နေပြည်တော်ရှိ၊ အမျိုးသားလွှတ်တော်အစည်းအဝေး တက်ရောက်ရန် ခရီးထွက်လာစဉ် ရက္ခိုင်စစ်တပ် (AA) ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြည်တွင်းရှိ ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံသား ၄ ဦး၊ စကားပြန်နှင့် စပိဘုတ်မောင်းသူ စုစုပေါင်း လူ ၁၀ ဦး
ပါဝင်သော အဖွဲ့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ထွက်ခွာလာစဉ် ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် AA အဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အတူလိုက်ပါခဲ့သူအားလံးကို AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို စစ်ဆေးမေးမြန်းရန်အတွက်ဟုဆိုကာ AA အဖွဲ့က ဖမ်းဆီးထိမ်းသိမ်းထားသည်မှာ ယနေ့အထိ
ဆိုလျှင် ၉ ရက် ရှိပြီဖြစ်သည်။
ကြေညာချက်ထုတ်ပြန်သည့် ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန် က “လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအတွက် ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်။ အခုဆို AA က သူ့ကို ဖမ်းဆီးထိမ်းသိမ်းထားတာ ၉ ရက်ရှိပြီ။ ဒါကြောင့် AA အနေနဲ့ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ကို ချင်းပြည်နယ်ရှိ ပလက်ဝ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ဟားခါးမြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များ၊ ဘာသာရေးဆိုင်ရာအဖွဲ့များ၊ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ကလေးမြိုအခြေစိုက် ချင်းလူငယ်အဖွဲ့များ၊ ချင်းကျောင်းသားအဖွဲ့များ၊ ချင်းအမျိုးသမီး အဖွဲ့များနှင့် ချင်းလူမှုကူညီရေးအဖွဲ့ပေါင်း ၄၃ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန်နှင့် ဦးဝှေ့တင်းအနေဖြင့် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများ ပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ပါရှိသည်။
ဆလိုင်းလျန်က “လက်နက်ကိုင်အဖွဲ့တခုခုကနေ အပြစ်မဲ့ပြည်သူတယောက်ကို ဒီလိုဖမ်းဆီးထိမ်းသိမ်းထားတာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုမြောက်နိုင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ AA အဖွဲ့ရဲ့ နိုင်ငံတကာမှာ ပုံရိပ်ကျဆင်း နိုင်တဲ့ အရာဖြစ်တဲ့အတွက် ဒီလိုမျိုး ပြည်သူတွေကို ဖမ်းဆီးထိမ်းသိမ်းတာ မလုပ်ဖို့နဲ့ ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။
မည်ည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှုမြောက်နိုင်ကြောင်းကို သတိပေးလိုကြောင်း၊ လူ့ အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာ လာစေမည့်အပြင် AA အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက်လုပ်ရပ်များအဖြစ် ပြည်သူများမှ မှတ်ယူသွား စေနိုင်ကြောင်း ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိမ်းသိမ်းထားမှုနှင့်ပတ်သတ်၍ AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
သို့သော်လည်း ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သော အင်တာဗျူးတွင် ခိုင်သုခ က “ဦးဝှေ့တင်း ကိုတော့ လုံခြုံရေးအရ စစ်ဆေးစရာတွေ ရှိသေးတဲ့အတွက် ဆက်ပြီးတော့ ထိမ်းသိမ်း ထားတာပါ။ ကျနော်တို့ ရက္ခိုင့်တပ်မတော်က လိုအပ်လို့စစ်ဆေးရင် လူတယောက်ကို နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ရပါဘူး။ ကျနော်တို့ ဒါကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ သူ့ကို စစ်ဆေးစရာရှိလို့ ထိမ်းသိမ်းထားတာမှာ လူ့ဂုဏ်သက္ခာနှင့်အညီ ကောင်းကောင်းမွန်မွန်ပဲ ထိမ်းသိမ်းထားပါတယ်”ဟု ပြောသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ကလည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည့် AA လက်နက်ကိုင်အဖွဲ့၏လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်းနှင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ဒေသခံ
၁၃ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အတည်ပြုပြောဆိုပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ကမူ AA အဖွဲ့မှ ဖမ်းဆီးထားသည့် ချင်းပြည်သူ ၈၂ ဦး ရှိနေကြောင်း ထုတ်ဖော်ပြောဆို ထားသည်။