ်ရှိ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော်ကျောင်း တိုက် ဓမ္မ ဗိမ္မာန် ဖွင့်ပွဲသို့တက်ရောက်လာစဉ် ဒေသခံ၆ဦးက ကျောက်မျက်လုပ်ကွက်ကိစ္စနှင့်ပတ်သက်၍ ဆန္ဒ ကြခြင်းဖြစ်သည်။
မိုးကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်ဝင်းက “သူတို့ကို မဖမ်းပါဘူး၊ ဒီအတိုင်းခေါ်ပြီး မေးမြန်းတာပါ၊ အားလုံးကို ပြန်လွှတ်လိုက်ပါပြီ၊ ကျနော်တို့် မေးမြန်းတာပဲလုပ်ခဲ့တာပါ၊ ဘာမှမလုပ်ခဲ့ပါဘူး”ဟု ဆိုသည်။
ဆန္ဒဖော်ထုတ်ခဲ့ကြသူများမှာ မိုးကုတ်မြို့ခံ ဦးစိုးဌေး၊ ကိုဇော်ဝင်း၊ ကိုကျော်တင်၊ ကိုမျိုးထက်ဇော်၊ ကိုဇော်မျိုး အပါအဝင် ၆ ဦးဖြစ်ပြီး ၎င်းတို့ကို မွန်လွဲ ၂ နာရီခန့်တွင် မြို့မရဲစခန်းက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
“ကျနော်တို့က အမေစုနဲ့ တွေ့ဖို့ ခွင့်တောင်းတာက မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ကွက်တွေနဲ့ပတ်သက်ပြီး တင်ပြဖို့ပါ၊ ဒါကြောင့် ကျနော်တို့ လိုအပ်ချက်တွေကို ကတ်ထူစာရွက်တွေပေါ်မှာ ရေးပြီး ကိုင်ဆောင်ခဲ့ကြတာ၊ စစ်ဆေး မေးမြန်မယ်ဆိုပြီး စခန်းကို စာရွက်ကိုင်တဲ့သူတွေ အကုန်လုံးခေါ်သွားတာပါ”ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးစိုးဌေးကပြောသည်။
ဆန္ဒဖော်ထုတ်ရခြင်းမှာ မိုးကုတ်မြို့ဒေသခံလက်လုပ်လက်စားများအား ချထားပေးမည့် ကျောက်မျက်လုပ်ကွက်များမှာ ကျောက်မထွက်သည့် နေရာများဖြစ်သည့်အတွက် တရားမျှတမှုရှိသည့် သယံဇာတ စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေး အတွက် ဖြစ်ကြောင်းသိရသည်။
ထို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား မိုးကုတ်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ပါစေ ၊ ကျောက်မျက်လုပ်ကွက်များ တရားမျှတစွာ ချထားပေးရေး ၊ လုပ်ကွက်များ ချထား ဆောင်ရွက်ရာတွင် ဒေသနေ ပြည်သူများ ၏ သဘောဆန္ဒတို့အားရယူပေးရေး ၊ မိုးကုတ်ဒေသ နေပြည်သူများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံခွင့်ရရှိရေး အစရှိသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်မှာ မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် စာသင်တိုက်ဝင်း အတွင်း၌ တည်ဆောက် ပြီးစီးသွားသည့် ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော် သာသနာ့ဗိမာန်တော် ဖွင့်ပွဲနှင့် ရေစက်ချအခမ်းအနားသို့ တက်ရောက်ခြင်းဖြစ်သည်။
ညောင်သုံးပင် ပရိယတ္တိသာမဏေကျော်ကျောင်းတိုက်ကို သံဃမဟာနာယကအဖွဲ့ (တွဲ ဖက်အကျိုးတော်ဆောင်) ညောင်သုံးပင်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟောသဒ္ဓမ္မဇောတိဘ၊ ဓမ္မကထိက ဗဟုဇန ဟိဓရ ဒေါက်တာ ရှင်တေဇောသာရာဘိဝံသက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သာမဏေကျော်များမွေးထုတ်ပေးလျက်ရှိသလို ပရိယတ္တိစာပေးများလည်း သင်ကြားပို့ချလျက်ရှိသော ကျောင်းတိုက်ကြီးတခုဖြစ်ပြီး အသစ်တည်ဆောက်ထားသည့် ရှင်အပါး တထောင် ဓမ္မဗိမ္မာန်တော်သည် မိုးကုတ်မြို့တွင် အကြီးဆုံးသောဗိမ္မာန်အဆောက်အဦးဖြစ်ကာ ဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိုးကုတ်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်မည်