လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲများနှင့် မတရားသဖြင့် အနိုင်ယူခြင်းမျိုး မဖြစ်ရန်အတွက် ကော်မရှင် အနေဖြင့် အထူးအာရုံစိုက် ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။
ယနေ့ နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားစဉ် အထက်ပါ အတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကို ၃ ရက်ကြာ ကျင်းပမည်ဟု သိရသည်။
ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက “ကြိုတင်မဲတွေနဲ့ မတရားသဖြင့် အနိုင်ယူတယ်ဆိုတာ ဖြစ်ပေါ်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ကော်မရှင် လက်ထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ဘယ်လိုနည်းနဲ့မှ အနိုင်ယူလို့မရအောင် ဘယ်လိုနည်းနဲ့မှ ပွားလို့မရအောင် ကျနော်တို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲများကို ကြည့်ပါကလည်း ပြည်သူလူထုကြားထဲတွင် ကြိုတင်မဲ ကိစ္စမှာ အပြောအများဆုံး ကိစ္စဖြစ်ကြောင်း၊ ကြိုတင်မဲကိစ္စ တစွန်းတစမှ ဖြစ်ပွားခြင်း မရှိရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်လည်း ရှိကြောင်း၊ ယခုလာမည့် ရွေးကောက်ပွဲတွင် ထိုကဲ့သို့ မ ဖြစ်စေရန်အတွက် အာရုံစိုက်ဆောင်ရွက်မည်ဟု ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဟန်ပြမလုပ်ဘဲ၊ စံပြဖြစ်အောင် နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ထပ်မံကတိပေး ပြောကြားလိုက်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းကလည်း “ကြိုတင်မဲတွေနဲ့ နိုင်ခဲ့တယ် ဆိုတဲ့ ဟာသည် ဘယ်လို သက်သေ အထောက်အထား မျိုးတွေ နဲ့ ပြောခဲ့တာလဲ။ အဲဒီလို ပြောခဲ့တဲ့ဟာမျိုးကရော တရားဝင်လား။ တကယ်လို့ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တယ်ဆိုရင် အဲဒီအချိန်အခါ တုန်းက ရွေးကောက်ပွဲ မသမာမှု ဆိုပြီး သူတို့ တိုင်ကြားမှုတွေ ရှိခဲ့သလားဆိုတာ မေးခွန်းထုတ်ရမှာ” ဟု ဧရာဝတီသို့ ပြောသည်။
UEC အနေဖြင့် အနိုင်ရ ပါတီ၏ ခိုင်းစေချက်များကို ပြုလုပ်နေမည်ဆိုပါက ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်လား ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း၊ UEC အနေဖြင့် ချမှတ်ထားသည့် မူထဲတွင် စည်းကမ်းချက်များ ပါရှိသော်လည်း လက်တွေ့တွင် သဘောတရားအရ ဖြစ်နိုင်၊ မဖြစ်နိုင်ကို လုပ်ဆောင်မှုများကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း ဦးသိန်းထွန်းဦးက ဆက်ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အနှံ့အပြားရှိ မြို့နယ်တိုင်းတွင် ကျင်းပနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က “အကုန်လုံး မြို့နယ်တိုင်းကို ကျင်းပဖြစ်အောင်တော့ ကြိုးစား ဆောင်ရွက်သွားမယ်လို့ အစီအစဉ် ရှိနေပါတယ်” ဟုပြောသည်။
ယခင်က ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်ရန်ရှိကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ကော်မရှင်ကမူ ယနေ့အထိ ရက်၊ အချိန် တရားဝင်မသတ်မှတ်ရသေးကြောင်း ပြောကြားထားသည်။
ယခု ကျင်းပနေသည့် ၃ ရက်တာ သင်တန်းကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား ၁၀၄ ဦး တက်ရောက်ကြမည် ဖြစ်သည်။
သင်တန်း ပြီးဆုံးသည့်အခါ ဆရာဖြစ် သင်တန်း ၃၀၃ ခုတို့ကို ပြန်လည် ပို့ချကြမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဖြစ် သင်တန်းများက ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ အသီးသီးမှ ကော်မရှင်ခွဲ အဖွဲ့ဝင် ၂၆၄၀ ဦးတို့ကို ဆင့်ကဲ ပြန်လည် သင်ကြား ပို့ချပေးသွားမည် ဟုလည်း သိရသည်။
သင်တန်း၏ အဓိက သင်ရိုးများတွင် UEC ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် Code of conduct ၊ မဲဆွယ်ကာလ ဆောင်ရန် ရှောင်ရန်များနှင့် မဲစာရင်း update လုပ်ခြင်း၊ အငြင်းပွားမှု အတွက် စေ့စပ်ညှိနှိုင်းခြင်း၊ ကြိုတင်မဲများ မှန်ကန်ရေး အလေးထားခြင်း၊ စသည့် အကြောင်းအရာများ အပါအဝင် ခေါင်းစဉ် ၁၀ မျိုးတို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေး တက်ရောက်လာသည့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်မှသူများ အားလုံးလည်း ကြိုတင်မဲကိစ္စ နှင့် ပတ်သက်၍လည်း ဂရုတစိုက် နှင့် အာရုံစိုက်၍ ဆောင်ရွက်ရန်၊ အသေးစိတ် အချက်အလက်များကို ဆွေးနွေးချက်များတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကို ထိုနှစ် မေလက ကျင်းပခဲ့ပြီး ၂၀၁ဝပြည့်နှစ် နှင့် ၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
တပ်တွင်း မဲရုံများ ပြင်ပတွင် ထားရှိမည့် အစီအစဉ် အမြင်ကွဲလွဲမှုများ ရှိနေ
၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည်