ရက္ခိုင့်တပ်မတော် (AA) က ဓားစားခံအဖြစ် ထိန်းသိမ်းထားသည့် စစ်ဘက်နှင့် သက်ဆိုင်သည့် သူများနှင့် တပ်မတော်ဘက်က ဖမ်းဆီးထားသူများကို လဲလှယ်လိုကြောင်း AA အဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာလိုက်သည်။
ထိုအထဲတွင် “မြန်မာ့တပ်မတော်က ရခိုင်ဒေသအတွင်း အကြောင်း အမျိုးမျိုးပြကာ ပုဒ်မအမျိုးမျိုးတပ်၍ မတရား ဖမ်းဆီးထားသော အရပ်သားများ၊ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသော သူများကို ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးမည် ဆိုပါက ယခုစာရင်းပါ စစ်ဖက်နှင့် သက်ဆိုင်သော သူများအားလုံးကိုလည်း မိမိတို့ဖက်မှ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးရန် အသင့်ရှိပါသည်” ဟု ပါရှိသည်။
AA အားငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်သည်ဟုဆိုကာ အစိုးရဘက်က ဖမ်းဆီး တရားစွဲထားသူများ ထဲတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူတို့လည်း ပါဝင်လျှက်ရှိသည်။
ယင်းတောင်းဆိုချက်နှင့်အတူ ၎င်းတို့ဘက်က ဖမ်းဆီးထားသည့် ရဲနှင့် တပ်မတော်သားများ အပါအဝင် ၁၇ ဦးအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
AA ကြေညာချက်တွင် “နှစ်ဖက်အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နေသည့် အချိန်ကာလများတွင် ကြားဝင်စေ့စပ်ပေးနိုင်မည့်သူများရှိပါက အဆိုပါသုံ့ပန်းများကို အပြန်အလှန်လွှတ်ပေးရန် ဆန္ဒရှိကြောင်း” ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရခိုင်ဒေသအတွင်း AA အပေါ် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေသေးပြီး လက်နက်ကြီးများဖြင့် နေ့ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် စစ်မြေပြင်နှင့် စစ်ဆင်ရေး နယ်မြေများထဲမှ ဖမ်းဆီးရမိထားသော သုံ့ပန်းများမှာ လက်နက်ကြီး ကျည်များကြောင့် သေဆုံးသွားမည်ကိုလည်း စိုးရိမ်းကြောင်း အကြောင်းပြချက် ပေးထားသည်ကို တွေ့ရသည်။
AA က ပြန်လွှတ်ပေးရန် ကတိပြုထားသူများတွင် တပ်မတော်နှင့် ပူးပေါင်းကာ ၎င်းတို့၏ လှုပ်ရှားမှုများအား ဆန့်ကျင်လုပ်ဆောင်နေသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ချင်းပြည်နယ်၊ အမှတ် ၁၁၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပါဝင်ခဲ့ခြင်းမရှိပေ။
AA အနေဖြင့် ဦးဝှေ့တင်းအား ဖမ်းဆီသည့်လုပ်ရပ်အပေါ် ပြင်းထန်စွာရှုပ်ချကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေကြောင်း အာဏာရ NLD ပါတီက ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း NLD နှင့် ချင်းအရပ်ဖက်အဖွဲ့အစည်း ၄၃ တို့ကတောင်းဆိုထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများအတွင်း ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ပိုမိုများပြားလာသည့်အပြင် ဖမ်းဆီး ချုပ်နှောင်ထားမှုအတွင်း သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများလည်း ရှိနေသည်။