နိုင်ငံတော်အတိုင်ပင်ခံဘဝ မရောက်မီ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်ကြီးများကို ဆန့်ကျင်သောကြောင့် နေအိမ်အကျယ်ချုပ် ၁၅ နှစ်နေခဲ့ရပြီး နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များက သူရဲကောင်းအဖြစ် ချီးမြှောက်ခဲ့ကြသည်။
ယခုအခါတွင်မူ သူသည် ဗိုလ်ချုပ်ကြီးများနှင့် စေ့စပ်ရင်ကြားစေ့ရေး မျှော်ကိုးပြီး တပ်မတော်က ကျူးလွန်ခဲ့ပုံရသော စစ်ရာဇဝတ်မှုများကို မသိကျိုးကျွန် မျက်နှာလွှဲခဲ့သည်ဟု ဆိုကာ ယခင်က ထောက်ခံခဲ့သော လူ့အခွင့်အရေးအဖွဲ့များက တရားစွဲလာကြသည်။
၂၀၁၇ ခုနှစ် သြဂုတ်လက စစ်တပ်ကဦးဆောင်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပါဝင်သော ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုသူ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် “လူမျိုးတုန်းသတ်ဖြတ်မှု” စစ်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ကူညီခဲ့သည်ဟု အာဂျင်တီးနား နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က စွဲဆိုသောအမှုတွင် စွပ်စွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့ကို ကျန်းမာရေးနှင့်ပညာရေး အခွင့်အလမ်းများ အပြင်းအထန် ကန့်သတ်ထားသည့် သီးခြားနေရာများတွင် ထိန်းချုပ်ထားခြင်းကဲ့သို့ မျိုးဖြုတ်သတ်ဖြတ်ခြင်းသို့ တိမ်းညွှတ်သည့် အစိုးရမူဝါဒများကို ကြီးကြပ်သည်ဟု ထိုအမှုက စွပ်စွဲသည်။
ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိရေး အားထုတ်မှုများသည် အများအားဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို စီစဉ်သည့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်ကြီးများကိုသာ အဓိက ပစ်မှတ်ထားခဲ့သည်။
သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကီဗင် ရတ် ကဲ့သို့သော အချို့သူများက ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို ထိန်းချုပ်ခွင့်မရှိဟု ဆိုကာ ကာကွယ်ကြသည်။ မြန်မာ့တပ်မတော်သည် ၂၀၁၅ ခုနှစ်က အများအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲကို ကျင်းပခွင့်ပေးခဲ့သော်လည်း ကြီးမားသော အာဏာများကို ချုပ်ကိုင်ထားဆဲဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူမတွင် ရှိသောအာဏာကို ရိုဟင်ဂျာများကို ကူညီရန် မသုံးဘဲ ဖျက်ဆီးရန် အားထုတ်မှုများကို ကူညီရန် သုံးသည်ဟု အာဂျင်တီးနားတွင် စွဲသော ရာဇဝတ်မှု စွပ်စွဲချက်က ဖော်ပြသည်။
“လူမျိုးတုန်းသတ်ဖြတ်ရန် အစီအစဉ်တခုလုံးကို အရပ်သားအာဏာပိုင် အမျိုးမျိုး၏ ပူးပေါင်းပါဝင်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ထောက်ခံမှု သို့မဟုတ် သဘောတူညီမှုမရှိဘဲ လုပ်ကိုင်နိုင်ခဲ့မည် မဟုတ်ပေ” ဟု ထိုစွပ်စွဲချက်တွင် ဖော်ပြထားသည်။
“တဖက်ကကြည့်မယ်ဆိုရင် လူသတ်မှု၊ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု စတာတွေပါဝင်တဲ့ စစ်တပ်က ကျူးလွန်ထားတဲ့ စက်ဆုတ်စရာ ရာဇဝတ်မှုတွေ အောက်ခြေမှာ ရှိနေတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းနှင့် တရားလိုဖြစ်သော လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) ကို ကိုယ်စားပြုသော ရှေ့နေ သောမတ်စ် အိုဂျေ ကင်တားနားက Al Jazeera သို့ပြောသည်။
“ဒါပေမယ့် အခြားတဖက်က ကြည့်ပြန်တော့လည်း အရပ်ဖက် အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တဲ့ မူဝါဒတွေ အများကြီးရှိနေတယ်” ဟု သူက ပြောသည်။
ထိုမူဝါဒများတွင် ရိုဟင်ဂျာများကို စခန်းများတွင် ထားခြင်း၊ သံဆူးကြိုး ကာရံထားသော ရပ်ကွက်များတွင် ထားခြင်းနှင့် ပြည်နယ် မြို့တော် စစ်တွေတွင် စစ်ဆေးရေးစခန်းများ ထားရှိခြင်းတို့ ပါဝင်သည်။
“ကျနော် အဲဒီလို သီးခြားခွဲထားတဲ့ နေရာတွေကို အကြိမ်များစွာရောက်ခဲ့ပြီး သူတို့အပြင်ကို ထွက်မရအောင် လုပ်ထားတယ်ဆိုတာကို ကိုယ်တိုင်မြင်ခဲ့တယ်” ဟုလည်း ကင်တားနားက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားက တရားစွဲဆိုမှုတွင် အမည်ဖော်ပြပြီး တပတ်အကြာတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကလည်း မြန်မာနှင့်ပတ်သက်သည့် စွပ်စွဲချက်ကို ဆက်လက်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး ICJ တွင်လည်း ဂမ်ဘီယာနိုင်ငံက စွဲချက်တင်သည့် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် သီးခြားရင်ဆိုင်ရသည်။
ယခုအမှုများသည် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ ကိုယ်ပိုင်ဒေသ ထူထောင်ရေးအတွက် ကောင်းစွာ စီစဉ် ငွေကြေးထောက်ပံ့ထားသော ကြံစည်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရသူ ဦးမျိုးညွန့်က ပြောသည်။
“ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မှုဖြစ်တဲ့အတွက် နိုင်ငံတကာဖိအား ဘယ်လောက်ပဲများများ ကျနော်တို့က အလျှော့ပေးမှာ မဟုတ်ဘူး။ နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတာ ဘယ်နည်းနဲ့မဆို ကာကွယ်ရမယ့် အဖိုးတန်အရာဖြစ်တယ်” ဟု သူပြောသည်။
“၂၀၁၇ ခုနှစ်က တိုက်ခိုက်မှုတွေ အတွင်း ဘယ်အကြမ်းဖက်မှုကို မဆို တားဆီးဖို့ ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံး လုပ်ခဲ့တယ်” ဟုလည်း သူက ပြောသည်။
လူမျိုးတုန်း သတ်ဖြတ်သည်ဟူသည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ စွပ်စွဲချက်များကို အစိုးရနှင့် တပ်မတော်ကပါ တသံတည်း ပယ်ချကာ လက်နက်ကိုင် အကြမ်းဖက်သမားများကို တရားဝင်စစ်ဆင်ခြင်း ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လက်မှတ်ရေးထိုးထားသည်။ ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဒုက္ခသည် ၇၃၀၀၀၀ အတွက် အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခြင်းအတွက် စီရင်ခွင့်ရှိသည်ဟု ထိုတရားရုံးကဆိုသည်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာက စွဲဆိုသော ထိုအမှုအတွက် ပထမအကြိမ်ကြားနာမှုကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်သည်။
ICJ သည် ပုံမှန်အားဖြင့် နိုင်ငံများအကြား ဥပဒေ အငြင်းပွားမှုနှင့် နယ်စပ်အငြင်းပွားမှု ပြဿနာများကို ကိုင်တွယ်လေ့ရှိသော်လည်း မကြာသေးမီက စတင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်များ ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်လာသည်။
အခြားသောအမှု ၂ ခုနှင့်မတူဘဲ BROUK ၏ အာဂျင်တီးနားတွင် လျှောက်ထားမှုသည် အကြွင်းမဲ့တရားစီရင်ခွင့် အပေါ် မှီခိုသည်။ အကြွင်းမဲ့ တရားစီရင်ခွင့်ဆိုသည်မှာ မည်သူက မည်သည့်နေရာတွင် ကျူးလွန်သည့်အမှုကို မဆို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် သဘောဖြစ်သည်။
အာဂျင်တီးနား တရားရုံးများသည် စပိန်အာဏာရှင်ဟောင်း ဖရန်ကိုနှင့် တရုတ် ဖလွန်ဂေါင် လှုပ်ရှားမှုများကဲ့သို့သော အမှုများတွင် ယခင်ကလည်း အကြွင်းမဲ့တရားစီရင်ခွင့်ကို ကျင့်သုံးခဲ့ဖူးသည်။
တိုင်ကြားမှုကို ဆက်လက် လုပ်ဆောင်သင့်မသင့်နှင့် ပတ်သတ်ပြီး ဗျူနိုအေရီတရားရုံးသည် အစိုးရရှေ့နေထံမှ ထင်မြင်ချက်ကို တောင်းခံမည်ဖြစ်သည်။ ထိုရှေ့နေသည် နှစ်ပတ်အတွင်း အကြောင်းပြန်မည်ဟု မျှော်လင့်ရသည်ဟု ကင်တားနားက ပြောသည်။
ထိုနောက်တရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား စွပ်စွဲခံရသူများကို တရားရုံးသို့ မဆင့်ခေါ်မီ မျက်မြင်သက်သေများ အပါအဝင် သက်သေ အထောက်အထားများကို ကြားနာစစ်ဆေးမည်ဖြစ်သည်။
စွပ်စွဲခံရသူများကို လာရောက်ရန်ငြင်းဆန်ပါက ဖမ်းဝရမ်း ထုတ်နိုင်ခြေရှိသည်။
ယခင်သမ္မတ ဟောင်းများဖြစ်သော ဦးသိန်းစိန်နှင့် ဦးထင်ကျော်တို့ကိုလည်း အခြားအရာရှိ အများအပြားနှင့်အတူ အမှုတွင် အမည် ဖော်ပြထားသည်။
ကိုးကား။ ။ Aljazeera, AFP
ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာကို စစ်ဆေးရန် ICC အတည်ပြု
ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော