လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် သံသယ မထားစေလိုဘဲ သံသယရှိခဲ့ပါကလည်း ဥပဒေဘောင်အတွင်းမှ ကန့်ကွက်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း က “ကျနော်တို့ အပေါ် သံသယ မရှိပါနဲ့။ သံသယ ရှိခဲ့လည်း ကျနော်တို့ဆီ လာဆွေးနွေးလို့ ရပါတယ်။ ဖိတ်ခေါ်ပါတယ်။ သံသယကြီးနဲ့ ပြောတာတော့ ပြောတဲ့လူလည်း မကောင်းဘူး။ အပြောခံရတဲ့ လူလည်း မ ကောင်းဘူး” ဟု ယနေ့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက နေပြည်တော် UEC ရှိ အစည်းအဝေးခန်းမတွင် ၂၀၂၀ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီ ၇၄ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်း တွင် ပြောသည်။
ထို့အပြင် ကော်မရှင်၏ လုပ်ဆောင်ချက်များကို သံသယ ရှိနေပါက လာရောက်ဆွေးနွေးနိုင်ပြီး ကောင်မရှင်၏ တာဝန်အရ ဖြေရှင်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း၊ သံသယ ရှိနေပါကလည်း အပြစ်မတင်လိုကြောင်း ၎င်းက ပြောကြားခဲ့ပြီး ယနေ့ တွေ့ဆုံပွဲတွင် ကော်မရှင်သည် တက်ရောက်လာသည့် ပါတီများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
နိုင်ငံရေးပါတီ အချို့က ကော်မရှင်ကို သံသယရှိနေပြီး၊ မယုံခြင်းမှာ သဘာဝတရား ဖြစ်ကြောင်း၊ ဒိုင်လူကြီးက ဘောလုံး ဝင်ကန်မည်ကို ပြိုင်နေသူများက စိုးရိမ်နေသည့် အတွက် ရွေးကောက်ပွဲ ရလဒ် မှန်မှန်ကန်ကန် ထွက်ရှိလာမှသာလျင် ဒိုင်လူကြီးကို အလေးပြုမည် ဖြစ်ကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည် က သတင်းထောက်များကို ဥပမာပေး၍ ပြောခဲ့သည်။
၎င်းက “အခုထိ စိုးရိမ်နေတုန်းပဲ။ ယုံကြည်မှု လိုအပ်နေသေးတယ်။ ယုံကြည်ဖို့။ သံသယ အမြဲတမ်း ရှိနေတာ အမှန်တရား အတွက် နီးစပ်တယ်လို့ ကျနော်ယုံကြည်လို့ပဲ” ဟု ဆက်ပြောသည်။
ကော်မရှင် အနေဖြင့် တစုံတရာ ပြုလုပ်မည် ဆိုပါက နိုင်ငံရေးပါတီ အစုအဖွဲ့များကို ခေါ်ပြီး မည်သည့် ကိစ္စများ ဆောင်ရွက် နေသည်၊ မည်သို့ဆောင်ရွက်မည်၊ မဲစာရင်းများကို မည်သည့်ပုံစံဖြင့် ကောက်ခံသွားမည် အစရှိသဖြင့် ဆောင်ရွက်သင့် ကြောင်းကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ထောက်ပြ သည်။
ဦးလှသိန်း က “ဘာတွေကို ဘယ်လိုလုပ်မယ် ဆိုတာကို ဒီလိုရှင်းလင်းသွားမယ် ဆိုရင် တယောက်နဲ့ တယောက်က သံသ ယတွေ ပိုပြီးတော့ ပျောက်သွားပါလိမ့်မယ် အဲဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ယနေ့ ဆွေးနွေးပွဲတွင် ယခင်က ရှိခဲ့သည့် တပ်တွင်းမဲရုံများကို တပ်၏ အပြင်ထုတ်၍ တည်ဆောက်မည် ဟူသည့် ကိစ္စ ရပ်များ၊ မဲပေးခွင့် ရှိသူများသည် အမြဲတမ်း နေရပ်တွင် မဟုတ်ဘဲ မိမိ ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် ရက်ပေါင်း ၉၀ ( ၃ ) နေထိုင်ရုံဖြင့် မဲပေးခွင့် ရရှိသည့် အပေါ် တိုင်းရင်းသားပါတီ အချို့ စိုးရိမ်မှု ရှိနေသည့် အကြောင်းအရာများကို ဦးစားပေး၍ ဆွေးနွေးခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီမှ ကိုယ်စားတက်ရောက်သူ ဦးဘရှိန်က အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်နေသည့် New Myanmar ဖောင်ဒေးရှင်းမှ စီမံကိန်းဒါရိုက်တာ ဦးထင်ကျော်က “ကျနော်တို့ မဲရလဒ်စာရင်းကို ကြည့်တဲ့အခါမှာ အခက်အခဲတွေတော့ရှိတယ်။ စာရင်းယူဖို့ ခက်ခဲတာမျိုး၊ စာရင်းယူတယ် ဆိုတာက ပြင်ပကို ထုတ်ဖို့ မဟုတ်ဘူးပေါ့။ စာရင်း ပေါင်းတာ မှန်လား၊ မှားလား စဖြင့်ပေါ့။ အထူးသဖြင့် တိုင်းဒေသကြီး ပြည်နယ်အချို့မှာ စာရင်းယူတာ ခက်ခဲတာတွေ ရှိတယ်” ဟုဧရာဝတီသို့ ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှုရှိမှု၊ ပြည်သူဆန္ဒနှင့် ကိုက်ညီသည့် ရွေးကောက် ပွဲရလဒ် ထွက်ပေါ်မှုတို့အပါအဝင် စံ ၅ ချက်နှင့် ညီအောင် ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်သူများနှင့် နိုင်ငံရေးပါတီများက ကူညီပေးရန်လည်း ကော်မရှင် ဥက္ကဌက တိုက်တွန်းခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင် သက်တမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ ဆုံခြင်းမှာ ယခုတကြိမ် အပါအဝင် ၅ ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ တည်ဆဲနိုင်ငံရေးပါတီ ၉၆ ပါတီ ရှိပြီး ယနေ့ တွေ့ဆုံပွဲသို့ ၇၄ ပါတီ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းများအရ သိရသည်။
You may also like these stories: