ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ခရီးသွားပြည်သူများ၏ ကားများထံ အတင်းအဓမ္မ ဆက်ကြေး ကောက်ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
မြန်မာ – တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး ကားလမ်းမကြီး ဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးကို အသုံးပြု သွားလာနေကြသည့် ကုန်ကားများ၊ ခရီးသည်တင်ကားများကို TNLA အဖွဲ့က တားဆီး၍ ဆက်ကြေး ကောက်ရာမှ
ယနေ့ ထိတွေ့တိုက်ခိုက်မှု အနည်းဆုံး ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရင်ကွဲတောင်နဲ့ နမ့်ဖတ်ကာကြားထဲမှာ TNLA အယောက် ၃၀ လောက် ရောက်လာပြီး ကားတွေကို ဆတ်ကြေး တောင်းနေတယ်ဆိုတဲ့ သတင်းအရ တပ်က လုံခြုံရေးထွက်ပြီး ဆောင်ရွက်တယ်။ အဲဒီမှာတော့ ညနေ ၄ နာရီ ၁၅ မိနစ်ကနေ ၄ နာရီခွဲထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ယနေ့ ညနေပိုင်းတွင် ကွတ်ခိုင်မြို့၏ မြောက်ဘက် မီတာ ၃၀၀၀ ခန့်တွင် TNLA ၁၀ ဦးခန့် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ မနက် ၇ နာရီခန့်ကလည်း ကွတ်ခိုင် မြို့၏ တောင်ဘက်တွင် TNLA အင်အား ၅၀ ခန့်နှင့် တပ်မတော်ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ဘက်က ပြောသည်။
TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က ယနေ့ နံနက်ပိုင်းက ကျောက်မဲမြို့နယ်နှင့် နမ့်ဆန် မြို့နယ် အစပ်တွင် တိုက်ပွဲတကြိမ်၊ နံနက် ၇ နာရီခန့်က ကွတ်ခိုင်မြို့နားတွင် တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး တာအိုက်ကျော်က “တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းက ဒီနိုဝင်ဘာ လဆန်းပိုင်းကစပြီး တပ်မတော်ဘက်က ကျနော်တို့ တပ်စခန်း တည်ရှိရာ နေရာကို လိုက်ပြီး ထိုးစစ်ဆင်လာတယ်။ အထူးသဖြင့် ကျနော်တို့ တပ်မဟာ ၂ နဲ့ ၃ အခြေချရာ နေရာကို သူတို့ ထိုးစစ်ဆင်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်၊ ၁၂ ရက်နေ့များတွင် တပ်မတော်သည် တောထဲရှိ TNLA တပ်စခန်းများကို လာရောက် တိုက် ခိုက်ကြောင်း၊ ၎င်းတို့ ဆုတ်ခွာပေးခဲ့ရသည့် တပ်စခန်းများကို RCSS သို့ လွှဲပြောင်းပေးလိုက်ကြောင်း TNLA မှ ဗိုလ်မှူး တာအိုက်ကျော်က ဆက်ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ “တပ်မတော်က တပ်စခန်းတွေကို RCSS ကို လွှဲပေးစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူ့ရဲ့ နယ်မြေမှာတောင်မှပဲ RCSS ကို သူတို့သတ်မှတ်ထားတဲ့ နယ်မြေကနေပြီးတော့မှ မကျော်လွန်နိုင်အောင် သတိပေးမှုတွေ အမြဲတန်း လုပ်နေရတာ။ အဲလိုဖြစ်စဉ်မျိုး မရှိပါဘူး” ဟု ပြောသည်။
TNLA မှ ဗိုလ်မှူး တာအိုက်ကျော် က “အဲဒါကြောင့်ပဲ ကျနော်ကိုဘက်က မလွဲသာမရှောင်သာဖြစ်လို့ အခုလို ခုခံကာကွယ်စစ်နဲ့ မြို့ပေါ် တက်ပြီး တိုက်ပွဲတွေကို ပြန်လည်ဆောင်ရွတ်တာဖြစ်တယ်။ တိုက်ပွဲက ပစ်လိုက် နားလိုက်နဲ့ ဆက်ပြီး ဖြစ်နေတုန်းပဲ။ တပ်ဘက်ကတော့ တင့်ကားတွေနဲ့ စစ်တပ်အင်အားတွေ ထပ်ဖြည့်ထားပါတယ်။ ထိခိုက်ကျဆုံးမှုကတော့ အသေးစိတ်မသိရသေးဘူး” ဟု ပြောသည်။
ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ဆက်စပ်သော ရုပ်သံများ လူမှုကွန်ရက်ပေါ် မျှဝေနေသည်ကိုလည်း တွေ့ရသည်။ ထိုရပ်သံထဲတွင် TNLA အဖွဲ့များက ခရီးသည်ကားများကို တားမြစ်နေသည်ကို တွေ့ရသလို ပစ်ခတ်မှု ဖြစ်ပွားသည့် ရုပ်သံတခုတွင် TNLA စစ်သား တဦးက ခရီးသည် ရှိနေသော ကားတစီးကို အကာ အကွယ် ယူ၍ တဖက်အဖွဲ့ကို ပစ်ခတ်နေသည်ကိုတွေ့ရသည်။
အဆိုပါ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုနေသည့် ခရီးသည်တင် ကားဆရာ ဦးတင်ထွန်း က “သွားလာရေးလည်း မလုပ်ရဘူး။ မနက်ပိုင်းကတည်းက တားထားတယ်။ ဒီက ကားတွေလည်း မထွက်ဘူး။ မနက်ပိုင်း ကတည်းက ဖြစ်နေတာ။ ကားသမား အချင်းချင်းလည်း မဆက်သွယ်ရဲဘူး။ တိုက်ပွဲက ဖြစ်နေတာ ဆိုတော့လေ” ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ က်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့ ပူးပေါင်းသည့် အဖွဲ့များ၏ ပြင်ဦးလွင်နှင့် နောင်ချိုဒေသတွင် စတင် တိုက်ခိုက်မှုကြောင့် တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံး သွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုးကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
ထိုအချိန်မှ စတင်၍ ယင်းဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပါ ထိခိုက်မှုများ ရှိခဲ့သည်။
လက်ရှိတွင် TNLA အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ် မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA)မှ ကိုယ်စားလှယ်များနှင့် အစိုးရ-တပ်မတော် ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ်( အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။