မြန်မာနိုင်ငံသည် လုပ်အားခ နှုန်းထား သက်သာသည်ဟု ဆိုကာ ထိုင်းစီးပွားရေး လုပ်ငန်းတချို့က ထပ်မံဝင်ရောက် ရင်းနှီးမြှုပ်နှံရန် လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
ဦးသန့်စင်လွင် က “ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုက ကျနော်တို့ ဆီကို တိုးလာပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ခ လစာကြောင့် မြန်မာနိုင်ငံကို ရွှေ့မယ်ဆိုပြီးတော့မှ လာပြီး ဆွေးနွေးနေကြတာ ရှိပါတယ်။ ဒီလိုပဲ တဖြေးဖြေးဝင်လာတာလည်း ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ Amata ကုမ္ပဏီ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ တရားဝင် လုပ်အားခ သတ်မှတ်နှူန်းထားမှာ တရက်လျှင် ကျပ် ၄၈၀၀ ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တရားဝင် လုပ်အားခ နှူန်းထားမှာ တရက်လျှင် ဘတ် ၃၂၅ (ကျပ် ၁၇၀၀၀ ခန့်) ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမ္မဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ ရွှေပြောင်းအလုပ်သမား ဌာန ထိုင်းနိုင်ငံတာဝန်ခံ ကိုအောင်ကျော်မြင့် က “ဘန်ကောက်မှာဆိုရင် တရက် လုပ်အားခ ၃၂၅ ဘတ်ရှိတယ်။ နှစ်အလိုက် မကြာမကြာ လုပ်အားခတွေက ပြောင်းလဲမှုရှိတယ်။ မြန်မာနိုင်ငံကတော့ တနိုင်ငံလုံး သတ်မှတ်တဲ့နှုန်းက တရက်မှ ကျပ် ၄၈၀၀ ဆိုတော့ အများကြီးကွာတယ်။ ပုံစံချင်းတော့ မတူဘူး ထိုင်းကတော့ စီးပွားရေး ပုံမှန်သွားနေနိုင်ပြီ ကျနော်တို့ နိုင်ငံက အခုမှ စနေတာ ဆိုတော့ မတူဘူး” ဟု ဧရာဝတီသို့ပြောသည်။
ထိုင်းနိုင်ငံ၏ လုပ်အားခနှုန်းထားများ ခရိုင် ၇၇ ခရိုင်ရှိသည့် အတွက် တခရိုင်နှင့် တခရိုင် နှုန်းထားခြင်း မတူညီကြောင်း အနည်းဆုံး တရက်လျှင် ထိုင်းဘတ်ငွေ ၃၀၈ ဘတ်မှ အမြင့်ဆုံး ၃၃၀ ဘတ်အထိရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ထိုင်းမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်ရန် ရှိနေသော်လည်း ပြောင်းရွှေ့ လုပ်သား အနေနှင့် မြန်မာနိုင်ငံမှ လစဉ် လူဦးရေ ၁ သောင်း ၅ ထောင်မှ ၂ သောင်း ၅ ထောင်အထိ ရှိကြောင်း CTUM စာရင်းများ အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လုပ်အားခနှုန်းထား သက်သာခြင်းကြောင့် ထိုင်းနိုင်ငံရှိ မော်တော်ကားနှင့် ဆက်စပ်သော ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် ရှိနေကြောင်း ၎င်းက ပြောသည်။
ဦးသန့်စင်လွင် က “အခု LED စက်ရုံ ကျနော်တို့ဆီကို ရွှေ့လာချင်တယ်။ မော်တော်ကားဆိုရင် Part နဲ့ ပတ်သက်တဲ့လုပ်ငန်းမျိုးတွေ ရွှေ့ချင်တာရှိတယ်။ မော်တော်ကားနဲ့ ပတ်သက်တဲ့ ကားအပိုပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ရွှေ့လာချင်တာရှိတယ်။ ဆွေးနွေးနေတာရှိပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ထိုင်းနိုင်ငံသည် တတိယမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသော နိုင်ငံဖြစ်ပြီး လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံကျော် ဝင်ရောက်ထားသည်။
ယင်းအပြင် ကုန်သွယ်ရေးကဏ္ဍ၌ နှစ်နိုင်ငံ ငွေကြေးနှင့် တိုက်ရိုက်ရောင်းဝယ်နိုင်မည့် စနစ်တခုကို ထိုင်းက အကောင် အထည်ဖော်နေသည့် အပြင် မြန်မာ့ပြောင်းစေ့များကို ထိုင်းဖက်သို့ နယ်စပ်မှ တဆင့် စတင် တင်ပို့ခြင်းကိုလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှ စတင်ခဲ့သည်။
လက်ရှိ အစိုးရ လက်ထက်တွင် မြန်မာ- ထိုင်းကုန်သွယ်ရေးမှာလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅ ဘီလီယံ ကျော်ခဲ့ပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် တရုတ်ပြီးလျှင် ဒုတိယ ကုန်သွယ်ဖက် အများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက “Spare-part (ကားအပိုပစ္စည်း) စက်ရုံတွေ ဒီမှာ လာထုတ်မယ်ဆို ကောင်းတာပေါ့။ အခွန် အခတွေ သက်သာလာမယ်။ စရိတ်စကတွေ သက်သာလာမယ်။ ဈေးကွက် အပြောင်းအလဲကြီးကတော့ မဖြစ်လာနိုင်ဘူး။ ဒီမှာ Spare-part ဆိုတာက အခုမှ စပြီးလုပ်တာ။ နိုင်ငံတကာမှာ တကယ့် တကယ်ကျတော့ Import သွင်းတာ ပိုများတယ်။ ပြည်တွင်း Spare-part စက်ရုံက နည်းနည်းပဲရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိတွင် ကားထုတ်လုပ်နေသည့် ကုမ္ပဏီ အများစုမှာ အခြားနိုင်ငံများမှ Spare-part ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကားတပ်ဆင်၍ ထုတ်လုပ်သည့် လုပ်ငန်းများသာ များနေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
လတ်တလောတွင် ပြည်တွင်း၌ SKD (semi knock down ) စနစ်ဖြင့် ကားထုတ်လုပ်နေသည့် နာမည်ကြီးကားကုမ္ပဏီ တချို့မှာ ဂျပန်ကားကုမ္ပဏီ Suzuki၊ Nissan ၊ ကီုရီးယား ကားကုမ္ပဏီ KIA ၊ Hyundai ၊ အမေရိကန်ကားကုမ္ပဏီ FORD ဖြစ်ပြီး တရုတ်ကားကုမ္ပဏီ များ အပါအဝင် ပြည်တွင်း ကုမ္ပဏီပေါင်း ၁၇ ခုခန့်က ကားထုတ်လုပ်သည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ထိုင်းနိုင်ငံအနေနှင့် ကုန်သွယ်မှုကဏ္ဍများ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍများ၊ ဝန်ဆောင်မှုကဏ္ဍများ ဆွေးနွေးမှုများရှိပြီး နိုင်ငံတော်အပိုင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အပိုင်း အစရှိသဖြင့် မိမိသက်ဆိုင်ရာ လုပ်ငန်းဆောင်တာများအလိုက် ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ပို၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကလည်း သုံးသပ်သည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာသို့ အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန် ရှိနေ
ပမာဏကြီးမားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ယခု ဘဏ္ဍာနှစ် အတွင်း ဝင်ရန်ရှိဟု ဆို
ရန်ကုန်တိုင်းအတွင်း ထိုင်းကုမ္ပဏီတခု စက်မှုဇုန်တည်ထောင်ရန် ခွင့်ပြုချက်ရ