အစိုးရကို ပေးသွင်းရန် ရွှေအကြွေးကျန်သည့်အတွက် အချုပ်နှင့် တရားရင်ဆိုင်နေရသည့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန် သာမက အခြား ကျန်ရှိနေသည့်ကုမ္ပဏီ ၁၃၀ ကျော်ကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက “တရားစွဲဆိုဖို့ ဆောင်ရွက်တဲ့ ကုမ္ပဏီ စုစုပေါင်း ၁၃၈ ရှိတယ်။ အဲ့ဒီမှာမှ နို့တစ်စာ ပို့ထားတာက တရားစွဲဖို့ ဆောင်ရွက်နေ တာက ကုမ္ပဏီပေါင်း ၁၀၄ ခုရှိတယ်” ဟုပြောသည်။
အစိုးရထံသို့ ပေးသွင်းရန် ကျန်ရှိနေသည့် ကုမ္ပဏီ ၁၅၃ ခု မှ အောက်တိုဘာ ၃၀ ရက်အထိ အစိုးရထံသို့ ပေးသွင်းရန် ရွှေကြွေးကျန်စုစုပေါင်း ရွှေစင် ပိဿာ ၁၃၀ ကျော် (ကျပ်သား တသောင်း သုံးထောင်ကျော်) ကျန်ရှိနေကြောင်းနှင့် ကုမ္ပဏီ ၁၃၈ ခုကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို တရားစွဲသကဲ့သို့ နိုင်ငံတော်သို့ ရွှေကြွေးကျန် ပေးသွင်းရန် ကျန်ရှိနေသည့် အခြားကုမ္ပဏီများကိုလည်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်းကို ဧရာဝတီ၏ မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။
လက်ရှိတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးစိုးထွန်းရှိန် သတ္တုတွင်း ဥပဒေပုဒ်မဖြင့် ရမည်းသင်း တရားရုံးတွင် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည်။
ဦးစိုးထွန်းရှိန်သည် ရမည်းသင်း မြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္ထုတူးဖော်ရေး လုပ်ကွက်ရှိ မြေဧက ၆၁၀၀ ကျော်ပေါ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ အမည်ဖြင့် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့် အပြင် ရွှေတူးဖော် လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရပြီးချိန်အထိ တရားမဝင် တူးဖော်မှုများ ပြုလုပ်သည် ဟုဆိုကာ ၂၀၁၈ သြဂုတ်လတွင် ရမည်းသင်းမြို့မ ရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။
နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီစုစုပေါင်းသည် ၁၇၀ ဖြစ်ပြီး ကုမ္ပဏီ ၁၇ ခုမှာ ထပ်နေသဖြင့် ကြွေးကျန် ကုမ္ပဏီ ၁၅၃ ခုဖြစ်ပြီး ထိုကုမ္ပဏီများအနက် စာရင်းပယ်ဖျက်မည့် ကုမ္ပဏီ ၃၂ ခုရှိကာ တရားစွဲဆိုရန် ဆောင်ရွက်ထားသည့် ကုမ္ပဏီ ၁၃၈ ခုရှိကြောင်း သိရသည်။
တရားစွဲဆိုရန် ဆောင်ရွက်သည့် ကုမ္ပဏီ ၁၃၈ ခုအနက်မှ Lawyer Notice ပေးပို့ထားပြီး တရားစွဲဆိုရန်ဆောင်ရွက်ဆဲ ကုမ္ပဏီ ၁၀၄ ခု၊ တရားစွဲဆိုရန် Lawyer Notice ပေးပို့ထားပြီး တရားမမှု အဆိုပြုလွှာ မူကြမ်း တင်ပြရန် ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၆ ခုရှိသည်။ တရားစွဲဆိုရန် ဥပဒေရုံးသို့ တင်ပြထားပြသည့် ကုမ္ပဏီ ၄ ခု၊ တရားစွဲပြီးသည့် ကုမ္ပဏီ ၁၂ ခုနှင့် တရားရုံး အမိန့် ချပြီး ကုမ္ပဏီ ၂ ခုရှိကြောင်း ဦးဇော်ဌေးကပြောသည်။
မြန်မာနိုင်ငံတွင် လုပ်ကွက်ကြီးများဖြစ်သည့် ရွှေလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ မြေလုပ်ငန်း များကို လုပ်ကိုင်နေသည့် ကုမ္ပဏီ အများစုမှာ ယခင်ကတည်းက လက်ဝါးကြီးအုပ်ပြီး လုပ်ကွက်များကို ရယူခဲ့ကြောင်း၊ လုပ်ကွက်များအတွင်း ထင်သလောက် ရွှေမထွက်ခြင်းနှင့် ဈေးကွက်ပျက်သည့် ကိစ္စများ ဖြစ်ပေါ်လာသည့် အတွက် ကုမ္ပဏီများ အနေဖြင့် ရွှေ အကြွေးကျန်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဟောင်း ဖြစ်သူ ဦးအောင်လှိုင်ဝင်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်လှိုင်ဝင်းက “ဒီလိုအကြွေးတွေ မပေးနိုင်ဘူးဆိုရင် နိုုင်ငံတကာ မှာလို မြန်မာနိုင်ငံ လူမွဲခံယူမှု ဥပဒေ ဆိုတာ ရှိတယ်ပေါ့နော်။ မပေးနိုင်တာကြီးကို ထောင်ချပြီး တောင်းတာထက်စာရင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး ပေးလို့ ရတယ်”ဟု ဆိုသည်။
ထိုသို့ လူမွဲအဖြစ် ခံယူပြီးပါက ထိုသူသည် ကုမ္ပဏီ ထပ်ထောင်၍ မရသကဲ့သို့ ရွေးကောက်ပွဲများတွင်လည်း လွတ်တော် ကိုယ်စားလှယ်၊ အခြားနိုင်ငံရေး ရာထူးများနှင့် အစရှိသည်များကို ပြုလုပ်၍ မရသည့် ကန့်သတ်ချက်များ ရှိနေကြောင်း ယင်းဥပဒေမှာလည်း နိုုင်ငံတော်သမ္မတထံ တင်ပြထားပြီး ဖြစ်သဖြင့် မကြာခင် အတည်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။
အမှုရင်ဆိုင်ခြင်း မရှိဘဲ ဦးစိုးထွန်းရှိန်သည် ၁ နှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေခဲ့ခြင်းကြောင့်၂၀၁၉ ခုနှစ် မတ်လ အတွင်းက ဦးစိုးထွန်းရှိန်ပါ ၅ ဦးအား ရဲတပ်ဖွဲ့က တရားခံပြေး ကြေညာခဲ့သည်။
ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၆ ရက်က လက်ရ ဖမ်းဆီးရမိခဲ့ကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ပြီး ရမည်သင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။
သတ္တုတွင်း ဥပဒေ ပုဒ်မ၃၀(က) ဖြင့် ရမည်းသင်း ရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့် အတူ အမှုဖွင့်ခံထားရသူမှာ ၄ ဦး ဖြစ်ပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဦးစိုးထွန်းရှိန် ပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မိုးထိမိုးမိဒေသ၌ အကြီးစား ရွှေတူးဖော်ရေးကို ၂၀၁၁ ခုနှစ်က နှစ်ရှည် လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်ကာ ၁ လလျှင် ရွှေပိဿာချိန် ၉၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ကုမ္ပဏီ အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များ ပေးသွင်းနိုင်ခြင်း မရှိဘဲ ရွှေပိဿာချိန် ၁၃၀၀ ကျော် အကြွေးကျန်နေသည့် အတွက်၂၀၁၇ တွင် ရွှေတူးဖော်ခွင့် ရပ်ဆိုင်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
You may also like these stories:
(ဦး) စိုးထွန်းရှိန် အမှု တရားလို စတင်စစ်ဆေး
မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံ ရောက်ဖို့ မျှော်မှန်း
အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်