သတင်း

ကျောက်တော် မိုင်းခွဲတိုက်ခိုက်မှုတွင် တပ်မတော်မှ အကျအဆုံးရှိဟု AA ဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာထိပ် တားတားအနီးတွင် တပ်မတော် စစ်ကြောင်းအား နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်းက မိုင်းခွဲ တိုက်ခိုက်မှုတွင် အမှတ် (၃၇၄) တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် တပ်ဖွဲ့ဝင် တချို့ကျဆုံးမှု ရှိကြောင်း AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက ”မနေ့က နေ့လည် ၁၂ နာရီလောက်မှာ တပ်မတော် စစ်ကြောင်းတခုကို သရက်တပင် ရွာထိပ်အနီးမှာ သရီးချောင်း ချောင်းကူးတံတားဆိုတာ ရှိတယ်။ အဲဒီအနားမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ခမရ ( ၃၇၄ ) တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရန်နောက်ဝင်း အပါအဝင် ၇ ယောက် ကျဆုံးတယ်။ နောက်ထပ် ဒဏ်ရာ ရတာတွေလည်း ရှိခဲ့တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တပ်မတော် စစ်ကြောင်း မိုင်းကွဲတိုက်ခိုက်ခဲ့ရသည့် သရက်တပင်ရွာ ထိပ်တံတားမှာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိပြီး ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော် စစ်ကြောင်းတခုက ကျောက်တော်ဘက်မှ မဟာမုနိဘုရားကြီး ဘက်သို့ ဖြတ်သွားစဉ်တွင် ပေါက်ကွဲသံ တခုကို ကြားလိုက်ရသော်လည်း ထိခိုက်မှု ရှိမရှိကိုတော့ မသိရှိကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

သရက်တပင်ကျေးရွာသား တဦးက “ မနေ့က ကျနော်တို့ ရွာထပ်က တံတားဟိုဘက် အလွန် မှာ ပေါက်ကွဲသံတခုကိုတော့ ရွာသားတွေ ကြားရပါတယ်။ အသံကြားကတည်းက ဘယ်သူမှ အပြင် မထွက်ရဲဘူး။ သွားလည်း မကြည့်ရဲဘူး။ အဲဒီကတည်းက ကားလမ်းမ ထက်က ဆိုင်ခန်းတွေလည်း အားလုံးပိတ်ပြီး အိမ်ထဲက မထွက်ရဲကြတော့ဘူး။ တပ်က လူတွေက အခုထိ အဲဒီတံတားနားက ဈေးဆိုင်တန်း တွေမှာ နေကြပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရသည့်ဆိုသည့် အမှတ် ( ၃၇၄ ) တပ်ရင်းမှာ ကစ္ဆပနဒီ တံတားအနီး ရှိ ကျောက်တော် အခြေစိုက် တပ်ရင်းတခုဖြစ်ပြီး မိုင်းကွဲမှုဖြစ်စဉ် နောက်ပိုင်းတွင် ကားလမ်းမ ကို ခဏတာ ပိတ်ထားခဲ့ပြီး မွန်းလွဲ ၂ နာရီးဝန်းကျင်လောက်မှ ကားများ ဖြတ် သွား ခွင့် ရရှိခဲ့ကြောင်း ကျောက်တော်ဒေသခံများမှ သိရှိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အဆိုပါ သရက်တပင် ကျေးရွာအနီးတွင် ယမန်နေ့က မိုင်းကွဲမှု ဖြစ်စဉ် မရှိသလို တပ်ဖွဲ့ဝင်များ ကျဆုံးမှု မရှိကြောင်း ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “ အဲဒီ သရက်တပင်တံတားအနီးမှာ မနေ့က မိုင်းကွဲတာလည်း မရှိဘူး။ ထိခိုက်တာလည်း မရှိဘူး။ မနေ့က လက္ကာရွာအနားမှာ မိုင်းကွဲတာ ရှိတယ်။ အဲဒီမှာတော့ စစ်သည်တချို့ ဒဏ်ရာရတာတော့ ရှိတယ်။ အခု သရက်တပင်ရွာမှာ လူစာရင်းတွေ ဘာတွေ စစ်ဆေးတယ် ဆိုတာလည်း ယိုးချောင်း ရွာသာယာက ဖြစ်စဉ်မှာ သတင်းနည်းနည်း ပါးပါး ပေါ်လို့ သတင်း ကွင်းဆက်အနေနဲ့ စစ်ဆေး တာလောက်ပဲနေမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြေပုံမြို့နယ် ယိုးချောင်းထဲက အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ရွာသာယာ ကျေးရွာအား နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက တပ်မတော် စစ်ကြောင်းက ပိတ်ဆို့ကာ လူဦးရေ စာရင်းကို စစ်ဆေးမှုများ ပြုလုပ်သလို မသင်္ကာမှုဖြင့် ရွာသားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များ ကြောင့် ရွာသားများမှာ ဆက်မနေ ရဲတော့ဘဲ ယနေ့ မနက်ပိုင်းက စက်လှေများဖြင့် နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က “ တပ်က ယိုးချောင်းတား ကနေပြီး ရွာကို ပိတ်ထားတယ်လို့ သိရတယ်။ ရွာသားတွေက ၃ ရက်လောက်ရှိပြီး အပြင်လည်း မထွက်ရဘူး ။ ရွာပြင်ကလူလည်း အထဲမဝင်ရဘူး။ အဲဒီမှာ ရွာသား ၅ ယောက်ကိုလည်း ဖမ်းခေါ်သွားတယ် ။ ဘယ်ကို ခေါ်သွားမှန်းလည်း မသိရဘူး ။ ရွာနားမှာ တိုက်ပွဲ မဖြစ်ဘဲနဲ့တောင် ဒီလို လုပ်တယ်ဆိုရင် တိုက်ပွဲသာ ဖြစ်ရင် မလွယ်ဘူး ဆိုပြီး ရွာသားတွေက စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကို ဒီနေ့ လှေတွေနဲ့ ရွာကို စွန့်ပြီး ပြေးနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုမြေပုံမြို့နယ် အတွင်းက ရွာသာယာကျေးရွာအား တပ်မတော်စစ်ကြောင်းက ဝင်ရောက် စစ်ဆေးပြီး ရွာသားတချို့ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာ နချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက လိုအပ်၍ ခေါ်ယူ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “ကျနော်တို့က တရားဝင် အဖွဲ့အစည်းလေဗျာ။ လိုအပ်လို့ ခေါ်ယူ စစ်ဆေးမှုကတော့ လုပ်ရမှာပေါ့။ ဒီလိုမှ မလုပ်ရင် ဒီရွာအထွက်တွေ၊ တံတားအထွက်တွေမှာပဲ မိုင်းခွဲ၊ မိုင်းထောင်ခံနေရတာ။ ခေါ်စစ်တယ်ဆိုတာလည်း လိုအပ်ချက် အရ သတင်းရလို့ ခေါ်ယူ စစ်ဆေးမှု လုပ်ရတာပေါ့ ။ ဒါကို ဒေသခံတွေ ကလည်း ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ကြီး တခုလို ပြောပြောနေတယ်။ ကိုယ်သာ မှန်တယ်ဆိုလို့ ရှိရင် ဘာမှ စိတ်ပူစရာ မလိုဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဖမ်းဆီးခံရသည့် ရွာသား ၅ ဦး ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဆက်သွယ် စုံစမ်းသော်လည်း သေချာသည့် တုန့်ပြန် ဖြေကြားမှုကို မရှိသည့်အတွက် ဥပဒေနှင့် အညီသာ ဆောင်ရွက် စေချင်ကြောင်း ပြောသည်။

ဦးဖေသန်း က “ရွာသားတွေ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က အတတ်နိုင်ဆုံး ကူညီပေးတာတော့ ရှိတယ်။ လူကြီးတွေကိုလည်း ဆက်သွယ်မေးမြန်တာ ရှိတယ်။ ဒါပေမဲ့ သူတို့( တပ် )ကတော့ ဖမ်းသွားတယ် ပြောတော့လည်း မဖမ်းလို့ ဆိုတယ်။ စစ်ဆေးနေတယ်လို့ ဆိုပြန်တယ်။ နောက်ထပ် ပြောတော့ည်း AA နဲ့ ဆက်သွယ်လို့ ဖော်ထုတ်နေတယ်လို့လည်း ပြောတယ်။ နောက်တခါ နယ်မြေ ရှင်းလင်းရေး လုပ်နေတာ လို့လည်း ပြောတယ်။ ကျနော် ဖြစ်စေချင်တာက အပြစ်ရှိရင် တရားစွဲမယ် ဆိုလည်း စွဲပါ။ အခုကဘယ်ကို ခေါ်ပြီး ဖမ်းထားမှန်းလည်း မသိဘူး။ စုံစမ်းမေးမြန်တော့လည်း ဘာမှ မသိရဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီခန့်ကလည်း ၎င်းမြေပုံမြို့နယ် ဝက်ရူးကျေးရွာက ဇနီးမောင်နှံ ၂ ဦး ရွာသာယာ ကျေးရွာမှ ငါးရောင်းပြီး စက်လှေဖြင့် အပြန်တွင် တပ်မတော် စစ်ကြောင်းက ပစ်ခတ်သည့်အတွက် ဇနီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ် ဦးခင်သန်းမှာ ကျည်ဆန်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုမှာ တနှစ်နီးပါးအထိ ကြားမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများမှာလည်း အရပ်သား အစိုးရလက် တိုက်ပွဲဖြစ်ပွားမှုတွင် ထိခိုက် ကျဆုံးမှု အများဆုံး တိုက်ပွဲတခုလည်း ဖြစ်သည်။

နှစ်ဘက် ထိတွေ့ တိုက်ခိုက်မှုမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျှက် ရှိပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောမြို့ နယ်များ အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး နှစ်ဘက် တပ်ဖွဲ့ဝင် တချို့ ကျဆုံးမှု ရှိကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းက တိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံ ခံရမှု များမှာလည်း တနေ့ထက် တနေ့ များပြား လျက် ရှိကာ စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့် လာနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading