မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း၌ ကျပ်သိန်း ၃၀၀ အောက် အကွက်ရိုက် မြေကွက်များ အရောင်းအဝယ် ပြန်လည်ဖြစ်နေပြီး အထူးသဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အကွက်ရိုက်မြေကွက်များ ပို၍ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အရောင်းအဝယ်ဖြစ်နေသည့် အကွက်ရိုက် ဈေးကွက်အရ ၁၅ပေ × ပေ၄၀၊ ပေ ၃၀× ၄၀၊ ပေ ၄၀×၆၀၊ ပေ ၄၀×၄၀ မြေကွက်များကို လူလတ်တန်းစားများက ကိုယ်တိုင်နေထိုင်ရန် ဝယ်ယူမှု ပိုများပြီး ရင်းနှီးမြုပ်နှံသူ အနည်းငယ် သာရှိကြောင်း သိရသည်။
“အကွက်ရိုက် ရောင်းတာတွေက ပုသိမ်ကြီးမြို့နယ်ထဲမှာ အများဆုံးပဲ၊ အစိုးရကလည်း လယ်မြေတွေကို အကွက်ရိုက် ရောင်းချပြီး လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် မလျှောက်ဘဲ အဆောက်အအုံ ဆောက်နေတာတွေကို ဖမ်းဆီး အရေးယူတာရှိပေမယ့် သိန်း၅၀ ကနေ သိန်း ၁ဝဝ ဝန်းကျင်လောက်ပဲ ဈေးကရှိတော့ အဲဒီလောက်ဈေးက မြို့ထဲမှာ အိမ်ငှားနေရင် တနှစ်စာလောက်ရှိတယ်၊ ဒီတော့ တနှစ်လောက် နေရလဲ မဆိုးဘူးဆိုတဲ့အတွေးနဲ့ ဝယ်နေကြတာ များလာတာပါ”ဟု ပုသိမ်ကြီးမြို့နယ် အတွင်းက အိမ်ခြံမြေပွဲစား ကိုအောင်ဆွေဝင်းက ပြောသည်။
အကွက်ရိုက် ရောင်းချမှုများကို ပုသိမ်ကြီးမြို့နယ် အတွင်းရှိ နွယ်နီ၊ ကျွဲရေးကုန်း၊ မဲခင်းကုန်း၊ တဲကုန်း၊ ဆင်ရွာကြီး၊ ရေထွက်၊ နန်းဦးလွင်၊ သလဲကုန်း၊ သန်းမတော၊ လက်ကောင်း၊ အုန်းချောကျေးရွာများတွင် ပြုလုပ်နေကြပြီး အနည်း ဆုံး ငွေကျပ် သိန်း ၄၀ ခန့်ဖြင့် ဝယ်ယူနေထိုင်၍ ရကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါကဲ့သို့ အကွက်ရိုက် ရောင်းချမှုများကို အရေးယူမှုများ ပြုလုပ်လျက် ရှိသော်လည်း လယ်ယာမြေ အကွက်ရိုက် ရောင်းချခြင်းများ ရှိနေဆဲဖြစ်ပြီး မြင့်တက်လာသည့် အိမ်အငှားဈေးနှုန်း များကြောင့် နေထိုင်စရာ အခက်အခဲရှိနေကြသူ အများစု ဝယ်ယူနေထိုင်ကြခြင်းကြောင့် အကွက်ရိုက်မြေများ အရောင်းအဝယ်ဖြစ်နေရခြင်းဟု သိရသည်။
“ကျနော်တို့ ဝယ်ယူတဲ့ ပုံစံကတော့ အရပ်စာချုပ်နဲ့ပေါ့၊ အကွက်ရိုက်ထားတာတွေကို နေစရာမရှိတော့လည်း ဝယ်နေ ရတာပဲလေ၊ ပိုင်ဆိုင်မှုအတွက် ခိုင်မာမှုမရှိဘူးဆိုတာ သိပေမယ့်လည်း အိမ်ငှားခတွေက မြို့ထဲမဟုတ်ဘဲ မြို့သစ်ဘက် က ရပ်ကွက်တွေမှာတောင် ရေဖိုး မီးဖိုးမပါသေးဘဲ အနည်းဆုံး ၆သောင်းလောက်ဖြစ်နေပြီ၊ အနည်းဆုံး ၆လစာ လောက်တင်မှ ရတာ၊ အဲဒီတော့ အိမ်ငှားနေတာထက်စာရင် ကိုယ်ပိုင်လေးနေရတာမဆိုးဘူးဆိုတာလေးနဲ့ အပိုင်ဝယ် နေရတာပါ”ဟု ပုသိမ်ကြီးမြို့နယ်၊ နွယ်နီကျေးရွာရှိ အကွက်ရိုက်မြေကွက်ဝယ်ယူနေထိုင်သူတဦးက ပြောသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း လယ်ယာမြေများ အကွက်ရိုက်အရောင်းအဝယ်ပြုလုပ်နေမှုများနှင့် အဆောက်အအုံ ဆောက်လုပ်ခြင်းများကို၂၀၁၈ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက သွားရောက်၍ စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ပြီး စက်ယန္တရား များကို သိမ်းဆည်းခဲ့သလို လယ်ယာမြေပေါ်၌ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်နေသူ ၂၁ဦးကို ဖမ်းဆီးအရေးယူ တရားစွဲဆိုခဲ့သည်။
ထိုအတွက် မန္တလေး မြေဈေးကွက်အတွင်း ကာလကြာရှည်စွာ ဝယ်လက်ပျောက်ခဲ့ခြင်းကြောင့် အရောင်းအဝယ်များ သိသိသာသာ ကျဆင်းလာခဲ့ရာက ယခုနှစ်ဆန်းပိုင်း အတန်အသင့် အရောင်းအဝယ်ပြန်ဖြစ်လာခဲ့ပြီး ယခုအခါ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့သည့် ရာဖြတ်ဈေးနှုန်းများသည် အချို့နေရာများ၌ ယခင်နှစ် ရာဖြတ်တန်ဖိုးထက် ၇၀ ရာခိုင်းနှုန်းအထိ မြင့်တက်လာသလို အချို့နေရာများတွင် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နေခြင်းကြောင့် အရောင်းအဝယ်ဈေးကွက် ပြန်၍ အေးစက်သွား ကြောင်း မန္တလေးမြို့ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များထံမှသိရသည်။
“ပြည်ထောင်စုအစိုးရက အခွန်နှုန်းထားတွေ လျှော့ချလိုက်တဲ့အတွက် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကောင်း လာမယ်လို့ ခန့်မှန်းခဲ့ကြတာ၊ တိုင်းဒေသကြီးအစိုးရက သတ်မှတ်တဲ့ ရာဖြတ်နှုန်းထားတွေကြောင့် အရောင်းအဝယ် ထင်သလောက် ဖြစ်မလာဘူး၊ ဒါပေမယ့်လည်း အခွန်နှုန်းထားများလျော့ကျမှုကြောင့်တော့ အခုဆိုရင် အရင်က အရောင်းအဝယ်လုပ်ထားပြီး SP/GP တွေ ကိုင်ထားကြတဲ့မြေကွက်တွေ အခွန်ဆောင်လာကြတာလည်း တွေ့လာ ရပါတယ်”ဟု ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝဏ္ဏစိုးက ပြောသည်။
အိမ်ခြံမြေနှင့်ပတ်သက်၍ အခွန်နှုန်းထား သတ်မှတ်မှုမှာ ယခင်က တစ်ကျပ်မှ သိန်း၃ဝဝ အထိ အခွန် ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁ဝဝဝ အထိ အခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝ အထက် အခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ယခုအခါ တစ်ကျပ်မှ ကျပ်သိန်း ၁ဝဝဝအထိ အခွန် သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၁ဝဝဝမှ ကျပ်သိန်း ၃ဝဝဝ အထိ အခွန် ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝဝ မှ ကျပ်သိန်းတစ်သောင်း အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းမှ ကျပ်သိန်း ၃သောင်းအထိ အခွန် ၁၅ ရာခိုင်နှုန်း ကျပ်သိန်း ၃ သောင်းအထက် အခွန် ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ပြည်ကြီးတံခွန်မြို့နယ် အရှေ့ ခြမ်း၊ ချမ်းမြသာစည်မြို့နယ်အရှေ့ ခြမ်းနှင့် အမရပူရမြို့နယ်များတွင်လည်း ကျပ်သိန်း ရာဂဏန်းသာရှိသည့် မြေကွက်များကို အမှန်တကယ်နေထိုင်မည့်သူများ ဝယ်ယူမှုများပြားလာကြောင်း၊ မြရည်နန္ဒာမြို့သစ် အပိုင်းနှင့် (၅၀၊ ၅၁၊ ၅၂ လမ်း) လမ်းအပိုင်းများရှိ မြေကွက်များ ရောင်းချလိုမှု မြင့်တက်နေပြီး လမ်းမတန်း မြေကွက်များမှာ ကျပ်သိန်း ၂၀၀၀ အထက် ဈေးပေါက်လျက်ရှိကြောင်း၊ ကြားကွက်များမှာ ကျပ်သိန်း ၈၀၀မှ ၁၈၀၀ခန့်အထိ ဈေးရှိသည်ဟု အိမ်ခြံမြေ ဝယ်/ ရောင်းများထံမှ သိရသည်။
အိမ်ခြံမြေနှင့် သက်ဆိုင်နေသည့် မူဝါဒများ တည်ငြိမ်ခိုင်မာလာလျှင် ဈေးနှုန်း လှုပ်ခတ်မှုနည်းပါပြီး ဈေးကွက် ပြန် လည် တည်ငြိမ်လာနိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်များသည် ယခင်နှစ် အခြေအနေဖြင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၅၀ ကျော်ကျဆင်းသွားကြောင်း သိရသည်။
ယခုအခါ မန္တလေးမြို့အတွင်းရှိ အခြေကျပြီးဖြစ်သည့် မြို့သစ်ရပ်ကွက်ကြီးများနှင့် ဆက်စပ် ဧရိယာအဝန်း အဝိုင်းတွင်လည်း အလားအလာကောင်းများ ရှိနေသဖြင့် လာမည့်ကာလတွင် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူများလာနိုင်ကြောင်း၊ ထို့အပြင် ၅၈ လမ်းမှ ၇၃ လမ်းအကြား၊ သိပ္ပံလမ်းမှ မန္တလေး-လားရှိုးရထားလမ်းအကြား ဧရိယာအတွင်း၌ မြို့ပြဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များဖြင့် အခြေကျနေပြီဖြစ်သလို အနီးဝန်းကျင်၌ တည်ဆောက်ဆဲ စီမံကိန်းများရှိနေခြင်းကြောင့် မန္တလေး အိမ်ခြံ မြေဈေးကွက်အတွက် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ခြေရှိသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သုံးသပ်ထားကြသည်။
You may also like these stories:
အိမ်ခြံမြေ ဥပဒေ ပြဌာန်းနိုင်ရေး ကြိုးပမ်း
နေပြည်တော်တွင် မြေကွက်ဝယ်နိုင်ရေး ချေးငွေထုတ်ပေးရန် စည်ပင်က စီစဉ်နေ