လာမည့်နှစ်မှ စတင်၍ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးသည့် အခါ မိမိယာဉ်၊ မိမိအမည်ပေါက် မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ၏ ထုတ်ပြန်ချက်ကြောင့် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း ကားဈေးကွက် အတွင်းက သိရသည်။
ယင်းသို့ ထုတ်ပြန်ရခြင်းမှာ မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များ၏ ပိုင်ရှင်၊ အမည်၊ နေရပ်လိပ်စာ တိကျ မှန်ကန် ရေး အတွက်၊ နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် စည်းကမ်းဥပဒေနှင့် ညီညွတ်သည့် မော်တော်ယာဉ်များ ဖြစ်စေရေး၊ ရှေ့ဆက် ဆောင်ရွက်မည့် ရေဒီယို ကြိမ်နှုန်းလှိုင်းများကို အသုံးပြုပြီး ခြေရာခံ ထောက်လှမ်းခြင်း၊ မော်တော် ယာဉ်မှတ်ပုံတင်ခြင်း၊ စီမံခန့်ခွဲခြင်း အစရှိသည့် အီလက်ထရွန်းနစ် ကြိုးမဲ့နည်းပညာ တခုဖြစ်သည့် (Radio frequency identification-RFID) စနစ်နှင့် ချိတ်ဆက်နိုင်ရေးအတွက် အရေးပါခြင်းကြောင့် ဆောင်ရွက်ရခြင်းဟု သိရသည်။
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်က “လက်ရှိ မှာတော့ အသိပေး ထုတ်ပြန် ကြေညာတာပေါ့။ ဘယ်လိုတွေ လုပ်ဆောင်ရမယ်ဆိုတာမျိုးကိုတော့ ရုံးချုပ်ကနေ တရားဝင် စာထွက်မလာသေးတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ အပြောင်းအလဲ တခုဖြစ်တိုင်း စိုးရိမ်စိတ်တွေ ရှိကြတာ မဆန်းတော့ပါဘူး။ မကြာခင်မှာတော့ တရားဝင် ညွှန်ကြားချက် ထွက်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ယာဉ်လိုင်စင်ကို ပြောင်းလဲပေးခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင် အမည်ကိုသာ ပြောင်းလဲပေးမည် ဖြစ်ပြီး ပြောင်းလဲရာတွင် လက်ဝယ်ရှိသူပိုင်ရှင်၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက် ထောက်ခံစာများဖြင့် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးများတွင် သတ်မှတ်အခွန်ပေးဆောင်၍ ပြောင်းလဲ ရမည်ဟု သိရ သည်။
၂၀၂၀ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ မော်တော်ယာဉ် မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမည်ပေါက် ယာဉ် ပိုင်ရှင် ကိုယ်တိုင် (သို့မဟုတ်) အမည်ပေါက် ပိုင်ရှင်၏ နိုင်ငံသား စိစစ်ရေးကတ် မူရင်း၊ အိမ်ထောင်စု စာရင်းမူရင်းများဖြင့် တိုက်ဆိုင်စိစစ်ပြီးမှ လုပ်ဆောင်ပေးမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လမ်း ၆၀ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဦးတိုးကြီးက “ကားကို သက်တမ်းတိုးရင် အခွန်ဆောင်ရမယ်ဆိုတာကိုတော့ ကျနော်တို့ လက်ခံပါတယ်။ ဘာကို စိုးရိမ်တာလဲဆိုတော့ ကညန မှာ ယာဉ်စစ်လာတဲ့ကားတွေကိုပါ နာမည်ပေါက်စစ်မယ် ဆိုတာက ကျနော်တို့ကို အရောင်းအဝယ် မလုပ်ကြနဲ့တော့လို့ ပြောလိုက်သလိုပဲ။ လက်ရှိအခြေအနေအရ ကားတစီး အရောင်းအဝယ်ဖြစ်ဖို့ဆိုရင် ယာဉ်မှန် မမှန်စစ်ပြီး အရောင်းအဝယ်ဖြစ်ပြီးမှ ဝယ်သူရဲ့နာမည်ပေါက် လုပ်ခိုင်းတာမျိုးပဲ ဖြစ် သင့်တာ။ အခုက ယာဉ်စစ်လာတာနဲ့ အမည်ပေါက် မှန်မှ စစ်ပေးမယ် ဆိုတော့ ဘယ်လိုလုပ် အရောင်းအဝယ် ဖြစ်တော့ မလဲ” ဟု ပြောသည်။
ချမ်းအေးသာစံမြို့နယ်မှ ယာဉ်ပိုင်ရှင်တဦး ဖြစ်သူ ဦးကြည်စိုးကလည်း “လက်ဝယ်ရှိထားတဲ့ယာဉ်ကို ပိုင်ရှင်အမည်ပေါက် လုပ်တယ်ဆိုတာ အဓိက အခွန်လိုချင်တာပေါ့နော်။ ဒါကို ကျနော်တို့က လက်ခံတယ်။ အမည်ပေါက်လည်း ပြောင်းချင်ပါ တယ်၊ တခုပဲ စိုးရိမ်တာပါ၊ ဘာလဲဆိုတော့ လက်ရှိမှာ ယာဉ်အမည်ပေါက်ပြောင်းလဲမှုမှာ ယာဉ်လိုင်စင်က လက်ရှိ အတိုင်း သာဖြစ်တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ယာဉ်ပိုင်ရှင်ရဲ့နေရပ်လိပ်စာ အတိုင်း ယာဉ်လိုင်စင်ကိုပါ ပြောင်းရမှာမျိုးတော့ မဖြစ်ချင်ပါဘူး။ ဥပမာပြောရမယ်ဆိုရင် ယာဉ်လိုင်စင်က ရန်ကုန်လိုင်စင် ဖြစ်နေမယ်၊ ပိုင်ရှင်က နယ်ကဆိုရင် ကားကို နယ်လိုင်စင် ပြောင်းရတာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ဆိုသည်။
ယခုအခါ ကားဈေးကွက်အတွင်းရှိ ဝယ်ရောင်း ပြုလုပ်သူများနှင့် ပွဲစားများမှာ မိမိတို့ လက်ဝယ်ရှိသည့် ကားများအား မူလ အမည်ပေါက်ဖြင့်သာ ထားရှိပြီး အရောင်းအဝယ် ပြုလုပ်လေ့ရှိကာ ကညန ထုတ်ပြန်ချက်တွင် ပါရှိသည့် ယာဉ်မှန်၊ မမှန် စစ်ဆေးခြင်းအတွက် အမည်ပေါက် မှန်ကန်မှု မရှိပါက ယာဉ်စစ်ဆေးမှုကို ပြုလုပ်ပေးမည် မဟုတ်ဆိုသည့်အချက်ကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်သည်ဟု ဝယ်ရောင်း ပြုလုပ်သူများက ပြောဆိုသည်။
ဦးတိုးကြီးက “မူလပိုင်ရှင် အမည်ပေါက်နဲ့ပဲ အဓိက ဝယ်ရောင်းလုပ်ကြတာဆိုတော့ ကားကို မှန်မမှန် စစ်ဆေးတဲ့ အချိန် မှာ အမည်ဖောက်ရမယ် ဆိုတဲ့အချက်ကို လုံး၀ လက်ခံလို့ မရဘူး ဖြစ်နေတာ။ ဝယ်ရောင်းရော၊ ဝယ်မယ့်သူရော နာမည် မပေါက်သေးတဲ့ ကားတစီးကို စစ်တဲ့အခါ လာစစ်တဲ့သူရဲ့အမည်မပေါက်လို့ စစ်မပေးဘူး ဆိုမျိုးတော့ မဖြစ်သင့်ဘူး၊ မစစ်ရ သေးတဲ့ ကားကို အမည်ဖောက်ပြီးမှ ကားစစ်လို့ ကားက မမှန်ရင် ဘယ်သူ တာဝန်ယူမှာလဲ” ဟု ပြောသည်။
မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းဟု ဆိုရာတွင် ကနဦး မှတ်ပုံတင်ခြင်း၊ နှစ်လဲ သက်တမ်းတိုးခြင်း၊ ယာဉ်မှန်မမှန် စစ် ဆေးခြင်း၊ နယ်ဝင် နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်၊ ဆေး၊ ပြောင်းလဲခြင်း၊ မှတ်ပုံတင် အထောက်အထား ပျောက်ဆုံးများ ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပါက မိမိယာဉ်၊ မိမိအမည်ပေါက် မှန်ကန်ရန် လိုအပ်ပြီး တင်ပြနိုင် ခြင်း မရှိပါက ယာဉ်လက်ဝယ်ရှိသူ၏ အမည်သို့ ပြောင်းရန် ပြည်တွင်း အခွန်များဦးစီးဌာနတွင် ဝင်ငွေခွန် ပေးဆောင်စေ မည်ဟု သိရသည်။
ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုဖိုးသား က “အခွန် သက်သာသွားတဲ့ အတွက် ယာဉ်ပိုင်ရှင် အမည်ပေါက် ပြောင်းသင့်တယ် လို့ ထင်တယ်။ ပြီးတော့ ကျနော်က စိတ်ကြိုက်တွေ့ရင် ဝယ်တယ်၊ စီးတယ်။ အမြတ်ရရင် ပြန်ရောင်းတယ်။ ပြောချင်တာ က ကျနော် ကားအပြောင်းအလဲ လုပ်တိုင်း အမည်ပေါက် လုပ်ပေးမှာလား ဆိုတာကို သိချင်တယ်” ဟု ပြောသည်။
ကညန၏ ထုတ်ပြန်ချက်အရ အမည်ပေါက် မှန်ကန်ရေးအတွက် လုပ်ဆောင်ရာတွင် မူလပိုင်ရှင်များ၏ မှတ်ပုံတင်၊ သန်း ခေါင်စာရင်း ငှားရမ်း၍ သက်တမ်းတိုးခြင်းများ မရှိစေရန် လုပ်ဆောင်မှသာလျှင် နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြသာစည် မြို့ နယ်မှ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က “အရင်ကလည်း သက်တမ်းတိုးခါနီးရင် နာမည်ပေါက်တဲ့ သူဆီကနေ မှတ်ပုံတင်၊ သန်းခေါင်စာရင်းကို ထိုက်သင့်တဲ့ ငွေ ကြေးပေးပြီး ငှားခဲ့တာမျိုးတွေ ရှိတယ်။ အခုတော့ သက်သက်သာသာနဲ့အမည်ပေါက် ပြောင်းလို့ရပါတယ်၊ နောက်ပြီး အခွန်ဆောင်ဖို့လည်း မြို့နယ်ရုံးမှာပဲ ပြီးတယ်၊ ရာပြတ်ကို သွားစရာလည်း မလိုတော့ဘူး။ အစိုးရက အခုပေါ်လစီကိုချတာ က အခွန်အခကို ရချင်လို့ပေါ့နော်။ လိုချင်တဲ့ အခွန်အခရအောင် သေချာလုပ်ဖို့တော့ လိုတယ်”ဟု ပြောသည်။
ယခု ပြောင်းလဲကျင့်သုံးမည့် အစီအစဉ်ကို လာမည့်နှစ်များတွင်လည်း မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ယာဉ် အမည်ပေါက် ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် မိမိပိုင်ယာဉ်အား မိမိအမည် ပေါက်မှန်ကန်စေရေး အတွက် အခွန်သက်သာခွင့် ကန့်သတ်ကာလအတွင်း ယာဉ်ပိုင်ရှင်များ အားလုံး အလေးထား ပူး ပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်၌ တိုက်တွန်းျထား သည်။