လူစည်ကားရာ နေပြည်တော် ရေပန်းဥယျာဉ်ထဲတွင် တွေ့ရှိသည့် မိုင်းဟုယူဆရသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းမှာ ယမ်းပါဝင်ခြင်းမရှိဘဲ မိုင်းအတုသာ ဖြစ်ကြောင်း ဇမ္ဗူသီရိ အမှတ် ၁ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
ဇမ္ဗူသီရိ အမှတ် ၁ နယ်မြေရဲစခန်းတွင် ခေတ္တ စခန်းမှူး တာဝန်ယူထားသည့် ဒုရဲအုပ်ကျော် ညွှန့်က “အဲ့ဒါက မိုင်းမဟုတ်ဘူး။ အတုပေါ့နော်။ လူတွေလည်း အထိပ်တလန့် ဖြစ်စေမှာ စိုးလို့ပါ။ အတုဆိုတာက မိုင်းပုံစံလေး လုပ်ထားတော့ပေါ့။ ယမ်းတွေ ဘာတွေတော့ မပါဘူးပြောတယ်။ သူတို့က ပြန်စစ်နေတုန်းပေါ့။ မိုင်းတော့ မဟုတ်ဘူး။ စစ် တော့ဘာမှတော့ မပါဘူး” ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ ည ၇ အချိန်ဝန်းကျင်ခန့်က ရေပန်းဥယျာဉ်၊ ရေပန်းအဝိုင်းအနီး ဗိုလ်ကတော်မျက်ခုံးပင်တန်း အောက်၌ တွေ့ရှိခြင်းဖြစ်ပြီး အဆိုပါပစ္စည်းမှာ အလျား ၆ လက်မ၊ အနံ ၃ လက်မခန့် အရွယ်ရှိသော အဝါရောင် တိပ်ဖြင့် ကပ်ထားသည့် ဝါယာကြိုးများပါဝင်သော ယင်းပစ္စည်းကို တွေ့ရှိခဲ့ကြောင်း အမှတ် ၁ ရဲစခန်းမှ သိရသည်။
“ရေပန်းက ဝန်ထမ်းတဦး ပတ်ရင်းနဲ့ ရေပန်းအစောင့်က တွေ့တာပါ။ တွေ့ရင်းနဲ့ အကြောင်းကြားလို့ ကျနော်တို့ သက်ဆိုင်ရာ တွေနဲ့ သွားပြီးတော့သွားပြီး စစ်ဆေးတာပေါ့” ဟု ဒုရဲအုပ်ကျော်ညွှန့်က ဆိုသည်။
ယခုတွေ့ရှိသည့် ပစ္စည်းကို မည်သူ၊ မည်ဝါ လုပ်ကြောင်း နှင့် ပြည်သူများ အထိပ်တလန့် ဖြစ်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းမျိုး ဟုတ်မဟုတ် အစရှိသည်များကို သိရှိရန်အတွက် မူခင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒုရဲအုပ်ကျော်ညွှန့်က ဆိုသည်။
နေပြည်တော်တွင် ရုံးပိတ်ရက်များနှင့် အခါကြီး၊ ရက်ကြီးနေ့များတွင် လူအစည်ကားဆုံးနေရာတွင် ရေပန်းဥယျာဉ်လည်း ပါဝင်ပြီး ယခု မသင်္ကာဖွယ် ပစ္စည်း တွေ့ရှိသည့်ရက်မှာ တန်ဆောင်တိုင် ရုံးပိတ်ရက် ကာလဖြစ်သဖြင့် လူအများ စည်ကား နေချိန်လည်း ဖြစ်သည်။
ရေပန်းဥယျာဉ်သို့ ဧည့်သည်ဝင်ရောက်မှုမှာ အခါကြီးရက်ကြီး လူစည်ကားသည့် နေ့များတွင် တရက်လျင် သိန်းတရာ ကျော် အထိရရှိပြီး မိုးရာသီဖြစ်ပါက တရက်လျင် ဆယ်သိန်းဝန်းကျင်သာ ရရှိသည်ဟု နေပြည်တော် စည်ပင်သာ ယာရေး ကော်မတီမှ သိရသည်။
ရေပန်းဥယျာဉ်ကို တည်ဆောက်ထားသည်မှာ ၁၀ နှစ် ဝန်ကျင်းရှိပြီ ဖြစ်သဖြင့် အဆင့်မြင့် ခေတ်မီ ပန်းဥယျာဉ် ဖြစ်လာ စေရန်အတွက် ရည်ရွယ်၍ ယခုအချိန်တွင် ပုဂ္ဂလိကသို့ လွဲပြောင်းရန်ပြုလုပ်နေသည်ကိုလည်း စည်ပင်သာယာ ရေးကော် မတီမှ သိရသည်။
နေပြည်တော် ရေပန်းဥယျာဉ်ထဲသို့ သွားရောက်ပါက လက်ရှိကောက်ခံနေသည့် ဝင်ကြေးမှာ လူကြီး ၇၀၀ ကျပ် ၊ ကလေး ၅၀၀ ကျပ်၊ ဆိုင်ကယ် တစီး ၂၀၀ ကျပ်၊ အိမ်စီးကား ၅၀၀ ကျပ်နှင့် ယာဉ်ကြီးများကို ၁၀၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ လက်ရှိ ရေပန်းဥယျာဉ်တွင် တာဝန်ထမ်းဆောင်နေသူ စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများဖြစ်သည့် အမှုထမ်း၊ အရာထမ်း ၁၁ ဦးနှင့် နေ့စား လုပ်သား ၆၇ ဦး ရှိကြောင်းလည်း ယင်းကော်မတီမှ သိရသည်။
ဗမ္ဗူသီရိမြို့နယ် နယ်မြေ ၁၀ မှ ဒေါ်ကေသွယ်စိုးက “ကလေးတွေ ကျောင်းပိတ်ရက်တွေဆို ထမင်းချိုင့်တွေ၊ စားစရာတွေ ထည့်ပြီး ရေပန်းထဲ သွားတာ။ အခြားလည်းသွားစရာ မရှိဘူးလေ။ အခုအဲ့ဒါမျိုးတွေ တွေ့တယ်ဆိုတော့ ကိုယ့်ခလေး တွေ လည်း စိတ်မချရတော့ဘူးပေါ့” ဟုပြောသည်။
နေပြည်တော်တွင် နေ့၊ ည မပျက် လှည့်ကင်းများရှိကြောင်း၊ တရားဥပဒေ စိုးမိုးရန်အတွက် ဆက်တိုက် ဆောင်ရွက်နေ သဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုးလည်း မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အခါကြီးရက်ကြီးနေ့မျိုးများ ဖြစ်ပါက လုံခြုံရေးတိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပျဉ်းမနားမြို့မ ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
ထိုသို့ ရဲစခန်းသို့ သတင်းပေးလာရောက်ပြောသဖြင့် ည ၇ နာရီ ၂၅ မိနစ်အချိန်ခန့့်တွင် အခင်းဖြစ်ရာနေရာသိ့ု နေပြည် တော်နယ်စပ်ရေးရာနှင့် လုံခြုံ ရေးဝန်ကြီးဗိုလ်မှုးကြီးမင်းနောင်၊ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှုးကြီးအောင်မြတ်စိုး၊ ခေတ္တ နေပြည်တော်ရဲမှူးကြီး ခင်မောင်သော်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး သန်းထွန်းအောင်၊ စအရ (၉၂၀)မှ ဒုတိယဗိုလ်မှူးကြီး အောင်နိုင်ထူး၊ ခမရ (၄၁၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကိုကို၊ ရကဖ (၁)မှ ဒုတိယရဲမှူးကြီး မြင့်ကျော်၊ နပရအကူ တပ် ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးး မျိုးမင်းအောင်၊ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဖုန်းမြင့်နှင့် ဇမ္ဗူသီရိမြို့နယ်ရဲ တပ်ဖွဲ့ မှူး ရဲမှူးမြင့်င့်နိုင်နှင့် စည်ပင်သာယာရေးရဲတပ်ဖွဲ့မှ ရဲမှူးသန်းကျော်တို့ရောက်ရှိပြီး တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မိုင်းရှာခွေးများဖြင့် သွားရောက် စစ်ဆေးခဲ့သည်ဟုလည်း ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
နေပြည်တော်အပါဝင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဖောက်ခွဲဖျက်စီး၊ အကြမ်းဖက်မှုများပြုလုပ်မည် ဟုပြီးခဲ့သည့် လ များအတွင်း သတင်းများထွက်ပေါ်ခဲ့ပြီး လုံခြုံရေးအစီအမံများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဒုရဲအုပ်ကျော်ညွှန့်မှ တရားလိုပြုလုပ်တိုင်းတန်းခဲ့ပြီး အမှတ်၁ မြို့မစခန်းမှ (ပ) ၂၃၇/၂၀၁၉၊ ပေါက်ကွဲစေတက်သော ဥပဒေပုဒ်မ ၅/၆ ဖြင့််၂၀၁၉ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီကျော် အချိန်၌ အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။