စက်ရုံပိုင်ရှင်မှ လူမှုဖူလုံရေးကြေး လစဉ် ဖြတ်တောက်သော်လည်း အစိုးရသို့ ပေးသွင်းခြင်းမရှိဟုဆိုကာ ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်မှောက် ဆန္ဒပြလျက် ရှိသည်။
ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်၂ ရှိ ကိုရီးယားနိုင်ငံသားပိုင် World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၃၀၀ ကျော် နိုဝင်ဘာလ ၇ ရက်မှ စတင်၍ ယနေ့ချိန်ထိ ပြေလည်မှုမရှိသေးဘဲ ဆန္ဒပြနေကြခြင်းဖြစ်သည်။
လစဉ် လူမှုဖူလုံရေးကြေးများကို အလုပ်သမားများထံမှ ကောက်ခံလျက် ရှိသော်လည်း အစိုးရကို ပေးသွင်းခြင်း မရှိသဖြင့် လူမှုဖူလုံရေး ကတ်များ၊ ဆေးကုသခွင့်နှင့် အကျိုးခံစားခွင့်များ မရရှိခြင်း ဖြစ်ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားများက ပြောသည်။
အဆိုပါ စက်ရုံတွင် လုပ်သက် ၃ နှစ်ခန့် ရှိသည့် မနန်းခင်မွှေး က “လူမှုဖူလုံရေးကြေးက ၃၀၀၀ နီးပါးဖြတ်ပြီးတော့ မသွင်း ဘူး။ အဲဒီငွေကို မဖြတ်ဘူးဆိုရင်တောင် ကျမတို့မိသားစု ချွေချွေတာတာစားရင် ၂ ရက်လောက် ထမင်းစားလို့ ရတယ်” ဟု ဆိုသည်။
ကျန်းမာရေး စောင့်ရှောက်မှု လူမှုဖူလုံရေးကြေးကို လုပ်ငန်းရှင်ဘက်မှ ၂ ရာခိုင်နှုန်း၊ အလုပ်သမားဘက်မှ ၂ ရာခိုင်နှုန်း ထည့်ဝင်ရခြင်း ဖြစ်သည်။
လုပ်သက် ၄ နှစ်ကျော် ရှိပြီဖြစ်သည့် မနှင်းနွယ်ဦးကလည်း “ကျမတို့ဆီကတော့ လတိုင်း ဖြတ်တယ်။ ပိုက်ဆံတွေကိုကျ တော့ သွားမသွင်းဘူးဆိုတော့ ကိုယ့်ရဲ့ပိုက်ဆံတွေကို အလွဲသုံးစား လုပ်သလိုပဲ၊ ကိုယ့်ရဲ့ခံစားခွင့်တွေကို ချိုးဖောက်သလို ဖြစ်နေတယ်။ အလုပ်သမားတွေက လူမှုဖူလုံရေးကြေးကို အားကိုးတကြီးနဲ့ သွင်းထားတာလေ။ ကိုယ့်ရဲ့ ကျန်းမာရေး အတွက် သွင်းထားတဲ့ ပိုက်ဆံကို သူတို့ အလွဲသုံးစား လုပ်တာလေ။ သူတို့ကို ထိရောက်စွာ အရေးယူစေချင်တယ်” ဟု ဆို သည်။
World Jin အထည်ချုပ် စက်ရုံ လုပ်ငန်းရှင်သည် အလုပ်သမားများ၏ ဝင်ငွေမှ လူမှုဖူလုံရေးကြေး ထည့်ဝင်ရမည့် ငွေပမာ ဏကို လစဉ် ဖြတ်တောက်ခဲ့သော်လည်း အစိုးရထံသို့ ထည့်ဝင်ခြင်း မရှိသည်မှာ ၈ လခန့် ရှိပြီဟု မြို့နယ် လူမှုဖူလုံရေးရုံးမှ သိခဲ့ရကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောဆိုသည်။
ထိုကဲ့သို့ ပျက်ကွက်မှုနှင့် ပတ်သက်၍ ညှိနှိုင်းရာ လုပ်ငန်းရှင်မှ နိုဝင်ဘာလ ၁၄ ရက်တွင် ၂ လစာ ပေးသွင်းပြီး ကျန် ၆ လစာကို ၁၂ လပိုင်း၌ နောက်ဆုံးထားကာ၂ ဖြတ် ခွဲသွင်းပေးမည်ဟု မြို့နယ် လူမှုဖူလုံရေးရုံးနှင့် ညှိနှိုင်းခဲ့ကြောင်း အလုပ် သမားများထံက သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက အလုပ်ရှင်ဘက်မှ သီးခြား အတည်ပြုချက် ရယူနိုင်ရန် ကြိုးစားသော်လည်း မရရှိခဲ့သလို ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးရုံးသို့ သွားရောက် မေးမြန်းခဲ့သော် လည်း ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။
စက်ရုံ အလုပ်သမား မနှင်းနွယ်ဦးက “သူဋ္ဌေးကသာ ခွဲပြီး သွင်းတာ ရှိတာလေ။ လူမှုဖူလုံရေးကို သွားတဲ့အခါကျရင် သူတို့ က၂ လစာပဲ သွင်းထားတဲ့ အတွက် ခွင့် လုပ်ပေးမှာ မဟုတ်ဘူး။ အလုပ်သမားတွေဘက်မှာ အခက်အခဲ ရှိတယ်” ဟု ပြော သည်။
ထို့ပြင် လုပ်သက်ခွင့်၊ ရှောင်တခွင့်များ ရရှိရန်၊ လုပ်ခလစာနှင့် အချိန်ပိုကြေးများ၊ မှန်မှန်ကန်ကန် တွက်ရန်၊ လုပ်သက် ၁ နှစ်ပြည့်ပြီး အလုပ်သမားများ၏ ၁ ရက် လုပ်အားခနှုန်းထားကို ကျပ် ၅၀၀ တိုးမြှင့်ပေးရန်တို့ အပါအဝင် ချိုးဖောက်ခံနေရ သည့် အလုပ်သမား အခွင့်အရေးများကို ပြန်လည် ရရှိရန်လည်း တောင်းဆိုနေကြကြောင်း အလုပ်သမားများထံက သိရှိရ သည်။
လူမှုဖူလုံရေး နည်းဥပဒေ၏ အခန်း ၁၀၊ ပုဒ်မ ၉၂ တို့တွင် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးသည် အလုပ်ရှင်က ထည့် ဝင်ကြေးငွေနှင့် ပျက်ကွက်ကြေးများကို ပေးသွင်းရန် တမင်ပျက်ကွက်ကြောင်းတွေ့ရှိပါက တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
ထို့ပြင် အခန်း ၁၁ ပုဒ်မ ၉၃ တွင် တရားစွဲဆိုခံရသော အလုပ်ရှင်သည် ထည့်ဝင်ကြေးများနှင့် ပျက်ကွက်ကြေးများကို ပေး သွင်းရန် တမင် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မနန်းခင်မွှေး က “စည်းကမ်း မတင်းကြပ်လို့ သူတို့က ချိုးဖောက်တာ၊ စည်းကမ်းသာ တင်းကြပ်မယ်ဆိုရင် လုပ်ငန်းရှင်က နိုင်ငံခြားသားလေ၊ သူက မြန်မာပြည်မှာ အလုပ် လာလုပ်နေတာ။ အစိုးရက တင်းတင်းကြပ်ကြပ် လုပ်တယ်ဆိုရင် သူဘယ် လိုလုပ် လုပ်ရဲမှာလဲ။ အစိုးက တင်းတင်းကြပ်ကြပ် မလုပ်လို့ သူဒီလို လုပ်ရဲတာလေ” ဟု ဆိုသည်။
ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့မှ မအေးစန္ဒာဝင်း က “အဲဒီလို ခွဲပြီး ပေးတာကို အစိုးရက လက်ခံတဲ့ ပုံစံဖြစ်နေတယ်။ အခု လက်ရှိမှာဆို လူမှုဖူလုံရေးကို သွားပြတဲ့ အလုပ်သမား ရှိတယ်။ ၁ ယောက်သွားပြမှ ၁ ယောက်ကို ကျနော် လုပ်ပေး မယ်ဆိုပြီး ရွှေပြည်သာ လူမှုဖူလုံရေး ဦးစီးမှူးက ဖြစ်နေတာက မကောင်းဘူး။ ဥပဒေကို သူတို့ (အစိုးရ)ကသာ အလုပ်သ မားတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်ဆိုရင် ဒီလို ပြဿနာမျိုးက ဖြစ်လာစရာမလို ဘူး” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အလုပ်ရှင်တွေ အနေနဲ့ကလည်း မြန်မာပြည်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်သလို အလုပ်သမား ဥပဒေတွေကို စည်းကြပ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနက လူတွေကလည်း သေသေချာချာ စိစစ်ကိုင်တွယ်နိုင်မှသာလျှင် လက်ရှိ တောင်းဆိုနေတဲ့ အလုပ်သမားအရေး ကိစ္စတွေက လျော့သွားမယ် ထင်တယ်။ အဲဒီ လို မဟုတ်ဘဲ လတ်တလော ဖြစ်လာတဲ့ ပြဿနာတွေ အပေါ်မှာပဲ အခြေခံပြီးတော့ ပြီးပြီးရော ဖြေရှင်းပေးနေမယ့် အပေါ် ယံမျိုးဆိုရင် အလုပ်သမားတွေရဲ့ဘဝက ဒီထက်ပိုပြီး ဆိုးရွားဖို့ပဲ ရှိတယ်” ဟု ပြောဆိုသည်။