နယ်သာလန် နိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် အတွက် လူ့အခွင့်အရေး ကျူလစ်မြန်မာ (Human Rights Tulip Myanmar 2019) ဆုကို လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ (Synergy)မှ ကိုသက်ဆွေဝင်းနှင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့ကို ပေးအပ်ချီးမြှင့်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
နယ်သာလန် အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး Tulip ဆု ၂၀၁၉ ခုနှစ်ကို မတူကွဲပြားမှုများအကြား သဟဇာတ ဖြစ်သည့် လူ့အဖွဲ့အစည်းဖြစ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ၎င်းတို့အား ပေးအပ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျမတို့ WLB က အမျိုးသမီးအရေး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့ဟာ အဓိက ပင်မအုတ်မြစ်ဖြစ်တယ်။ အဲဒီအပေါ်မှာ တစိုက်မတ်မတ် အနှစ် ၂၀ ကျော်အတွင်းမှာ ကြိုးစားပြီး စည်းရုံး လှုံ့ဆော်မှုတွေ လုပ်တယ်။ ဖယ်ကြဉ် ခံထားရတဲ့သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံထားရသူတွေ နှုတ်ဆိတ်နေတဲ့ သူတွေ အတွက်ကို လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ အကျိုးကျေးဇူးတွေ ပြန်ခံစားရတယ်လို့ ယူဆပါတယ်” ဟု WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။
နှစ်ပေါင်း ၂၀ ကျော် အမျိုးသမီးများအရေး၊ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသည့် ဂုဏ်သိက္ခာ ရှိသော အဖွဲ့တဖွဲ့ဖြစ်သည့် WLB အနေဖြင့် ထိုဆုကို ထိုက်ထိုက်တန်တန် ရရှိသည့်အတွက် ဂုဏ်ယူကြောင်းလည်း ဆု ရရှိသူတဦးဖြစ်သည့် ကိုသက်ဆွေဝင်းက မှတ်ချက်ပြုသည်။
“ဝမ်းသာပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ အရပ်ဖက် အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေ အ တွက် ပိုပြီးခက်ခဲတဲ့ အနေအထားတခု ရောက်နေတာမျိုး ရှိပေမယ့် ဒါကို မဆုတ်မနစ်နဲ့ ဆောင်ရွက်နေသူတွေ ရှိ တယ်။ ဒီပေးတဲ့ အဖွဲ့အစည်းက ရွေးချယ်လို့သာ ကျနော် ရလိုက်သော်ငြားလည်း ကျနော့်ထက် ပိုပြီး အသက်တွေ ဘဝတွေ ရင်းပြီးလုပ်နေကြတဲ့ တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့သူတွေ အများကြီးရှိတယ် တ နိုင်ငံလုံးမှာ။ ဒီလူတွေအတွက်ကိုပါ ခွန်အားဖြစ်စေတဲ့ အရာတခုလို့ ကျနော့်အနေနဲ့ မြင်ပါတယ်” ဟု ကိုသက်ဆွေဝင်း က ဧရာဝတီကို ပြောသည်။
ယခုဆုကိုလည်း ၎င်းတယောက်တည်း ရသည့်ဆုဟု မယူဆဘဲ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး၏ဘဝ ကောင်းစားရေး ကြိုးပမ်း ဆောင်ရွက်နေကြသည့် တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးသမားများ အားလုံးကို ချီးမြှင့်သည့် ဆုဟု သတ်မှတ်ကြောင်း၊ နောက်နှစ်များတွင်လည်း လူငယ် တက်ကြွလှုပ်ရှားသူများ၊ လူငယ်အဖွဲ့အစည်းများကို ထပ်ပေးနိုင် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ကို နောက်ပြန်မလှည့်စေဖို့အတွက် အသိအမှတ်ပြု တစုံတရာ ရတယ်လို့ ယူဆတယ်။ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေဟာ အချည်းအနှီး မဖြစ်ဘူး အသိအမှတ်ပြု တစုံတရာရတယ်လို့ လက်ခံတယ်။ ဒါက ရှေ့ဆက် သွားဖို့အတွက် တွန်းအားပါပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာဖို့အတွက်ကို လုပ်ကြတဲ့ ကိစ္စတွေမှာ တစုံတရာ တွန်းအားဖြစ်စေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ကိုသက်ဆွေဝင်းသည် ၂၀၁၀ မှ စတင်ကာ တက်ကြွလှုပ်ရှားသူ တယောက်အနေဖြင့် လူငယ်အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သကဲ့သို့ လက်ရှိ၌လည်း မတူကွဲပြားသည့် ဘာသာလူမျိုးများ အကြား သဟဇာတ ဖြစ်အောင် နေထိုင်ရေး၊ ပဋိပက္ခ ကာကွယ် တားဆီးရေးကို အဓိကထား လုပ်ဆောင်နေသည့် Synergy ၏ အမှုဆောင် ဒါရိုက်တာအဖြစ်လည်း ပါဝင်ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး Wouter Jurgens က “နယ်သာလန်အစိုးရဟာ လူ့အခွင့်အရေးသည် စည်းမျဉ်းများကို အခြေခံတဲ့ ဒီမိုကရေစီစနစ်မှာ တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာတခုလို့ သတ်မှတ်ပါ တယ်။ ဒါကြောင့် လူ့အခွင့်အရေးအတွက် ခြွင်းချက်မရှိ ဘက်လိုက်မှု မရှိဘဲ ထုတ်ဖော်ပြောဆိုရဲတဲ့ (ကို)သက်ဆွေဝင်း နဲ့ အမျိုးသမီးများ အဖွဲ့ချုပ်တို့လို လူများကို လိုအပ်ပါတယ်” ဟု ပြောကြားသည်။
Human Rights Tulip Myanmar 2019 ဆုရရှိသူများကို ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်မည့် ဒီဇင်ဘာ ၁၂ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
နယ်သာလန် အစိုးရသည် ကမ္ဘာတဝန်း လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ သည့် လူ့အခွင့်အရေး ကာကွယ်သူများအား တနှစ်တကြိမ် Human Rights Tulip ဆု ချီးမြှင့်လေ့ ရှိပြီး ယမန်နှစ်မှ စတင်ကာ ကမ္ဘာတလွှားရှိ နယ်သာလန် သံရုံးများက ပထမဆုံးအဖြစ် လူ့အခွင့်အရေး ကာကွယ်သူများကို သက်ဆိုင်ရာ နိုင်ငံအလိုက် Tulip ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
Human Rights Tulip Myanmar 2018 ဆုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေ သည့် အသံ (Athan) အဖွဲ့ တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခက ရရှိခဲ့သည်။
You may also like these stories:
အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ
ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော
ဦးနေဝင်းအိမ်ကို ငှားသောကြောင့် EU ပန်းချီပြပွဲမှ မြန်မာပန်းချီဆရာ နုတ်ထွက်