မည်သည့်ဘာသာကို ကိုးကွယ်ကြသည် ဖြစ်စေ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသဖြင့် မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေကြရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်း မေတ္တာအဖွဲ့၏ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အကြံ ပြု ဆွေးနွေးဝိုင်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး က “မည်သည့်ဘာသာကို ကိုးကွယ်ကြသည် ဖြစ်စေ ကျနော်တို့ အားလုံးဟာ မြန်မာနိုင်ငံသားများ ဖြစ်တဲ့ အတွက် မြန်မာစိတ်မွေးပြီး မြန်မာနိုင်ငံအပေါ်မှာ သစ္စာစောင့်သိ ရိုသေကြရပါမယ်” ဟု ပြောသည်။
ယဉ်ကျေးမှု ထုံးတမ်း၊ ဓလေ့ထုံးစံ၊ ဘာသာရေး ဓလေ့ထုံးစံများ အပေါ်တွင် မှီငြမ်း ဆောင်ရွက်ရခြင်းမျိုး ရှိကောင်းရှိ မည် ဖြစ်သော်လည်း မိမိအယူအဆ၊ မိမိဆောင်ရွက်သည့် နေရာတွင် ဘာသာရေးကို ခုတုံးလုပ်ပြီး မတည်မငြိမ် ဖြစ် အောင် မဆောင်ရွက်သင့်ကြောင်း၊ ယင်းလှုံ့ဆော်မှုမျိုးကိုလည်း အားမပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
တပ်ချုပ်က “ဘာသာတရား အသီးသီးရဲ့ တူညီတဲ့လမ်းညွှန်မှု အဆုံးအမတွေကတော့ မေတ္တာဖြင့် ကူညီနေထိုင်ကြဖို့၊ မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကောင်းမှုကုသိုလ်ကိုသာ လုပ်ဆောင်ကြဖို့၊ ကောင်းမှု မကောင်းမှုတို့ကို ခွဲခြားသိမြင်နိုင်တဲ့ အသိပညာ wisdom တွေကို ရှာမှီးကြဖို့၊ ကောင်းမှုကိုသာပြု၍ မကောင်းမှုကို မပြုတဲ့ ကိုယ်ကျင့်သီ လကို စောင့်ထိန်းကြဖို့ စတာတွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “မြန်မာစိတ် မွေးကြရန်” ဆိုသည့် စကားကို မကြာခဏ ပြောဆိုလေ့ရှိသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစု အားလုံးသည် အခွင့်အရေး တန်းတူညီမျှဖြစ်ပြီး လူမျိုးဘာသာ ခွဲ ခြားမှု မရှိဘဲ “မြန်မာစိတ်” မွေးနိုင်မှ နိုင်ငံသည် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံနိုင်ငံများနောက် မကျန်ရစ်ဘဲ အမှီ လိုက်နိုင်မည်ဟု ၂၀၁၈ ခုနှစ် မတ်လက တကြိမ် ပြောဆိုဖူးသည်။
ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တနိုင်ငံ ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) ၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင်လည်း မြန်မာစိတ် မွေးကြရန် ပြောဆိုခဲ့သေးသည်။
ယနေ့ အခမ်းအနားကို တက်ရောက်လာသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွ့ဲချုပ် နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက အစွန်းရောက်ဝါဒ၏ အန္တရာယ်များကို သတိပေးသည်။
အစွန်းရောက် ဝါဒတွင် အစွန်းရောက် အမျိုးသားရေး ဝါဒ၊ စစ်တပ်ကြီးစိုးရေး ဝါဒ၊ မုန်းတီးရေး ဝါဒတို့သည် နာမည် အကြီးဆုံး ဖြစ်ပြီ ယင်း ၃ ခု ပေါင်းစည်းခြင်းကို နိုင်ငံရေးတွင် ဖက်ဆစ်ဝါဒဟု ခေါ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန် ဥက္ကာက ဆက်၍ “ကိုးကွယ်ရာ ဘာသာအားလုံးမှာ မေတ္တာထားဖို့နဲ့ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင် ကြဖို့ သင်ကြား ပေးတယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ ဘာသာတရားကို မှန်မှန်ကန်ကန် ကိုးကွယ်သူများ ထံမှ ရန်လိုမှုဆိုတာ ပေါ်ပေါက်စရာ အကြောင်း မရှိပါဘူး” ဟု ပြောဆိုသည်။
ယနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဘာသာရေး ခေါင်းဆောင်များက အဖွင့် အမှာစကား များ ပြောဆိုခဲ့ကြသည်။
ယခု အခမ်းအနား အပါအဝင် ဘာသာရေး ဆိုင်ရာ အခမ်းအနားများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ယခင်နှစ်များနှင့် မတူဘဲ ယခုနောက်ပိုင်းတွင် ပိုမို ပူးပေါင်း ပါဝင်လာသည်မှာလည်း ထူးခြားချက် တခုပင် ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် အောက်တိုဘာလ၌ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA) က ချီးမြှင့်သည့် “မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့” ကို ရန်ကုန်မြို့တွင် လက်ခံရ ယူခဲ့သေးသည်။
တပ်ချုပ်သည် ယင်းဘွဲ့တံဆိပ် မရမီ ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မတူညီသည့် ဘာ သာရေး အသိုင်းအဝိုင်း အသီးသီးဆီသို့ သွားရောက်ပြီး လှူဒါန်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီး၏ ဘာသာရေး ကျောင်းများသို့ လိုက်လံ လှူဒါန်းမှုများသည် နိုင်ငံတကာ ဖိအားများကြောင့် ဖြစ်ကြောင်း ဝေဖန်မှုများ ရှိသော်လည်း တပ်မတော်ဘက်က ယင်းသို့ သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။
လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ မွတ်စလင်များ အပေါ် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသူများ အဖြစ် အမေရိ ကန် နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ် ဇူလိုင်လက ကြေညာခဲ့သည်။
မြန်မာ အစိုးရ သမ္မတရုံးကမူ တပ်မတော် အကြီးအကဲများကို ယခုလို ပိတ်ဆို့ အရေးယူမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ် ပွားနေသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ မပြုသည့်အပြင် လက်ရှိ မြန်မာနိုင်ငံ ရင် ဆိုင်နေရသည့် ပြဿနာ၊ စိန်ခေါ်မှုများကို ပိုပြီး ခက်ခဲစေလိမ့်မည်ဟု ထုတ်ပြန် ပြောဆိုထားသည်။
တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇ ဝတ်မှုဆိုင်ရာ ခုံရုံး (ICC) ၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့” ရန်ကုန်မြို့ တွင် လက်ခံရယူ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား
နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်
မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း
စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း
တပ်ချုပ်အပေါ် အမေရိကန်၏ ပိတ်ဆို့မှု အနိုင်ကျင့်သည့် လုပ်ရပ်ဟု တပ်မတော် ပြော