ပုဂ္ဂလိက ဦးဆောင်သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး နှင့် စီးပွားရေး ဖွံဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးတို့တွင် အဓိက မောင်းနှင်အားအဖြစ် ရပ် တည်နေသော ပုဂ္ဂလိက အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရန် အတွက် ရည်ရွယ်ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ အောက်တိုဘာလ ၃၁ ရက်က ပေးပို့သော စာအရ သိရသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနက အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership-PPP) စာချုပ်ဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော စက်ရုံများ၏ ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်း ထူထောင်မည့် နိုင်ငံတော်၏ ပုံသေပိုင်ပစ္စည်းများ စီမံခန့်ခွဲရေး ဌာနခွဲ (State Assets Management Unit-SAMU) သို့ လွှဲပြောင်းရမည် ဖြစ်ခြင်းကြောင့်လည်း ဝန်ကြီးဌာန နှစ်ခုပေါင်းစည်းရမ ည် ဖြစ်ကြောင်း လွှတ်တော်သို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
အဆိုပါ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန တခုတည်း အောက်တွင် တစုတစည်းတည်းဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်များကို ထိ ရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ အသွင်ကူးပြောင်းရေးနှင့် ပုဂ္ဂလိက ဦးဆောင် သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပံ့ပိုး ကူညီပေးနိုင်မည့် အစိုးရ အဖွဲ့အစည်းတခု ပေါ်ပေါက်လာရေး အတွက်လည်း ရည်ရွယ်ကြောင်း ဆိုထားသည်။
ယင်းသို့ ဝန်ကြီးဌာန နှစ်ခုကို တခုတည်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည့် အစီအစဉ်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့၌ သမ္မတ တာဝန် ပေးအပ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်တွင် လာရောက် ရှင်းလင်း တင်ပြမည် ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်ခဲ့ခြင်းကြောင့် ၎င်း၏ နေရာကို လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပူးတွဲ တာဝန်ယူထားလျက် ရှိသည်။
သြဂုတ်လ အတွင်းက ပြုလုပ်သည့် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ၌ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်စာ တင်ခဲ့ရခြင်း ဖြစ်ကြောင်း သမ္မတရုံးဘက်က ပြောကြား ထားသည်။
ယင်းလ အတွင်းမှာပင် အစိုးရက လူငယ်ပညာရှင်တဦး ဖြစ်သည့် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိပိုင်ပြုရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို ယခင်ကတည်းက စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ကြား ပူးတွဲ လုပ်ဆောင်ခဲ့ကြပြီး ယခုတွင် ဝန်ကြီးဌာနတခုတည်း ဖြစ်သွားပါက မူဝါဒပိုင်း ချမှတ်ရာနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုမြန်ဆန်လာနိုင်ကြောင်း ပြည်သူ့ လွှတ်တော် ရင်းနှီးမြုုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း က ပြောဆိုသည်။
၎င်းက “အခုက စီမံ/ဘဏ္ဍာဝန်ကြီးက ဝန်ကြီးဌာန ၂ ခုစလုံးက ကိုင်နေတာပဲ။ ပြီးတော့ စက်မှုမှာက ဒုဝန်ကြီးပဲ ပြန်ခန့် ထားတော့ စက်မှုကိုလည်း စက်မှုဘက်က လူတွေပဲ လုပ်မှာပေါ့။ အရင်ကဆိုရင် ဝန်ကြီးဌာန နှစ်ခုဖြစ်နေတော့ တချို့ကိစ္စ ရပ်တွေ ကြန့်ကြာတာတွေ ဖြစ်တာပေါ့။ အခုက ဆုံးဖြတ်ချက် တခုချပြီးတာနဲ့ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်လာနိုင်မယ် ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “တခြား နိုင်ငံတွေမှာလည်း စက်မှုကို တခြား ဝန်ကြီးဌာန တခုခုနဲ့ ပေါင်းထားကြတယ်။ အများစုက စီးပွား/ကူးသန်း(Trade) နဲ့ ပေါင်းကြတယ်။ ဒါပေမယ့် ဘယ်လိုပဲ ပေါင်းပေါင်းပါ အောက်က ယန္တရားတွေက အားကောင်းဖို့တော့ လိုတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေးအတွက် နေ့စဉ်အသုံးပြုနေရသည့် လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် စားသောက်ကုန်၊ အထည်အလိပ်၊ ဆေးဝါးနှင့် အခြား လူသုံးကုန် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လယ် ယာကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် လိုအပ်သည့် မော်တော်ယာဉ် အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း သုံး ယာဉ်ယန္တရားများနှင့် ဘိလပ်မြေများ၊ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ၊ ဒီဇယ်အင်ဂျင်များ၊ စက်ပစ္စည်း ကိရိယာ များ၊ လျှပ်စစ်ပစ္စည်းများဖြစ်သည့် ထရန်စဖော်မာ၊ ပီဗွီစီဝါယာ၊ ကြေးကြိုးများ၊ တာယာနှင့် ရော်ဘာထွက်ကုန်များ၊ ရေအား လျှပ်စစ်တာဘိုင်နှင့် လျှပ်စစ်ဓာတ် အားပေးစက်များကို လည်းကောင်း ထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။
You May Also Like These Stories:
ရုံး လုပ်ထုံးလုပ်နည်း လွဲမှားမှုကြောင့် စက်မှုဝန်ကြီး အနားပေးခံရဟု သမ္မတရုံးပြော
စက်မှုဝန်ကြီး ဦးခင်မောင်ချို တာဝန်မှ အနားပေးခံရ