မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ မြေး၊ ပန်းချီဆရာ ဆဝမ်ဝုန်ဆီ ယောင်ဝီ Sawangwongse Yawnghwe သည် EU ငွေကြေးထောက်ပံ့မှုဖြင့် ရန်ကုန်တွင် ယခုတပတ်အတွင်း ကျင်းပသည့် ပန်းချီပြပွဲတွင် သူ၏ လက်ရာကို ပြသခြင်းမှ ရုပ်သိမ်းလိုက်သည်။ ဥရောပသမဂ္ဂ (EU) သံအမတ်၏ တရားဝင် နေအိမ်ကို ကာလရှည်ကြာစွာ အာဏာရှင်ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းမိသားစုထံမှ ဆက်လက်ငှားရမ်းရန် ဆုံးဖြတ်ခြင်းကို ဆန့်ကျင်သောကြောင့်ဟု အကြောင်းပြသည်။
ထိုသို့ ဦးနေဝင်း၏ အိမ်ကို ဥရောပသမဂ္ဂ (EU) သံအမတ် နေထိုင်ရန် ငှားရမ်းကြောင်း သတင်းကို ဧရာဝတီသတင်းဌာနက ၂၀၁၄ ခုနှစ်တွင် ပထမဆုံး သတင်းဖော်ပြခဲ့သည်။ သံအမတ်အတွက် ထိုအိမ်ကို ငှားရမ်းရာတွင် ငွေကြေးအများအပြား ပေးကမ်းရသောကြောင့် ဘရပ်ဆဲလ်မှ ခွင့်ပြုချက်လိုသည်ဟု EU အတွင်းလူများ၏ အဆိုအရ သိရသည်။
၂၀၁၂ ခုနှစ်တွင် EU က မြန်မာနိုင်ငံတွင် အမြဲတမ်း သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ပထမဆုံး EU သံအမတ်ရောက်ရှိလာချိန်မှ စတင်ပြီး ဦးနေဝင်းမိသားစုသည် ထိုနေအိမ်ကို ငှားရမ်း သောကြောင့် ငွေအမြောက်အများကို ပုံမှန်ရရှိနေသည်။
၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် ညက သူ၏ အဖိုးကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၊ ဗိုလ်ချုပ်နေဝင်းမိသားစုကို အလျှံပယ် ကြွယ်၀သော လူနေမှုဘဝအတွက် အထောက်အကူပေးသည့် EU ၏ ဆုံးဖြတ်ချက်ကို ဖော်ပြထားသည့် လွန်ခဲ့သော တပတ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဆဝမ်ဝုန်ဆီက သူ၏ အနုပညာလက်ရာကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ချက်အကြောင်းကို ရှင်းပြသည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမည့်ညက ဗိုလ်ချုပ်နေဝင်းသည် သမ္မတ မဖြစ်မီက ရှမ်းပြည်နယ်မှ ညောင်ရွှေ စော်ဘွားဖြစ်ခဲ့သော စပ်ရွှေသိုက်ကို ဖမ်းရန် တပ်များကို စေလွှတ်ခဲ့သည်။ ထိုတပ်များသည် သူ၏ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူ မြီး Myee နှင့် ထိုနေအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သံများကြောင့် လာရောက်ကြည့်ရှုသော ထိုပတ်ဝန်းကျင်တွင် စက်ဘီးဖြင့် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်တဦး တို့ကို ပစ်သတ်ခဲ့သည်။ ထိုညတွင် စပ်ရွှေသိုက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားပြီး နောက်နောင် ၈ လအကြာတွင် မည်သည့် အချိန်ကမျှ အပြည့်အ၀ ရှင်းလင်းပြောကြားခြင်း မရှိသည့် အခြေအနေ အောက်တွင် အဖမ်းအဆီးခံ ဘ၀ဖြင့် သေဆုံးခဲ့သည်။
စပ်ရွှေသိုက် သေဆုံးပြီးနောက် ဆဝမ်ဝုန်ဆီ၏ ဖခင် ချောင်ဇန်း Chao Tzang သည် သူ၏ မိခင်ဖြစ်သူ မဟာဒေဝီနှင့်အတူ လက်နက်ကိုင်ခုခံမှု ဖြစ်သော ရှမ်းပြည်တပ်မတော် (SSA) ကို ဖွဲ့စည်းရန် တောင်တန်းများတွင် ခိုလှုံခဲ့သည်။ ဆဝမ်ဝုန်ဆီကို SSA တောတွင်းစခန်းတွင် မွေးဖွားခဲ့ပြီးနောက် သူ၏မိသားစုသည် နောက်ဆုံးတွင် ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။
EU သည် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ခရိုနီ ကုမ္ပဏီတခုဖြစ်သည့် Asia World ထံမှ ရုံးခန်းနေရာကိုလည်း ငှားထားသည်ဟု စွပ်စွဲခံရကြောင်း ထိုကြေညာချက်တွင် သူက ဖော်ပြသည်။ Asia World သည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုမှ ရငွေများဖြင့် ထူထောင်ထားသော လုပ်ငန်းစုကြီးဖြစ်ပြီး မကြာသေးမီက ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာတွင်လည်း ဖော်ပြခံရသော လုပ်ငန်းဖြစ်သည်။
ဝေဖန်ပြောကြားပေးရန် သူ ယခုနေထိုင်ရာ ဟော်လန်နိုင်ငံသို့ ဆက်သွယ်သောအခါ ဆဝမ်ဝုန်ဆီက သူသည် EU ၏ ဦးနေဝင်းမိသားစုထံမှ ဇိမ်ခံအိမ်ကို ငှားရမ်းရန် ဆုံးဖြတ်ချက် အပါအဝင် အခြားလုပ်ငန်းအများအပြားကို အပြင်းအထန် ဝေဖန်သည်။
“ဒီအိမ်ကို တရားမဝင်နည်းလမ်းတွေနဲ့ ရယူထားကြောင်း ထင်ရှားတယ်။ ဒီအိမ်ကို (ဦး)နေဝင်းမိသားစု ဆီကနေ ချက်ခြင်းသိမ်းယူ၊ လေလံတင်ပြီး ရငွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ (ဦး)နေဝင်းဒုက္ခပေးတာ ခံခဲ့ရသူတွေကို ပေးသင့်တယ်” ဟု သူက ပြောသည်။
ပန်းချီဆရာ၏ ထုတ်ပြန်ကြေညာချက်ကို တုန့်ပြန်သောအားဖြင့် EU သံအမတ် ခရစ်ရှန်း ရှမစ်က စိတ်ပျက်ကြောင်း ဖော်ပြပြီး ထိုပြပွဲသည် အထိခိုက်မခံသော အရေးကိစ္စများတွင် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး EU မူဝါဒ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ပြောသည်။
“ပြပွဲကနေ နုတ်ထွက်သွားတဲ့ ဒီပန်းချီဆရာအနေနဲ့ ထိတွေ့ဆက်ဆံခွင့် အထူးအခွင့်အရေးကြီးကို ဆုံးရှုံးသွားတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီပြပွဲဟာ တရားမျှတမှု လိုအပ်ကြောင်း ထောက်ပြတဲ့ EU က ငွေကြေးထောက်ပံ့တဲ့ ပွဲဖြစ်လိုပဲ” ဟု သူက ဧရာဝတီသတင်းဌာနသို့ လွန်ခဲ့သောတပတ် သောကြာနေ့က ပြောသည်။
“နည်းလမ်း အများအပြားကို ကြည့်ရင် ဒီပန်းချီဆရာပြောတဲ့ကိစ္စဟာ ကျနော်နားလည်တဲ့ EU က တကယ် လုပ်ဆောင်နေတာရဲ့ ဥပမာတခုပါ ” ဟုလည်း သူက ပြောသည်။
EU သည် သံအမတ်၏ ကိုယ်စားလှယ်အဖွဲ့ရုံးများကို လာမည့်နှစ်တွင် ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် စစ်ဘက်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ဆက်ဆံခြင်းကိုလည်း ရှောင်ရှားမည်ဖြစ်ကြောင်း သံအမတ်က ပြောသည်။
“ရှေ့နှစ်ကုန်ရင် ကျနော်တို့ရဲ့ အိမ်ရှင်က အခုအိမ်ရှင် ဖြစ်တော့မှာမဟုတ်ဘူး။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတယ်။ တရားဝင် အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ အခွင့်အလမ်းနဲ့ ရွေးစရာတွေ များလာနေပြီ ဖြစ်တယ်။ စစ်တပ်က ပိုင်တဲ့ကုမ္ပဏီတွေနဲ့ ရှင်းရှင်းနေဖို့ ကျနော်တို့ လုပ်နိုင်တာ အားလုံးကို လုပ်မယ်” ဟုလည်း ရှမစ်က ပြောသည်။
သူ၏နေအိမ်နှင့် ပတ်သက်ပြီး မေးမြန်းသောအခါ သူက “EU သံအမတ်နေအိမ်ဟာ အခုအခါမှာ လူ့အခွင်အရေးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ အနုပညာရှင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေကို EU က လက်ခံတွေ့ဆုံတဲ့နေရာဖြစ်လို့ ကျနော် ဂုဏ်ယူတယ်” ဟု သူက ပြောသည်။
ပန်းချီဆရာ ဆဝမ်ဝုန်ဆီက EU ၏ မြန်မာနိုင်ငံတွင် “သူတော်ကောင်း ဟန်ဆောင်မှု”ဟု သူယူဆသော ပြဿနာကို ထောက်ပြခဲ့သည်။
“(ဦး)နေဝင်း စစ်အစိုးရရဲ့ သားကောင်ဖြစ်ရတာ ကျနော့်မိသားစု တခုတည်းမဟုတ်ဘူး။ တနိုင်ငံလုံးဖြစ်ရတာ။ အခု ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများအပြားဟာလည်း (ဦး)နေဝင်းရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်ရေးနဲ့ အကြီးအကျယ် အရည်အချင်း ချို့တဲ့မှုကြောင့် ဖြစ်လာခဲ့တာတွေချည်းပဲ” ဟုလည်း သူက ပြောသည်။
ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် မှတ်တမ်းတင်ထားသည့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များအတွက် တရားမျှတမှု ပေါ်ပေါက်စေရေး EU က တွန်းအားပေးရန် ပျက်ကွက်ခြင်းကိုလည်း သူ၏ ကြေညာချက်တွင် ဝေဖန်ထားသည်။
သို့သော် ရှမစ်က “တာဝန်ရှိသူတွေကို အရေးယူဖို့တောင်းဆိုမှုကို EU က ဆက်လက်လုပ်ဆောင်နေတယ်။ EU က ဘာမှ အရေးမယူဘူးလို့ သူဘာကြောင့်ပြောရတာလဲဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒါကတော့ လုံးဝကိုမမှန်ဘူး” ဟု တုန့်ပြန် ပြောသည်။
ဆဝမ်ဝုန်ဆီကမူ သူ၏ ရပ်တည်မှုကြောင့် အခြားမြန်မာလူမှုအခြေပြု အဖွဲ့အစည်းများသည် သံတမန်များနှင့် ထိုကော့တေးပါတီပွဲကို ရှောင်ရှားမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“ မြန်မာ ငါးဖမ်းသမား ၄၄ ယောက် ပင်လယ်ပြင်မှာ ကျွန်အဖြစ်က လွတ်မြောက်ပြီး အင်ဒိုနီးရှားနိုင်ငံက ဝေးကွာတဲ့ကျွန်းတခုမှာ သောင်တင်နေတာ နှစ်ပေါင်းမနည်းဘူး။ ကျနော်ပြောချင်တဲ့ သတင်းစကားကတော့ ရှင်းရှင်းလေးပဲ။ ရှန်ပိန်ခွက်ကိုချ၊ မတန်တဆ တောင်းတဲ့ ဟိုတယ်မှာ လုပ်မယ့် စွမ်းရည်တည်ဆောက်ရေး ဆွေးနွေးပွဲတက်မယ့် အစီအစဉ်ကို ဖျက်ပြီး သူတို့ကို သွားကယ်လိုက်။ ဒါပဲ” ဟု သူက ဆိုသည်။
လွန်ခဲ့သောလက ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် EU သံအမတ်၏ ဆုံးဖြတ်ချက်ကြောင့် လွန်စွာတုန်လှုပ်မိကြောင်းလည်း သူက ပြောသည်။ ထိုအဖွဲ့သည် ရိုဟင်ဂျာဟု ကိုယ့်ဘာသာကိုယ် ခေါ်ဆိုသော မွတ်ဆလင်များ၏ ကျေးရွာများ အမြစ်ဖြတ်ချေမှုန်းခံရသောနေရာဖြစ်သည့် ရခိုင်ပြည်နယ်တွင် မြေယာပြန်လည်ဖော်ထုတ်ရန် တည်ထောင်ထားသည့် အစိုးရကျောထောက်နောက်ခံ အငြင်းပွားဖွယ်ရာ အဖွဲ့အစည်းဖြစ်သည်။
“UEHRD ပါတီပွဲကို သွားပြီး ခရစ်ရှန်း ရှမစ်က ဘာသတင်းစကားကို ပေးတာလဲ။ ခရိုနီတွေက UEHRD ကို ငွေထည့်ပေးနေတယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ဆီက အစီရင်ခံစာ ကောက်ချက်ကို သူမရဘူးလား။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ နေဝင်းရှိရင် ဝမ်းသာမှာ သေချာတယ်” ဟုလည်း ဆဝမ်ဝုန်ဆီက ပြောသည်။
ရှမစ်ကမူ သူသည် တရားဝင်ရာထူးဖြင့် လုပ်ဖော်ကိုင်ဘက်များနှင့် သွားရောက်ခြင်းဖြစ်ကြောင်း၊ မည်သည့် တက်ကြွသည့် အခန်းကမျှ မပါကြောင်း ပြောသည်။
“UEHRD က တာဝန်ရှိမှုနဲ့ ရိုဟင်ဂျာအခွင့်အရေး တွေကို မကိုင်တွယ်ဘဲ လမ်းတွေ၊ ပြန်လည်နေရာချထားရေး စခန်းတွေ တည်ဆောက်ဖို့သက်သက် အာရုံစိုက်တာဟာ ကျနော်တို့အမြင်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျနော့် ဆွေးနွေးချက်တွေမှာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်ပါတယ်” ဟု ရှမစ်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar Artist Shuns EU-Funded Show Over Ne Win Family Residence Deal ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဆီးရီးယားတွင် FBR မြန်မာဆေးဝန်ထမ်း သေဆုံး