ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေရဲစခန်းရှိ အချုပ်ခန်းမှ နိုဝင်ဘာလ ၁၀ ရက်နေ့က ထွက်ပြေးခဲ့သည့် အချုပ်သား ရဲဇော်(ခ) ငရဲကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့က ခိုးမှုဖြင့်ဖမ်းဆီးပြီး တရားရုံးတင် စစ်ဆေးနေသည့် နောင်နောင်၊ ဇော်ဇော်လှိုင် (ခ) မိုးကြီးသားနှင့် ရဲဇော်(ခ) ငရဲတို့ ၃ ဦးမှာ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၂ နာရီခန့်က အချုပ်ခန်းအားဖောက်၍ ထွက်ပြေးသည့် အတွက် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း နောင်နောင်နှင့် ဇော်ဇော်လှိုင် (ခ) မိုးကြီးသားတို့ကို ပြန်လည်ဖမ်းမိခဲ့သော်လည်း အချုပ်သားရဲဇော်(ခ) ငရဲမှာ ထွက်ပြေး လွတ်မြောက် နေခဲ့သည်။
လွတ်မြောက်နေသည့် ရဲဇော်(ခ) ငရဲကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေသောင်း၏ ညွန်ကြားချက်အရ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး စန်းမြင့် ဦးဆောင်သည့်အဖွဲ့နှင့် ရန်ကုန်တိုင်း၊ မှုခင်းအကူ ရဲတပ်ဖွဲ့မှ ရဲအုပ် ရာဇာမြငြိမ်း ဦးစီးသည့် တပ်ဖွဲ့ဝင်များမှာ သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူများနှင့် အတူ ပူးပေါင်းဖမ်းဆီးခဲ့ရာ အချုပ်သားရဲဇော်(ခ) ငရဲကို အချုပ်မှ ထွက်ပြေးပြီး ၂ ရက်အကြာတွင် ပြန်လည်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
“အချုပ်သား ၃ ဦး ထွက်ပြေးလို့ ချက်ခြင်းပြန်လည်ဖမ်းဆီးရာမှာ နာရီပိုင်းအတွင်း ၂ ဦး ပြန်ဖမ်းမိခဲ့ပါတယ်။ အချုပ်သား ရဲဇော်က လွတ်မြောက်နေတဲ့အတွက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို ပူးပေါင်း ဖမ်းဆီးခဲ့ရာမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြန်လည်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူ့ကို မနေ့က ချက်ခြင်းပဲ ပုသိမ်ကို ပြန်ခေါ်လာပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အချုပ်ခန်းဖောက်၍ အချုပ်သားများ ထွက်ပြေးမှုမှာ ပုသိမ်မြို့တွင် ပထမဆုံး အကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အချုပ်သားများ ထွက်ပြေးသည့်အတွက် နိုဝင်ဘာ ၉ ရက်နေ့ညပိုင်းက တာဝန်ကျသည့် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို တာဝန်ပေါ့လျော့မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သိရသည်။
“အချုပ်သားထွက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ပေါ့လျော့မှုနဲ့ တာဝန်မှူး ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိ ၁ ဦးနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် ၅ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်”ဟု ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မရဲစခန်းတွင်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က အချုပ်ကျတောါ့နေသည့် တရားခံ ၃ ဦးမှာ အချုပ်ခန်းဖောက်၍ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ၃ ဦးစလုံး ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
You may also like these stories:
ပုသိမ်က အချုပ်သား ၃ ဦးထွက်ပြေးမှု ရဲ ၅ ဦး အချုပ်ထဲရောက်
ပုသိမ်မြို့ ရွှေမြင်တင် အထက်တန်းကျောင်း ပဒေသာပင် ဖြုတ်ခိုးခံရ