အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ သည် ရာထူးမှ အငြိမ်းစားယူခြင်းသာ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ပြောသည်။
သူရ ဦးအောင်ကိုက “ပါမောက္ခချုပ် ဆိုတာ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါတယ်။ အပြင် တက္ကသိုလ်တွေက ပါမောက္ခချုပ်နဲ့ အတူတူ ပါပဲ။ ထေရဝါဒ တက္ကသိုလ်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာ ၆၅ နှစ် အထိ တာဝန် ထမ်းဆောင်ခွင့် ရှိပါတယ်။ အသက်ပြည့် တာမှာ ကျန်းမာကြံ့ခိုင်တယ်၊ စိတ်အားထက်သန်တယ် ဆိုရင် နောက်ထပ် ၁ နှစ်နဲ့ ၅ ကြိမ် အထိ တပ်တိုး ထမ်းဆောင်ခွင့် ပြုပါတယ်” ဟု ဆိုသည်။
ထိုကဲ့သို့ အငြိမ်းစားယူခြင်းသည် ထေရဝါဒ ဗုဒ္ဓသာသာနပြု တက္ကသိုလ်၏ ဥပဒေ၊ နည်းဥပဒေများအရ အငြိမ်းစားယူခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဝန်ကြီးက “ပါမောက္ခချုပ် တယောက်ရဲ့ လစာတို့၊ စရိတ်တို့ အကုန်လုံး ခံစားရတာ ဖြစ်ပါတယ်။ ဆရာတော် ကြီးက အသက် ၈ဝ ရှိနေပါပြီ။ ပင်လည်း ပင်ပန်းနေပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း ဒီကနေ အနားယူချင် ကြောင်း ပြောနေတာ ကြာပါပြီ။ အခုက တက္ကသိုလ်ရဲ့ ဥပဒေအရ အငြိမ်းစားယူခြင်းသာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ဆရာတော်ကြီးသည် ပါမောက္ခချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်မှာ ၁၄ နှစ်တာ ရှိပြီ ဖြစ်သည့်အတွက် ရာထူးမှ အနားယူလိုက်ခြင်းသာ ဖြစ်ပြီး အဆိုပါ ရာထူး၌ နောက်ထပ် မည်သူ့ကို ပြန်လည် ခန့်အပ်ထားရန်ကိုမူ လတ်တလော အတိအကျ မသိရသေးဟု သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းဝင်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
၎င်းက “အခု ဆရာတော်ကြီးကို ရာထူးက ထုတ်တယ်လို့ ပြောနေကြတာ။ ဗုဒ္ဓသာသာနာပြု တက္ကသိုလ်မှာ လုပ်ထုံး လုပ် နည်းတွေ သတ်မှတ်ပြီးသားပါ။ အခုက ဆရာတော် တာဝန်ထမ်းဆောင် ၁၄ နှစ် တောင်ဆိုတော့ အခု အနားယူလိုက်တာ ပါ” ဟု ဆိုသည်။
ဆရာတော်ကြီး၏ ပါမောက္ခချုပ် တာဝန်မှ အနားယူလိုက်ခြင်း အကြောင်းနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ မရရှိသေးဟု အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသာနာပြု တက္ကသိုလ်၊ မော်ကွန်းထိန်းဌာနမှ တာဝန်ရှိသူတဦးက ပြော ကြားသည်။
လူမှုကွန်ရက်တွင် ပါချူပ်ဆရာတော် တာဝန်မှ ဖယ်ရှားခံလိုက်ရသည်ဟု ပြောဆိုဝေဖန်နေကြခြင်းကို မြင်တွေ့ရသော် လည်း မိမိတို့ဌာန အတွင်း မည်သည့် အချက်အလက်မှ မသိရဟု ၎င်းက ဆက်ပြောသည်။
ဆရာတော်ကြီးသည် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေး စေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါ ဘိသေက အနေက ဇာတင်မဟာ မင်္ဂလာအခမ်းအနားသို့ မတက်ရောက်ခြင်းကြောင့် ရာထူးမှ အနားပေးခြင်းဟု လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေခြင်းသည် သတင်းမှားသာ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ပြောဆိုသည်။
သူရဦးအောင်ကိုက “အခု အဲဒီလိုတွေမှာ ဖော်ပြနေသလို အတင်းအကြပ် ဘာညာမဟုတ်ပါဘူး။ အသက်ပြည့်လို့ သက် တော်ကျော်နေပါပြီ။ ဆရာတော်ကြီးကို သက်တမ်း တိုးပေးတာ ၁၅ ကြိမ် ရှိပါပြီ။ ကမာ္ဘပေါ်မှာ ဘယ်နိုင်ငံမှာမှ သက်တော် ၈ဝ အထိ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံ့ဝန်ထမ်းတော့ မရှိပါဘူး” ဟု ဆိုသည်။
ဆရာတော်သည် ၁၉၄၀ ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် တပေါင်းလပြည့်နေ့)တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက သာသနာ့ဘောင်ကို ဝင်ရောက်လာခဲ့သူ ဖြစ်သည်။
သက်တော် ၈၀ နှစ်နီးပါး ရောက်ရှိနေပြီ ဖြစ်သည့် ဆရာတော်သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္က သိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူ ကမာ္ဘ့ဗုဒ္ဓသာသနာပြု တက္ကသိုလ် (စစ်ကိုင်းမြို့) စသည်တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည့် အပြင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် လည်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း ပြင်ဦးလွင်နှင့် မတ္ထရာမြို့များတွင်လည်း ကျောင်းခွဲများ တည်ဆောက်ထားကာ ပရိယတ္တိ၊ ပရိပတ္တိကို သင်ကြားပို့ချနေကြောင်း၊ ဆရာတော်သည် ကျမ်းစာ ရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်း ဖွင့်လှစ် သင်ကြားခြင်းများကို ယနေ့အချိန်အထိ ဆောင်ရွက်နေသူ ဖြစ်သည်။
ဆရာတော်ကြီးကို ဇွန်လ၂၀ ရက်က စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသာနာပိုင် အဖြစ် ခန့်အပ်ခြင်း အတွက် ဘွဲ့လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များကို ရွှေကျင် သာသနာပိုင် အဖွဲ့က ဆက်ကပ်ခဲ့သေးသည်။
You May Also Like These Stories:
ကမ္ဘာမှာ ဘုရားမဲ့ဝါဒီ အများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ
မဘသ အပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်မှု ပြီးဆုံးကြောင်း သာသနာရေး ကြေညာ
မကွေးတွင် ပိတ်ထားသည့် ဗလီတချို့ ဝတ်ပြုခွင့်ပြန်ပေး