မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ရခိုင်မျိုးစောင့်အဖွဲ့ (Arakan Rakkhita Group – ARG) အသင်းဥက္ကဋ္ဌ ဦးဘအေးကို သက်သေမခိုင်လုံသည့် အတွက် စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။
ဦးဘအေးကို မူယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၁ တို့ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး မောင်တော ခရိုင်တရားရုံးက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တရားစွဲတင်ရန် ခိုင်လုံသော သက်သေ အထောက် အထားများ မရှိဟုဆိုကာ ပြန်လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကာယကံရှင် ကိုယ်တိုင်က ပြောသည်။
ဦးဘအေး က “ကျနော်ပြောချင် တာကတော့ မှားယွင်း လွဲလျှော်မှုကြောင့် ဒီလို ဖြစ်တာလို့ ယူဆပါတယ်။ ဖြစ်တာလည်း ဖြစ်ပြီးသွားပြီ၊ ကျနော်လို လူထု အကျိုးပြုလုပ်ငန်းကို လုပ်နေတဲ့ လူတယောက်ကို မဆင်၊ မခြင် ထောင်ထဲမှာ ဖမ်းထည့် ခံလိုက်ရတာ့ အလွန်ပဲ စိတ်ပျက်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်အတွင်း ARG စိုက်ပျိုးရေးခြံအား ဇွန်လ ၉ ရက်နေ့တွင်ရှာဖွေခဲ့ရာ၌ အဆောက်အဦအတွင်းရှိ UPG အိမ်သုတ်ဆေးပုံးခွံ (၆) ပုံးအတွင်း ထည့်ထားသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား (၃၉၉၅၅၀) ပြား (တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း) နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်ဖြစ်ပွားပြီး နောက်တနေ့ ဇွန်လ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ARG ရုံး၌ ရောက်ရှိနေသော ဦးဘအေးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးပြီး မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ရောင်းဝယ် ဖောက်ကားမှုတွင် အားပေးကူညီမှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းသည်။
ယင်းအပြင် မောင်တော ARG စိုက်ပျိုးရေး ခြံတာဝန်ခံ ကိုဟန်စိုး၊ အလုပ် သမားကြီးကြပ်သူ အပါအဝင် ၅ ကိုလည်း ဖမ်းဆီးခဲ့ပြီး မွေးမြူထားသည့် နွား အကောင် ၁၀၀၊ ဆိတ် ၃၀ ကောင်၊ ဝက် ၂၀ ကောင်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်း ခဲ့ပြီး စိုက်ပျိုးရေး ခြံကိုလည်း ချိပ်ပိတ်ခံလိုက်ရကြောင်း ယနေ့ ပြန်လွတ်လာသူ ဦးဘအေးက ပြောသည်။
ဦးဘအေး က “WY ဆေးပြားတွေ ဖမ်းမိတယ်ဆိုတဲ့အချိန် ကျနော်လည်း မရှိဘူး၊ မိတဲ့နေရာကလည်း ကျနော်တို့ စိုက်ပျိုးရေးခြံ အရှေ့ လမ်းတဘက်မှာရှိတဲ့ တဲကနေ မိတာလို့ ပြောတယ်။ ကျနော်က မဆီမဆိုင် ထောင်ထဲကို ရောက်သွားရတယ်။ ကျနော်တို့က မောင်တောက ဒေသခံ တိုင်းရင်းသားတွေ နေရပ်စွန့်ခွာ မသွားအောင် လူထု အကျိုးပြု လုပ်နေတာပါ။ လူထုတောင်မကဘူး။ အစိုးရရော၊ တပ်ရော အကျိုးပြုနေတာ။ ၂၀၁၇ အရေး အခင်းတုန်းကလည်း ကျနော်တို့ပဲ လူထုအတွက် အကျိုးပြုပြီး ကြံ့ကြံ့ခံပြီးနေခဲ့သူတွေပါ” ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။
ARG ဥက္ကဋ္ဌ ဦးဘအေး ပြန်လွတ်လာသော်လည်း ခြံတာဝန်ခံ အပါအဝင် ၅ ဦးမှာ ဆက်လက် အမှုရင်ဆိုင်ဦးမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး ARG စိုက်ပျိုးရေး ခြံကို ချိပ်ပိတ်ခံရသည့်အတွက် ခြံထဲတွင် ရှိသည့် စပါး ဂိုဒေါင်ထဲတွင် မျိုးစပါးများ၊ စပါးရိတ်စက်များ၊ ဆန်ကြိတ်စက်များနှင့် လယ်ယာသုံး စက်ကရိယာများ မှာလည်း အားလုံး ပျက်စီးသွားပြီ ဖြစ်ကြောင်းလည်း ARG အဖွဲ့ဝင်များက ပြောသည်။
ရခိုင်မျိုးစောင့်အဖွဲ့ (Arakan Rakkhita Group) ကို ၂၀၁၅ ခုနှစ်တွင် စစ်တွေ၊ မြောက်ဦး၊ မောင်တော်မြို့နယ် များတွင် ရုံးဖွင့်လှစ်ကာ ဒေသခံ လူထုကို စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ထောက်ပံ့ ပေးနေသည့် လူထု အကျိုးပြု လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်း တခုဖြစ်ကြောင်းသိရသည်။