ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးသွားသော မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်လာရေး ပြဿနာ မပြေလည်သေးသည့်အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရတွင် တာဝန်ရှိကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြစ်တင် ပြောဆိုလိုက်သည်။
မနေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိသရွေ့ ဒီပြဿနာ အရှုပ်ထွေးကြီးက ရှိနေမှာပဲ။ ၉၃ ခုနှစ် မှာလည်း ပြဿနာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်တယ်။ အောင်မြင်တယ်။ အခု ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိလို့ ဒီပြဿနာ ဖြစ်နေရတာ”ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက “ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာမှာ ကျရင်တော့ မြန်မာကို အရေးယူပေးပါ။ ပိတ်ဆို့ပေးပါ။ ဒါမျိုးတွေ ပြောလာတာတွေ ရှိတယ်။ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ကျနော်တို့က မြင်တယ်။ မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို လုပ်လာတယ်လို့ ကျနော်တို့က မြင်တယ်”ဟု ပြောသည်။
ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး နိုင်ငံတကာက မြန်မာကို ဖိအားပေးလျက် ရှိသည်။
အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အသင်းဝင်နိုင်ငံများက ကျားကန်ပေးထားသော ဂမ် ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲ ဆိုခြင်း၊ မြန်မာ အစိုးရ၊ တပ်မတော် ခေါင်းဆောင်းများ အာဂျင်တီးနား တရားရုံးတွင် တရားစွဲခံရခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ကမြန်မာကို စုံစမ်းစစ်ဆေးရန် သဘောတူသည့် ဖြစ်ရပ်များ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည်။
“ကျနော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ စကားပြောတယ်။ ကျနော်တို့နဲ့ ပြောပြီးရင် မီဒီယာကိုကျတော့ တမျိုး ပြောတယ်။ အဲဒါကြောင့် ဘယ်လိုလုပ်ရလဲဆိုတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာဘက်က ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ၃ ပွင့်ဆိုင် ထိုင်ပြီးတော့ ပြောရတယ်။ ဒါမှလည်း သက်သေ အထောက်အထားနဲ့ ကျနော်တို့က ပြောလို့ရမှာ”ဟု သမ္မတရုံး ညွှန်ချုပ်က ပြောသည်။
နောက်ဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ သွားရောက်စဉ် ဒုက္ခသည်အရေး ဆွေးနွေးရာ၌ ကုလ အတွင်းရေးမှူးချုပ်၊ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“အဲဒီတုန်းကလည်း ဘယ်တော့လောက် စပါမယ်ဆိုပြီး တရုတ်ရှေ့ မှာ ကတိပေးတယ်။ ကတိပေးတော့ ကျနော်တို့ကလည်း တကယ် အဟုတ်ပေါ့နော်။ ကျနော်တို့ဘက်က ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်တယ်။ သို့သော် မစဖြစ်ဘူး။ မစတင်နိုင်ဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
ရခိုင်အရေး အစိုးရ၏ ဖြေရှင်းချက်များသည် လက်ရှိ အခြေအနေထက် ပိုကောင်းလာသည် မရှိဘဲ ပိုဆိုးနေသည်ကို တွေ့၇ကြောင်း၊ ပြန်လက်ခံမယ်ဆိုရင်လည်း ဒုက္ခသည်များ၏ လုံခြုံရေး၊ နိုင်ငံသား ဖြစ်ခွင့်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိအောင် အစိုးရက ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
“အဲဒါတွေကို မျက်ကွယ်ပြု လျစ်လျူရှုမယ်ဆိုရင် နိုင်ငံတကာ ဖိအားတွေက ပိုသထက် ပိုတိုးလာမယ်။ ဘင်္ဂလားဒေ့ရှ် အတွက်လည်း ဒုက္ခသည်ရဲ့ ဝန်ထုတ်ဝန်ပိုးကြောင့် နိုင်ငံတကာကို ဖိအားပေးနေပြီ။ တို့တိုင်းပြည်က အသွင်ကူးပြောင်းရေး ကာလမှာ ဒီလိုမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေရတာဆိုတော့ တိုင်းပြည်က မိအေး ၂ ခါနာ မဟုတ်ဘူး။ ၃၊ ၄ ခါလောက်ကို နာနေရပြီ”ဟု ဦးထွန်းကြည်က သုံးသပ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များ အနေကြာလာပြီး မြန်မာဘက်သို့ ပြန်မပို့ဘဲ အချိန်ဆွဲနေမည် ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်လာမည်ကို မြန်မာဘက်က စိတ်ပူနေသည်။
“ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်းနိုင်ငံ ပီပီသသနဲ့ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေ လိုတယ်။ ဘင်္ဂလားဒေ့ရှ်ဘ က်က ပူးပေါင်း ဆောင်ရွက်မှု မရှိရင် ကြာလာရင် ဒီ Humanitarian Crisis က ကြီးသထက် ကြီးလာမယ်။ အဲဒီလို ဖြစ်လာရင် ဘယ်သူ့မှာ တာဝန်ရှိမလဲဆိုတော့ အဲဒီလို လက်ခံထားပြီးတော့ ဒီ Repatriation Process ကို မစတင် နိုင်အောင် လုပ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ တာဝန်ရှိလိမ့်မယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တ်ို့ဘက်က အားလုံး Ready လုပ်ထားပြီးသား။ ဒီကိစ္စကို ICC တို့ ဘာတို့က စွပ်စွဲမှုတွေ လုပ်သည် ဖြစ်စေ၊ ပြဿနာကြီး အရှုပ်အထွေးကြီးက ဘင်္ဂလားဒေ့ရှ် နယ်ထဲမှာ ရှိနေပြီ။ ဒီဟာကို ဖြေရှင်းရေးပေါ့နော်။ ဒီပြဿနာ ဖြေရှင်းရေးကို ဦးတည်တဲ့ ချည်းကပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း ချည်းကပ်သင့်တယ်။ မြန်မာနိုင်ငံကို တရားစွဲလိုက်လို့ ဒီပြဿနာ ပြေလည်သွားတာ မဟုတ်ဘူး”ဟု ပြောသည်။
မြန်မာဘက်သို့ ဒုက္ခသည်များ မပြန်လိုကြောင်း သတင်းလွှင့်နေသော်လည်း ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ အမျိုးသား ၂၃၉ ဦး၊ အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၄၁၅ ဦးသည် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အစီအစဉ်ဖြင့် မဟုတ်ဘဲ ၎င်းတို့ ဆန္ဒအတိုင်း ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
၎င်းတို့ထဲတွင် ဟိန္ဒူဘာသာဝင် ၁၁ ဦး ပါဝင်ပြီး ကျန်သူများမှာ မွတ်စလင်များ ဖြစ်ကြောင်း၊ ပြန်ဝင်လာသူများသည် ၎င်းတို့၏ မူလ နေရာများတွင် နေထိုင်ရန် အဆင်မပြေသေးသဖြင့် ၎င်းတို့၏ ဆန္ဒအရ ဆွေမျိုးများ၏ နေအိမ်တွင် ဖြစ် စေ၊ အိမ်ငှား၍ ဖြစ်စေ နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
You may also like these stories:
အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ
မြန်မာကို စစ်ဆေးရန် ICC အတည်ပြု
ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော