ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး စွပ်စွဲဆောင်ရွက်လာမှုများသည် သမာသမတ် မရှိတော့သလို ဘက် ၂ ဘက် အမြင်ကိုလည်း ထည့်သွင်းစဉ်းစားမှု မရှိတော့သည်ကို တွေ့ရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အသင်းဝင်နိုင်ငံများက ကျားကန်ပေးထားသော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲ ဆိုခြင်း၊ မြန်မာ အစိုးရ၊ တပ်မတော် ခေါင်းဆောင်းများ အာဂျင်တီးနား တရားရုံးတွင် တရားစွဲခံရခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) က မြန်မာကို စုံစမ်းစစ်ဆေးရန် သဘောတူသည့် ဖြစ်ရပ်များ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စွပ်စွဲချက်တွေကို လုံးဝ သဘောမတူဘူးဆိုတာထက် စွပ်စွဲချက်တွေ သမာသမတ်ကျမှု ရှိဖို့ လိုအပ်တယ်လို့ပဲ ပြောချင်တယ်။ စွပ်စွဲတဲ့ဟာတွေကို သဘောမတူဘူးလို့ ပြောလည်း အလကားပဲ။ ကျနော်တို့မှာ လည်း အထောက်အထားတွေ ရှိတယ်။ ပြန်လာတဲ့လူတွေ ဘာကြောင့် ပြန်လာချင်နေကြတာလဲ။ အဲဒီလို ၂ ဖက် မျှမျှတတ တွေးဖို့တော့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ပြီးတော့ ရခိုင်အရေးက ဘာသာရေးနဲ့ သက်ဆိုင်မှု မရှိဘူး။ ဒါကို ဘာသာရေးပုံစံမျိုး သွတ်သွင်း လာတာမျိုးကလည်း မကောင်းပါဘူး”ဟု မှတ်ချက်ပြုသည်။
သို့သော် ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာ အစိုးရသည် ၎င်း၏ နိုင်ငံခြားရေး ပေါ်လစီအရ လုပ်သင့်လုပ်ထိုက်သည် များကို ကုလသမဂ္ဂတွင် ရှိနေသည့် ကိုယ်စားလှယ်က ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာအတွက် လုပ်ဆောင်ရမည့် အလုပ်များကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
ယခုလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုရသည့် ကိစ္စမှာ ယခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် နိုင်ငံ ၅၇ ခု ပါဝင်သော OIC ၏ ဝန်ကြီးအဆင့် အစည်း အဝေးတခုတွင် ဆုံးဖြတ်ခဲ့ခြင်းဟု ကြားသိရကြောင်း ကုလသမဂ္ဂမှမြန်မာ ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြောဆိုထားသည်။
ICJ သည် ကုလသမဂ္ဂ၏ တရားရေးဆိုင်ရာ အစိတ်အပိုင်းတခု ဖြစ်ပြီး ယင်းအဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံများကြားမှ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန်နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ကုလ သမဂ္ဂမှအခြားအဖွဲ့အစည်းများနှင့် အထူးအေဂျင်စီများက တင်သွင်းလာသည့် တောင်းဆိုမှုများအတွက် ဥပဒေရေးရာ အမြင်များ အကြံပေးရန် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ICC အဖွဲ့ ဝင် နိုင်ငံ မဟုတ်သဖြင့် စုံစမ်း စစ်ဆေးပိုင်ခွင့် မရှိကြောင်း ပြောဆိုထားသော် လည်း ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့က မြန်မာနိုင်ငံအပေါ် ICC က စုံစမ်းခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ရာ ယင်း လုပ်ငန်းစဉ်တွင်လည်း မြန်မာက ပူးပေါင်း ပါဝင်မည် မဟုတ်ကြောင်း တုန့်ပြန်ထားသည်။
နိုင်ငံကို တရားစွဲဆိုမှုအပြင် လူပုဂ္ဂိုလ်များဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုလည်း မွတ်စလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်သည် ဆိုသော စွပ်စွဲချက်ဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့က အင်ဂျင်တီးနားနိုင်ငံ တရာရုံးတခုသို့ လူ့အခွင့်အရေး အဖွဲ့အစည်း တချို့က တင်သွင်းထားသည်။
“အစိုးရဘက်မှာ အင်ဖော်မေးရှင်း ယန္တရား မရှိဘူး။ တပ်မတော်က ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ Follow up လုပ်လာရတော့ ဒီဟာကို ထောက်ခံသလို ဖြစ်လာတယ်။ အမှုတွဲလို ဖြစ်လာတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရပါ အမှုတွဲထဲမှာ ပါသွားတယ်။ ဒါကြောင့် အာဂျင်တီးနား ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် နာမည် ပါလာတာ”ဟု အစ္စလမ်ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
အကယ်၍ မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဘူး ဆိုပါက ကုလသမဂ္ဂ စုံစမ်းရေး မစ်ရှင်များကို ဝင်ခွင့်ပြုသင့်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ဆိုသော်လည်း အင်းဒင်နှင့် ဂူတာပြင် ဖြစ်စဉ်များကို ဆက်စပ်အရေးယူမှုများအား ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ကို ငြင်း၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နှစ်ပေါင်း ၇၀ ခန့် ရှိပြီ ဖြစ်သည့် လွတ်လပ်သည့် နိုင်ငံတခု အနေဖြင့် ယခုလို တရားစွဲဆိုခံရခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ပြီး ယခုလို ဖြစ်ရခြင်းမှာ ရခိုင်အရေးကို ကိုင်တွယ်ခဲ့သူများ၏ ညံဖျင်းမှု၏ အကျိုးဆက်ကို ခံရခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။
ဒေါက်တာခင်ဇော်ဝင်း “အစိုးရတွေ တပ်တွေ ဘာပဲ ပြောနေပြောနေ မြန်မာနိုင်ငံသားတယောက် အနေနဲ့ ခံရခက်တယ်။ ရှက်စရာလည်း ကောင်းတယ်။ ဒီကိစ္စကို အရှိ၊ အရှိအတိုင်း မရင်ဆိုင်ရင်တော့ အလကားပဲ။ မွတ်စလင်တွေက စုပြီးတော့ ငါတို့ကို ဗိုလ်ကျနေတယ်ဆိုတဲ့ အမြင်မျိုးတော့ သွားမမြင်နဲ့။ အဲလို အမြင်မျိုးက ၁၉ ရာစုနှစ်က အင်္ဂလိပ်နဲ့ ရင်ဆိုင်တုန်းက ရှုံးခဲ့ရတဲ့ အမြင်တွေ”ဟု ပြောသည်။
ရခိုင်ပြည် မြောက်ပိုင်းသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး ဘင်္ဂလီများနှင့် တွေ့ ဆုံခဲ့ရာတွင် ၎င်းတို့ကို မေးမြန်းချက်များအရ တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်သည် ဆိုသော မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်သည့် ကိစ္စရပ်များကို ကျူးလွန်ခဲ့ခြင်း မရှိဟု ပြောဆိုကြကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က ပြောသည်။
“ဒါတွေနဲ့ ပတ်သက်လို့ သတင်းလည်း ထုတ်ပြန်ပေးခဲ့ပြီးပြီ။ အခုကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ အစိုးရက ဆက်လက် ဆောင်ရွက်ပါလိမ့်မယ်”ဟု ဦးယုလွင်အောင်က ပြောသည်။
တပ်မတော်က စစ်ဆင်ရေးတွေ ဆောင်ရွက်ရာတွင် နယ်မြေဒေသ လုံခြုံရေး၊ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး စွပ်စွဲနေကြသည့် လူမျိုးတုန်း သတ်ဖြတ်မှုသာ ကျူးလွန်ခဲ့ပါက ယင်းဒေသတွင် လူတဦးတယောက်မျှ ရှိတော့မည် မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ပြီးရင် ဒီဘက်မှာ ပြန်ဝင်လာတဲ့သူတွေ ရှိတယ်။ ယခင်ကတည်းက ကျန်နေခဲ့တဲ့သူတွေ ရှိတယ်။ တကယ်လို့သာ အဲဒီမှာ သူတို့ သုံးသပ်သလိုသာ ဖြစ်ခဲ့ရင် ဒီကျန်နေခဲ့တဲ့သူတွေက ဘယ်လိုလုပ်နေနိုင်မလဲ။ ဟိုဘက်မှနေတဲ့သူတချို့ ဆိုရင် ပြန်ဝင်ဖို့အတွက် တောင်းဆိုနေတာ ကြာပြီ”ဟု ၎င်းက ပြောသည်။
တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနတိုင်းရင်းသားများကလည်း စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား မဟုတ်သူ အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ရာ တပ်မတော်က နယ်မြေလုံခြုံရေး၊ တိုင်းရင်းသားများ လုံခြုံရေး ဆောင်ရွက်သည့်အခါ ယခုလို စွပ်စွဲချက်များ ပေါ်ပေါက်လာရကြောင်း ပြောကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ယခုလို တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု မစတင်မီ ပြီးခဲ့သည့် ဇွန်လက ပြုလုပ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရန် အမေရိကန် အောက်လွှတ်တော်အမတ် ဘရက်ရှာမင်ကက ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်သည်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင်များကို လိုလားသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဖြစ်ရန် ထိုက်တန်ကြောင်း ၎င်းက လွှတ်တော် ကြားနာပွဲတခုတွင် ပြောဆို သည့်အခါ မြန်မာ အစိုးရက တရားဝင် ကန့်ကွက်ရန် စဉ်းစားခဲ့သေးသည်။
ထို့ပြင် အမေရိကန် အောက်လွှတ်တော်အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး တပ်မတော်ကို အရေးယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီး ဖြစ်သည်။
ယင်းဥပဒေကြမ်း အတည်ပြုနိုင်ပါက မြန်မာတပ်မတော်သို့ အမေရိကန် စစ်ဘက် အကူအညီများ တိုးချဲ့မှုကို ပြုပြင် ပြောင်းလဲသည် အထိ ရပ်ဆိုင်းထားရန်၊ မြန်မာ စစ်ဘက် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ဘဏ္ဍာရေး ကန့်သတ်ခြင်းတို့ ပြုလုပ် ရန်နှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။
နိုင်ငံတကာ ပြောဆို စွပ်စွဲချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကလည်း လက်မခံဘဲ ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုထားသည်။
You may also like these stories:
ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို
ဘက်မလိုက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောစကားကို မြန်မာ ကန့်ကွက်