မန္တလေးမြို့တွင် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ၁ ဖွဲ့ဖြစ်သည့် AA နှင့် ဆက်စပ်နေသည်ဟုဆိုကာ ဖမ်းဆီးထားသူ ၆ ဦး၏ အမှုမှ တရားလို ဖြစ်သူ ဒုရဲမှူး ဇော်နိုင် ကို မန္တလေးခရိုင် တရားရုံးတွင် ယနေ့ စတင် စစ်ဆေးခဲ့သည်။
“ယနေ့ AA အဖွဲ့ဝင်များ ဖမ်းဆီးရမိတဲ့ အမှုမှာ မင်နက် သက်သေဖြစ်တဲ့ တရားလို ဒုရဲမှူးဇော်နိုင်ကို စစ်ပါတယ်၊ နောက်ရုံးချိန်းမှာ ရဲအုပ်ရဲဝင်းကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်၊ တရားခံပြေး ၃ ဦးနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်ချက်ကတော့ အမှုကြီးနဲ့အတူ ပူးတွဲ စစ်ဆေးနေပါတယ်”ဟု မန္တလေးခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောသည်။
လက်ရှိတွင် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိသဖြင့် ရုံးတင် စစ်ဆေးနေသူများမှာ AA တပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော်၊ ဝင်းသိန်းနှင့် ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း သိရသည်။
ထိုသူ ၆ ဦးကို အောက်တိုဘာ ၈ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် အမှတ် ၁၁ နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်နိုင်က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ယနေ့သည် စတုတ္ထအကြိမ်မြောက် ရုံးချိန်း ဖြစ်သည်။
“စစ်တဲ့ အခါမှာ စွပ်စွဲခံရသူ စုစုပေါင်း ၉ ဦးပါ။ ၃ ဦးကတော့ အပြေးဖြစ်ပါတယ်၊ ၆ ဦးထဲက အဓိကကျတဲ့ စွပ်စွဲခံရသူ ၃ ဦးကတော့ ရှေ့နေ ငှားထားတယ်။ စွပ်စွဲခံရသူ ၁၊ ၂၊ ၃ ကတော့ ရှေ့နေငှားထားတာ မရှိသေးပါဘူး။ ကျနော်ကတော့ ကျနော့်ကို ငှားရမ်းထားသူအတွက် တရားခွင်မှာ အကောင်းဆုံး မေးမြန်းခဲ့ပါတယ်၊ တရားလိုကလည်း ဖြစ်စဉ်အမှန်ကို ဖြေကြားထားတာ ဖြစ်တဲ့အတွက် ရုံးက ဘယ်လို သုံးသပ်မလဲဆိုတာကို ကြည့်ရမှာဖြစ်တယ်။ ကျနော်ကတော့ စွပ်စွဲခံထားရသူ အားလုံးနဲ့ တရားရုံးအချုပ်မှာ တွေ့ခွင့်ရတယ်”ဟု ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး၏ ပြောခွင့်ရသူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ပြောသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀၊ဒဿနလမ်း၊ အမှတ်(က-၅/၇၇) နေအိမ်တွင် AA လက်နက်ကိုင် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းအရ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ အမှတ် ၆၇၈ နေ အောင်လင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ စပါးဆိပ်ရပ်နေ ဦးမြတ်ခိုင်နှင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပင်ရောက်ကျေးရွာနေ ချမ်းငြိမ်းတို့ ၃ ဦးအား တွေ့ရှိသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် အဆိုပါ နေအိမ် အပေါ်ထပ် အခန်းအတွင်းအား ဆက်လက်ရှာဖွေရာ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ ၃ ထုပ်၊ ယမ်းဖြူဟု ယူဆရ သော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို ၁ ထုပ်နှင့်အတူ THLIRAYA XT-ITTE. Satellite Phone အသစ် အလုံးရေ ၄၀၊ မှန်ပြောင်း (BAIGISH) made in RUSSIA ၃၀ ခု၊ GARMIN (GPS+GLONASS) ၂၅ လုံးတို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းစိပ်ကျေးရွာနေ ဖိုးကျော်ဆိုသူ ရောက်ရှိလာသဖြင့် ၄ ဦးမြောက်အဖြစ် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ဖမ်းဆီးရမိခဲ့သူ ၄ ဦးအား မှုခင်းအထူးတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့တို့က ဆက်လက်စစ်ဆေးခဲ့ရာ နောက်ဆက်တွဲအဖြစ် ဝင်းသိန်း၊ ကျော်ကျော်ဖြိုး(ခ)ဆံရှည်တို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တရားခံပြေး ၃ ဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်သည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိမှု နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများတွင် ၂ ဦးမှာ AA ရခိုင့်တပ်မတော်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး ပါဝင်ကြောင်း အတည်ပြု ပြောကြားထားသည်။
မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခံရသည့် ၆ ဦးအနက်မှ ၃ ဦးမှာ ရှေ့နေငှားရမ်းနိုင်ခြင်း မရှိသလို ထောင်အချုပ်၊ တရားရုံးအချုပ်များတွင် မိသားစုဝင်များနှင့်လည်း ဧည့်တွေ့ခွင့်မရဟု သိရသည်။
၎င်းတို့၏ အခွင့်အရေး အဖြစ် ရှေ့နေ ငှားရမ်းန်ိုင်ကြောင်း၊ ဧည့်တွေ့ခွင့် ကိစ္စမှာ အချုပ်ခန်း ကြီးကြပ်သည့် ရဲတပ်ဖွဲ့ ဝင်များနှင့်သာ သက်ဆိုင်ကြောင်း မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအဖွဲ့က ပြောသည်။
ထိုသို့ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)ဖြင့် အမှုဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် ကျင့်-၅၁၂ တို့ဖြင့် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကာ အဆိုပါအမှုတွင် တရားလို ဒုရဲမှူးဇော်နိုင်အပြင် တရားလိုပြသက်သေ ၂၃ ဦး တင်သွင်းထားကြောင်း သိရသည်။
You May Also Like These Stories :
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်
မူးယစ်မှုဖြင့် တရားစွဲခံရသည့် ARG ဥက္ကဋ္ဌ သက်သေမခိုင်လုံ၍ ပြန်လွှတ်