ပိတ်ပင်ထားသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်သည့် ဂျမက် အူ မူဂျာဟေဒင် ဘင်္ဂလားဒေ့ရှ် (JMB) ကို လူသစ်စုဆောင်းပေးသည်ဟူသော သံသယဖြင့် စစ်တကောင်းတွင် မြန်မာနိုင်ငံမှ ဒုက္ခသည် အမျိုးသားတဦးနှင့် ဒေသခံတဦး ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေးအေဂျင်စီများက ဖမ်းဆီးလိုက်သည်။
ထိုနှစ်ဦးကို ကော့ဗဇားနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဆိပ်ကမ်းမြို့ဖြစ်သော ပါတီယာ ခရိုင်ခွဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကော့ဗဇားတွင် လွန်ခဲ့သော နှစ်နှစ်က မြန်မာနိုင်ငံတွင် စစ်ရေးချေမှုန်းမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာမွတ်ဆလင် သိန်းနှင့်ချီနေထိုင်သော စခန်းများရှိသည်။
အဖမ်းခံရသူနှစ်ဦးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်း ရပ်ရှဟီ ခရိုင်မှ အသက် ၃၅ နှစ်အရွယ် မိုဟာမက် အဗ္ဗဒူလာအယ်လ် ဆေယက်နှင့် အသက် ၃၃ နှစ်အရွယ် ဒုက္ခသည် မိုဟာမက် အစ္စမေးလ် တို့ကို စစ်တကောင်း တရားရုံးတွင် တင်ပြီးနောက် ရမန်ရယူခဲ့ကြောင်း ပါတီယာ ရဲစခန်းမှ တာဝန်ခံ ဘော်ဟန် အူဒင်ကပြောသည်။
ထပ်မံစုံစမ်းစစ်ဆေးမှုများကို စောင့်နေစဉ်အတွင် ၎င်းတို့နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားမည်ဟုလည်း သူပြောသည်။
ဆေယက်သည် ရပ်ရှဟီ အရပ်မှ လာသော်လည်း ကော့ဗဇားရှိ တက်ကနက်ခရိုင်ခွဲမှ လီဒါတွင် နေထိုင်ဖူးကြောင်းနှင့် အစ္စမေးလ်သည် တက်ကနက် နာရာပါရာမှ စခန်း ၁ မှဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ လျှပ်တပျက် တပ်ဖွဲ့(RAB) ကကြာသပတေးနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်တွင်ဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးများမှ ထွက်ပြေးစဉ် ထိုနှစ်ဦးလုံးကို ဖမ်းမိခြင်းဖြစ်သည်။
လက်ရှိ JMB အဖွဲ့ဝင်များသည် အစွန်းရောက်ဝါဒ စာအုပ်များနှင့် လက်ကမ်းစာစောင်များဝေရန် စစ်တကောင်းမှ ကော့ဗဇားသို့ အများပြည်သူသုံး ဘတ်စ်ကားဖြင့်လာနေကြောင်း RAB က သတင်းရရှိသည်ဟု ဆိုသည်။
ရှာဖွေစဉ်အတွင်း အကြမ်းဖက်ဝါဒ လှုံ့ဆော်သော လက်ကမ်းစာစောင်များနှင့် အစွန်းရောက် စာအုပ် ၆ အုပ် သိမ်းဆည်းမိကြောင်း ထိုကြေညာချက်က ဆိုသည်။
၎င်းတို့သည် ဟာဒစ် (မိုဟာမက်၏ တရားများ) နှင့် ကိုရမ်ကျမ်းကို မှားယွင်းသော ဖွင့်ဆိုမှုများပြုုလုပ်ပြီး လူငယ်များနှင့် အခြား အပြစ်ကင်းသူများကို ပစ်မှတ်ထား ရည်ရွယ်ကြောင်း ထိုသံသယရှိသော အစွန်းရောက်နှစ်ဦးက စစ်ဆေးစဉ် ဝန်ခံသည်ဟု RAB ၏ ကြေညာချက်အရ သိရသည်။
JMB အဖွဲ့ဝင်များသည် ဒုက္ခသည်များ၏ အကူအညီဖြင့် တက်ကနက်တွင် စည်းရုံးရေးလုပ်ငန်းများ လုပ်ရန်ကြိုးစားနေသည်ဟု RAB ကပြောကြောင်း ဒါကာအခြေစိုက် Daily Star သတင်းစာက ဆိုသည်။
အစ္စမေးလ်သည် မြန်မာဘက်ခြမ်းမှ ခိုလုံလာသူ ဖြစ်ကြောင်းနှင့် သူနှင့်ဆေယက်တို့သည် ကော့ဗဇားမှ လူများအာကားတွင် လက်ကမ်းစာစောင်နှင့် စာအုပ်များ ဖြန့်ချိရန် ကြံစည်နေစဉ် RAB က သူတို့ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း စစ်ဆင်ရေးကို ဦးဆောင်သူ RAB 7 မှ လက်ထောက်ရဲအုပ် မာစကာ ရာမန် ကပြောသည်။
Daily Star သတင်း၏ အဆိုအရ ဆေယက်သည် အစိုးရဆန့်ကျင်ရေးလုပ်ငန်းမျးတွင် ဒေသခံများပါဝင်ရန် လူသစ် စုဆောင်း ရေး ရည်ရွယ်ချက်ဖြင့် တက်ကနက်သို့ သွားလာနေသည်မှာ လွန်ခဲ့သော ၂ နှစ်ခန့်မှပင်ဖြစ်ကြောင်း သိရသည်။
“ အစ္စမေးလ်က ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ ဝင်ရောက်ချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတာ။ သူက စက်တပ် လန်ခြား မောင်းသမား လုပ်ဖူးတယ်။ အဲဒီလန်ခြားကိုမောင်းရင်း ဆေယက်နဲ့ မိတ်ဆွေဖြစ်တာ” ဟု ထို RAB အရာရှိကပြောသည်ဟု ထိုသတင်းကဆိုသည်။ “နောက်တော့ အစ္စမေးလ်က သူကနေတဆင့် အဲဒီအဖွဲ့ကို ဝင်လိုက်တာ” ဟုလည်း ပြောကြောင်း ဖေါ်ပြထားသည်။
RAB-7 တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မိုရှီဝါ ရာဟာမန် ဂျူဝယ်က “ဒေသခံလူငယ်တွေကို အကြမ်းဖက်မှုကျူးလွန်ရေး လှုံ့ဆော်ဖို့နဲ့ လူသစ်စုဆောင်းဖို့ ကော့ဗဇားကို လာတာလို့ သူတို့က ကျနော်တို့ကို ပြောထားတယ်” ဟု ပြောကြောင်းလည်း သတင်းက ဆိုသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကြန့်ကြာနေပါက ရိုဟင်ဂျာကလေးများသည် လူငယ်များဖြစ်လာသောအခါ အကြမ်းဖက်ဝါဒ၏ ဆွဲဆောင်မှုကို ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း ၂၀၁၉ ခုနှစ် ဧပြီလက ဘင်္ဂလားဒေ့ရှ် ထိပ်တန်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲအရာရှိတဦးက ပြောကြားခဲ့ဖူးသည်။
ရိုဟင်ဂျာများရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသော ပြဿနာရှိကြောင်းနှင့် အစိုးရသည် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာပြန်လည်ပို့ဆောင်ရေးအတွက် နည်းလမ်းရှာနေကြောင်း ဒါကာမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဌာန အကြီးအကဲ မိုနီရူ အစ္စလမ်ကပြောကြောင်း ဧရာဝတီသတင်းဌာနက ယခင်ကပင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သောအပတ်က ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ ငြိမ်ဝပ်ပိပြားရေးကော်မတီ ဥက္ကဌသည် ကော့ဗဇားရှိ ရိုဟင်ဂျာစခန်းများမှ ရာဇဝတ်မှု ကိန်းဂဏန်းများကို ဆွေးနွေးခဲ့ပြီး စခန်းများအတွင်း အခြေအနေမှာ ယခင်ကာလအားလုံးထက်ကောင်းမွန်ကြောင်း ကြေညာခဲ့သည်။
(ဒါကာမြို့ရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Rohingya Man Among Two Arrested in Bangladesh for Aiding Extremists ကို ဘာသာပြန်ဆိုဖော်ပြသည်။)
You may also like these stories:
AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့ကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားရုံးတင်
မန္တလေးက AA ဖောက်ခွဲရေးအမှု တရားလိုကို စတင် စစ်ဆေး
ရခိုင်အသင်း(စင်ကာပူ)အမှု ၊ AA နှင့်ပတ်သက်သည့် သက်သေခံနှစ်ခု တရားရုံးလက်ခံ