ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေရဲစခန်းရှိ အချုပ်ခန်းအတွင်းမှ အချုပ်သား ၃ ဦးမှာ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၂ နာရီခန့်က အချုပ်ခန်းဖောက်၍ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ၃ ဦးမှာ ရဲတပ်ဖွဲ့က ခိုးမှုဖြင့်ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးနေသည့် နောင်နော်၊ ဇော်ဇော်လှိုင် (ခ) မိုးကြီးသားနှင့် ရဲဇော်တို့ ဖြစ်သည်။
၎င်းတို့သည် ယနေ့ နံနက်ပိုင်းက အချုပ်ခန်းအားဖောက်၍ ထွက်ပြေးသည့်အတွက် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း နောင်နော်နှင့် ဇော်ဇော်လှိုင် (ခ) မိုးကြီးသားတို့ကို ပြန်လည်ဖမ်းမိခဲ့သော်လည်း ရဲဇော်ဟူသည့်အချုပ်သားမှာ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ပြည့်ဖြိုးမြင့်က “အချုပ်သား ၃ ဦး ထွက်ပြေးလို့ ကျနော်တို့ ပြန်လည်ဖမ်းဆီးရာမှာ နာရီပိုင်းအတွင်း ၂ ဦး ပြန်ဖမ်းမိခဲ့ပါတယ်။ ကျန် ၁ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်လို့ ဖမ်းဆီးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အချုပ်ခန်းဖောက်၍ အချုပ်သားများ ထွက်ပြေးမှုမှာ ပုသိမ်မြို့တွင် ပထမဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အချုပ်သားများ ထွက်ပြေးသည့်အတွက် ယမန်နေ့ ညပိုင်းက နယ်မြေရဲစခန်းတွင် ကင်းစောင့်ရန် တာဝန် ပေးအပ်ခြင်းခံရသည့် တပ်ကြပ်ကြီးအဆင့်ရှိ ကင်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးနေပြီး ပုသိမ်မြို့မရဲစခန်းတွင် ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က အချုပ်ကျနသေည့် တရားခံ ၃ ဦးမှာ အချုပ်ခန်းဖောက်၍ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ၃ ဦးစလုံး ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
You may also like these stories:
ပုသိမ်မြို့ ရွှေမြင်တင် အထက်တန်းကျောင်း ပဒေသာပင် ဖြုတ်ခိုးခံရ
ပုသိမ်ဘုရားပွဲတွင် ရဟန္တာပင့်ဆောင်ရာမှ လူတဦး ဓာတ်လိုက် သေဆုံး