သတင်း

လားရှိုးမြို့ပေါ်ရပ်ကွက်တချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပေါ်ရှိ ရပ်ကွက် တချို့ ရှော့တိုက်ဒုံးများဖြင့် ယနေ့ မနက်ပိုင်း က ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

လားရှိုးမြို့၏ အနောက်ဘက် မီတာ ၁၅၀၀ အကွာရှိ ဗြုန်းတောင်ဆိုသည့် နေရာမှ ရှော့တိုက်ဒုန်း ၆ လုံးဖြင့် ပစ်ခတ်ရာ ၄ လုံးကွဲ၍ ၂ လုံးမှာ မကွဲကြောင်း၊ ၂ လုံးမှာ နယ်မြေခံ တပ်ရင်း၏ နောက်ဘက်သို့ ကျရောက်ခဲ့ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရပ်ကွက်ထဲကို ကျတာကတော့ အမျိုးသမီး တယောက် လက်မှာ ထိခိုက် ဒဏ်ရာ ရတယ်။ မစိုးရိမ်ရဘူး။ အဲဒါကြောင့် ကျနော်တို့ တပ်တွေနဲ့ နယ်မြေစိုးမိုးရေး ပြန်လည် ဆောင်ရွက်လျက် ရှိပါတယ်။ အခုလာပစ်တာ TNLA အဖွဲ့ ပါပဲ” ဟု ပြောသည်။

လားရှိူးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းများအရ သိရှိသော်လည်း မည်သူ့ လက်ချက်ဆိုသည်ကို တိတိကျကျ မသိသေးကြောင်း ပြောသည်။

TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော် က “လားရှိုးဖြစ်စဉ်က ကျနော်တို့လည်း သတင်းပေါ်မှာ တွေ့တယ်။ ဘယ်သူ့လက်ချက်လဲ မသိဘူး။ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်နေတာက ကျောက်မဲဘက်မှာပဲ ရှိတယ်။ ဒီကိစ္စ ဘယ်သူ့လဲဆိုတာ ဘာမှ ထဲထဲဝင်ဝင် မသိသေးဘူး” ဟု ပြောသည်။

လားရှိုးဒေသခံ ဦးလှမင်းသန်းကလည်း လားရှိုးမြို့ ပညာရေး ကောလိပ်၏ အနောက်ဘက် ဗြုန်းတောင်ပေါ်မှ ပစ်ခတ်သဖြင့် လူတဦး အနည်းငယ် ထိခိုက်ပြီး အိမ်အုတ်နံရံများ၊ ကားတစီးတို့တွင် ထိလိုက်မှု တချို့ ရှိကြောင်း ပြောသည်။

ဦးလှမင်းသန်းက “ဒေသခံတွေကတော့ ကြောက်လန့်နေတာပေါ့။ ဘယ်နေရာမှာ ဘယ်လိုကျမလဲဆိုတာ ဘာမှ မသိနိုင်ဘူးလေ။ အသံ ကြားလိုက် လန့်နေရလိုက်ပေါ့။ အခုကလည်း ကျချင်တဲ့နေရာကျ ဆိုတော့ အခုလည်း ကျတဲ့နေရာက ၂ နေရာ။ သူတို့ ပစ်တာတွေက ခန့်မှန်းလို့ မရဘူးဆိုတော့ ကြောက်ကြတယ်။ ဘယ်အဖွဲ့ က လုပ်တာလည်းတော့ မသိဘူး” ဟု ပြောသည်။

လားရှိူးမြို့ခံ သတင်းထောက် တဦးကလည်း “သူတို့ ပစ်ခတ်တယ်ဆိုတာ လူနေအိမ်ခြေတွေကို ပစ်ခတ်သလို ဖြစ်တော့ အရပ်သားတွေ အလကားနေ ထိခိုက်ရတယ်။ ပစ်ခတ်ခံရတဲ့ တချို့အိမ်တွေဆိုလို့ရှိရင် လူမရှိလို့ ရှိရင် တော်တော်များများ ထိခိုက်မယ့် အခြေအနေတွေရှိတယ်။ လူနေရပ်ကွက်တွေဘက်ကို ပစ်တာ မဖြစ်စေချင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခု ဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာလ ၁၃၊ ၁၄ ရက်နေ့များက ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လုံခြုံရေး ယူနေသည့် တပ်မတော် စစ်ကြောင်းများကို ချောင်းမြောင်း ပစ်ခတ်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့၏ တောင် ဘက်နှင့် မြောက်ဘက်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက “အခုလည်း တပ်ကိုလည်းပစ်တယ်။ လူနေရပ်ကွက်ကိုလည်း ပစ်တဲ့သဘောပဲ။ တပ်ဘက်ကိုရော အရပ်ဘက်ကိုရော ပစ်တဲ့ သဘောပဲ။ လူနေရပ်ကွက်ကို ပစ်တာကတော့ တည်ဆဲဥပဒေအရ ရာဇဝတ်မှုကို ကျူးလွန်သလိုမျိုး ဖြစ်နေတယ်။ စစ်ဘက်ပစ်မှတ် မဟုတ်တာကို တမင်ရည်ရွယ်ပြီး လာပစ်သလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့ တို့ရှိ တပ်မတော် အဆောက်အဦများကို ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ရှော့တိုက်ဒုံးများ အသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

ယမန်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်ကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အရှေ့ဘက်တွင်ရှိသည့် နယ်မြေခံ တပ်ရင်းကို ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သို့သော်လည်း ထိုပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း တပ်မတော်ဘက်က ပြောသည်။

You may also like these stories:

ကျောက်မဲ အခြေစိုက် တပ်မတော် တပ်ရင်းဌာနချုပ်တခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

ရှမ်းမြောက်တိုက်ပွဲများ၌ ပြည်သူကို ပစ်မှတ်ထားမှု ရပ်တန့်ရန် အရပ်ဖက်အဖွဲ့များ တောင်းဆို

Loading