ရမည်းသင်းမြို့နယ် တရားရုံး၌ တရားစွဲခံထားရသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုအား စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရမည်းသင်းမြို့နယ် တရား ရုံးက သိရသည်။
ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က “ဒီနေ့ တရားလိုဖြစ်တဲ့ ဦးအေးဇော်ကို စတင်ပြီးတော့ စစ်ဆေးခဲ့ပါ တယ်။ ၎င်းကိုပဲ လာမယ့်အပတ်မှာ ဆက်လက် စစ်ဆေးရန် ဆိုတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ တရားလို ပြ သက်သေအဖြစ် တရားလို အပါအဝင် ၁၈ ဦး တင်ပြထားပါတယ်”ဟု ပြောသည်။
ယခုရုံးချိန်းတွင် တရားလိုဖြစ်သူ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စတင် စစ်ဆေးခဲ့ပြီး လာမည့်အပတ် ရုံးချိန်းကို နိုဝင်ဘာလ ၂၆ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
ဦးစိုးထွန်းရှိန်အား ယနေ့ ရုံးထုတ် စစ်ဆေးခဲ့ရာတွင် သတင်းမီဒီယာများအား တရားခွင်အတွင်း ဝင်ရောက် နားထောင် သတင်းယူခွင့်ကို ကန့်သတ် ခံခဲ့ရကြောင်း သတင်းယူနေသည့် မီဒီယာများထံက သိရသည်။
မိတ္ထီလာမြို့ခံ သတင်းထောက် ရွှေမောင်မောင်က “ကျနော်တို့ကို ရုံးထုတ် မလာခင် အချိန်မှာ မြို့နယ်တရားသူကြီးက ကျနော်တို့ဌာနက ပေးထားတဲ့ သတင်းထောက်ကတ်တွေကို မိတ္တူကူးယူပြီး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောပြီးမှ ရုံးထုတ်လာတော့မှ သတင်းထောက်၂ ယောက်ကိုပဲ ဝင်ခွင့်ပြုခဲ့တာ။ ဒါက သတင်းထောက် အချင်းချင်း ခွဲခြားဆက်ဆံ တာပဲ။ ကျနော်တို့က တရားရုံး သတင်းယူခွင့် သတ်မှတ်ချက်တွေ အတိုင်း လုပ်ဆောင်ခဲ့တာပါ” ဟု ပြောသည်။
အဆိုပါကဲ့သို့ တရားခွင် အတွင်း ဝင်ရောက် သတင်းယူခွင့် ကန့်သတ်ရခြင်းမှာ တရားခွင်နေရာ အခက်အခဲကြောင့်ဟု ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က မီဒီယာများကို ဖြေကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးသာလွန်ဇောင်းထက်က “တရားရုံးဆိုတာ ပုံမှန်တော့ သတင်း ထောက်မှ မဟုတ်ဘူး၊ အများပြည်သူ လာရောက် နားထောင်လို့ရတဲ့ နေရာပေါ့နော်။ အခုလို ကန့်သတ်တယ်ဆိုတော့ သူတို့ ဘာ မဟုတ်တာရှိနေသလဲ ဆိုတာ သံသယ ဖြစ်စရာ ဖြစ်တာပေါ့။ တရားခွင်ဆိုတာ Open ဖြစ်သင့်တာ။ တရားခွင် ကျဉ်းတယ်ဆိုရင်လည်း သူတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာတယ်ဆိုရင် ဝင်ခွင့်ပြုရမှာ ဖြစ်ပါတယ်”ဟု ပြော သည်။
ထိုသို့ တရားခွင်အတွင်း မီဒီယာ ဝင်ရောက်ခွင့် ကန့်သတ်ထားသည့် အတွက် တရားလို စစ်ဆေးမှု အခြေအနေအား နား ထောင်ခွင့် မရခဲ့ပေ။
ဦးစိုးထွန်းရှိန်သည် ရမည်းသင်း မြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္ထုတူးဖော်ရေး လုပ်ကွက်ရှိ မြေဧက ၆၁၀၀ ကျော်ပေါ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အမည်ဖြင့် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ် မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့် အပြင် ရွှေတူးဖော် လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရပြီးချိန်အထိ တရားမဝင် တူး ဖော်မှုများ ပြုလုပ်သည် ဟုဆိုကာ ၂၀၁၈ သြဂုတ်လတွင် ရမည်းသင်းမြို့မ ရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။
အမှုရင်ဆိုင်ခြင်း မရှိဘဲ ဦးစိုးထွန်းရှိန်သည် ၁ နှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေခဲ့ခြင်းကြောင့်၂၀၁၉ ခုနှစ် မတ်လ အတွင်းက ဦးစိုးထွန်းရှိန်ပါ ၅ ဦးအား ရဲတပ်ဖွဲ့က တရားခံပြေး ကြေညာခဲ့သည်။
ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၆ ရက်က လက်ရ ဖမ်းဆီးရမိခဲ့ကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ယင်းနေ့ မွန်းလွဲပိုင်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ပြီး ရမည်သင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
သတ္တုတွင်း ဥပဒေ ပုဒ်မ၃၀(က) ဖြင့် ရမည်းသင်း ရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့် အတူ အမှုဖွင့်ခံထားရသူမှာ ၄ ဦး ဖြစ်ပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဦးစိုးထွန်းရှိန် ပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိမိုးမိဒေသ၌ အကြီးစား ရွှေတူးဖော်ရေးကို ၂၀၁၁ ခုနှစ်က နှစ်ရှည် လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်ကာ ၁ လလျှင် ရွှေပိဿာချိန် ၉၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များ ပေးသွင်းနိုင်ခြင်း မရှိဘဲ ရွှေပိဿာချိန် ၁၃၀၀ ကျော် အကြွေးကျန်နေ သည့် အတွက်၂၀၁၇ တွင် ရွှေတူးဖော်ခွင့် ရပ်ဆိုင်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင် အတည်ပြုခဲ့သည့် မြန်မာ့သတ္ထုတွင်း ဥပဒေပါ ဥပဒေ ပုဒ်မ ၃၀(က)အရ မည်သူမဆို ဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ပေးသည့် သတ္ထုရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်း သို့မဟုတ် ဆင့်တက် ပြုပြင်ခြင်း လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင် ၁၀ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ပြဋ္ဌာန်းချက်များ အရ သိရသည်။
You may also like these stories:
ဦးစိုးထွန်းရှိန်ကို ချုပ်ရမန်ယူ
တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်