အဓိက အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အခြားပါတီ ၁၉ ခုတို့ အနေဖြင့် သတင်း လိမ်ညာဖြန့်ချိခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသရေဖျက်ခြင်း မရပ်တန့်ပါက ဖျက်သိမ်းခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း UEC က သတိပေးလိုက်သည်။
ရွေးကောက်ပွဲစနစ်ဆိုင်ရာ နိုင်ငံတကာဖေါင်ဒေးရှင်း (IFES) ထံမှ ကွန်ပျူတာများ၊ စပ်ဆက်ပစ္စည်းများနှင့် ပရင့်တာစက်များ ဆိုင်ရာ တင်ဒါကို လက်ခံရန် UEC ၏ဆုံးဖြတ်ချက်ကို ထိုပါတီ ၂၀ က ရှုတ်ချကြောင်း ပူးတွဲကြေညာချက်တစောင်ကို နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ပြီးနောက် ထိုသို့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
UEC ၏ ထိုတင်ဒါစနစ်တွင် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းကို ရှုတ်ချခြင်းအပြင် ထိုပါတီ ၂၀ က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် IFES ပူးပေါင်းပါဝင်ခြင်းသည် ပြည်ပစွက်ဖက်မှု ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
IFES ကို အမေရိကန်ပြည်ထောင်စု၊ USAid၊ ဗြိတိန်၊ သြစတြေးလျ၊ အိုင်ယာလန်၊ ကနေဒါ၊ ဆွီဒင်နှင့် ဥရောပသမဂ္ဂတို့က ငွေကြေးထောက်ပံ့ထားပြီး မည်သည့် ငွေကြေးစိုက်ထုတ်သူ မဆိုသည် ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်နိုင်သည်ဟု ထိုပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထိုပါတီ ၂၀ တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်သည်။
“ထိုတင်ဒါသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ရွေးကောက်ပွဲနှင့် ဆက်စပ်သော အချက်အလက်များသည် ရလဒ်ကို သက်ရောက်စေနိုင်သော နိုင်ငံခြား သံရုံးတခု သို့မဟုတ် အဖွဲ့အစည်းတခု သို့မဟုတ် လူပုဂ္ဂိုလ်တဦးတယောက်၏ နည်းပညာ ထိန်းချုပ်မှုအောက်သို့ ရောက်သွားမည်ကို မိမိတို့စိုးရိမ်သည်” ဟု အထက်ပါ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်အခြေစိုက် IFES သည် န်ိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ ရွေးကောက်ပွဲများတွင် ပါဝင်ပတ်သက်နေသည်ဟုလည်း ဆိုသည်။
၎င်းတို့ပါတီသည် ထိုပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးသော နိုင်ငံရေးပါတီ ၂၀ က ဝေဖန်ပြောကြားချက်များကို စုစည်းပြီး မကြာမီ ကြေညာချက်တစောင် ထုတ်ပြန်မည်ဟု USDP ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောသည်။
“UEC ရဲ့ သတိပေးချက်ကို ပြန်လည်တုန့်ပြန်ဖို့ ကျနော်တို့မကြာခင် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်နေပါတယ်။ အခုလောလောဆယ်တော့ ထင်မြင်ချက် မပေးနိုင်သေးပါဘူး” ဟု သူက ပြောသည်။
စွပ်စွဲချက်များသည် တိကျခိုင်မာမှု မရှိကြောင်း၊ UEC အပေါ် ယုံကြည်မှုကို ထိခိုက်စေပြီး မဲဆန္ဒရှင်များအကြား နားလည်မှုလွဲမှားစေကြောင်း UEC က ပြောသည်။
“ပုဂ္ဂိုလ် တဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှု၊ မမှန်မကန် ရေးသားဖော်ပြမှုများ ထပ်မံဆောင်ရွက်ခြင်း မပြုရန်နှင့် အကယ်၍ ယင်းသို့ ဆောင်ရွက်ကြောင်း တွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၀ ၏ တာဝန်ရှိသူ အသီးသီးကို သတိပေးထားပြီး ဖြစ်သည်” ဟု UEC က သူ၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ကို ကိုးကားပြောဆိုသည်။
မှတ်ပုံတင်ထားသော မည်သည့် နိုင်ငံရေးပါတီမဆိုသည် အခြားအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို ထိခိုက်အောင် မလုပ်ရန် သဘောတူကြောင်းနှင့် ချိုးဖောက်ပါက UEC ၏ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သည်အထိ အရေးယူနိုင်ကြောင်း ထိုပုဒ်မတွင် ဖော်ပြထားသည်။
UEC ၏ အဆိုအရ IFES သည် မြို့နယ်ကော်မရှင်ခွဲ ရုံးများအတွက် ကွန်ပျူတာ ၁၃၀၀ နှင့် ကွန်ပျူတာပုံနှိပ်စက် ၃၃၀ ကို ရွေးကောက်ပွဲမတိုင်မီ ပေးသွင်းမည်ဖြစ်သည်ဟု သိရသည်။
IFES သည် မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့အမည်နှင့် မဲရုံကို ၎င်းတို့၏ ဖုန်းများမှ စစ်ဆေးနိုင်သော နည်းပညာ အထောက်အကူကိုလည်း UEC သို့ ပံ့ပိုးမည်ဖြစ်သည်။
IFES သည် မဲဆန္ဒရှင် ပညာပေးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီက စတင်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ထိုအဖွဲ့သည် ရွေးကောက်ပွဲ အကဲဖြတ်ရန်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် နည်းပညာအကူအညီပေးရန် ၂၀၁၃ ခုနှစ်တွင် UEC နှင့် စတင်ပူးပေါင်းဆောင်ရွက်ခဲ့သည်။
You may also like these stories:
ရွေးကောက်ပွဲကော်မရှင်ကို သံသယ ရှင်းစေလိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပြဿနာ မဖြစ်စေရန် ဆောင်ရွက်နေဟုဆို
ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား