မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ တရားစွဲဆိုခံထားရသူများအမှုကို ချေဖျက်ပေးရန် လျှောက်ထားခဲ့ရာ တိုင်းတရားလွှတ်တော်က လက်ခံပြီး ကြား နာမှုများ ပြုလုပ်သွားမည်ဟု IIIM ကုမ္ပဏီ၏ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း က ပြောသည်။
အဆိုပါ အမှုကို အပြီးအပြတ် ချေဖျက်ပေးရန်အတွက် နိုင်ဝင်ဘာလ ၁၄ ရက်က မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သို့ လျှောက်ထားခဲ့ခြင်းအား လက်ခံခဲ့ခြင်းဖြစ်ပြီး အပြီးသတ် လျှောက်လဲချက် ဆက်လက် တင်ပြရမည်ဟု သိရသည်။
ရှေ့နေတော်ဝင် ဦးခင်မောင်သန်း က “မြင်းခြံခရိုင် တရားရုံးမှာ စွဲဆိုထားတဲ့အမှုဟာ သုတေသန လုပ်နေတာကို ဖမ်းတာပါ ဆိုပြီး အကြောင်းပြပြီးတော့ အမှုတွဲကို ချေဖျက်ပေးပါဆိုပြီး လျှောက်ခဲ့တာပါ။ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် တရားစွဲလို့ရတဲ့ အမှု မဟုတ်ပါဘူး ဆိုပြီး ချေဖျက်ပေးဖို့ လျှောက်တာပါ။ ဒါကို တိုင်းတရားရုံးက လက်ခံလို့ ကနဦး လျှောက်လဲချက်လည်း ပေးပြီးပါပြီ။ ဖိုင်နယ် လျှောက်လဲချက်ပေးဖို့ပဲ ကျန်တော့တယ်” ဟု ပြောသည်။
မြို့သာ စက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုးသည် ဟုဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခံထားရသူမှာ အမေရိ ကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃ နှစ်)၊ စိုက်ခင်း တာဝန်ခံ ကိုရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၁ နှစ်) တို့ ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်က မြင်းခြံခရိုင် တရားရုံး၌ ၁၈ ကြိမ်မြောက် ရုံးထုတ်ကာ အမှုစစ်ဆေးခြင်း မပြုခဲ့ဘဲ ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့သည်။
မြင်းခြံခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဒေါ်တင်သန်း က “ဒီအမှုကို မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်ကနေ သြဂုတ်လ ၂၆ ရက်က အမှုတွဲ တောင်းခံထားတဲ့ အတွက် ကျမတို့ မြင်းခြံခရိုင်တရားရုံးကနေ စက်တင်ဘာလ၂ ရက် မှာ အမှုတွဲကို တိုင်းတရားလွှတ်တော်ကို ပေးပို့ထားပါတယ်။ အမှုတွဲ ပြန်မရောက်သေးတဲ့ အတွက် ရုံးချိန်းကိုပဲ ပြန်ပေးခဲ့ ပါတယ်။ ဒီဇင်ဘာလ၂ ရက်ကို ရုံးချိန်း ပြန်ချိန်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki အပါအဝင် ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုး တို့အား စွဲဆိုထားသော ပုဒ်မများသည် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများ၊ သေဒဏ်ကျခံရမည့် ပုဒ်မများ ဖြစ်သော ကြောင့် အာမခံ ရရှိရန် မလွယ်ကူသော်လည်း Mr. John Fredric Todoroki ကို ဇူလိုင်လ ၂၄ ရက်က ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက်အရ မြင်းခြံခရိုင် တရားရုံးက ကျပ်သိန်း ၃၀၀၀ တန် အာမခံ ပေးခဲ့သည်။
အဆိုပါကဲ့သို့ ကျန်းမာရေး အာမခံပေးခဲ့သည်ကို ပယ်ဖျက်ပေးရန် အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေအရာရှိက တိုင်း တရားလွှတ်တော်သို့ သြဂုတ်လ အတွင်း လျှောက်ထားခဲ့ခြင်းကြောင့် အမှုတွဲအား တိုင်းတရားလွှတ်တော်သို့ ပေးပို့ခဲ့ရ သဖြင့် အမှုစစ်ဆေးမှုများကို ဆိုင်းငံ့ထားရခြင်းဟု သိရသည်။
ဒေါ်တင်သန်း က “ဒီနေ့ ရုံးချိန်းအပါအဝင် ရုံးချိန်းပေါင်းက ၁၈ ချိန်း ရှိသွားပါပြီ။ တိုင်းတရား လွှတ်တော်က အမှုတွဲတောင်း လို့ ကျမတို့က အမှုတွဲ ပေးပို့ထားပြီးတော့ အမှုတွဲ ပြန်မရောက်သေးတဲ့ အတွက် လောလောဆယ်ကတော့ ရက်ချိန်း ပေး နေရဦးမှာပါ” ဟု ဆက်လက် ပြောဆိုသည်။
ယနေ့ ရုံးချိန်းတွင်လည်း ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုး တို့ကိုသာ ရုံးထုတ်ခဲ့ပြီး အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki သည် ဆေးဝါးကုသမှုများခံနေရသဖြင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်း မရှိခဲ့ပေ။
ဒေါ်တင်သန်းက “ဒီနေ့ ရုံးချိန်းမှာ မစ္စတာဂျွန်က ခွင့်တင်လာပါတယ်။ ရန်ကုန်မှာရှိတဲ့ အာရှတော်ဝင် အထူးကုဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ် ဆိုပြီးတော့ သူ့ရှေ့နေက ခွင့်တင်လာပါတယ်။ သူ့ရှေ့နေ ရှိတဲ့အတွက် ကျမတို့က လာမယ့် ဒီဇင်ဘာလ ၂ ရက်ကို ရုံးချိန်း ပေးလိုက်ပါတယ်” ဟု ဆိုသည်။
မြို့သာ စက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည် ဟုဆိုကာ မစ္စတာဂျွန် အပါအဝင် အမေရိကန်အခြေ စိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူ အခြား အမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အမှုဖွင့်ထားပြီး ၎င်းတို့၏ မျက်ကွယ်တွင် အမှုကို စစ်ဆေးခဲ့ကာ၊ တရားလိုပြသက်သေ ၂၉ ဦး တင်သွင်းထားပြီး ရုံးချိန်း ၁၂ ချိန်း အထိ မြင်းခြံခရိုင် တရားရုံး၌ တရား လိုနှင့် တရားလိုပြ သက်သေများအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆေးခြောက်လျှော် (Hemp) စိုက်ခင်းနှင့် ပတ်သက်၍ စိုက်ပျိုးသူ Mr. John Fredric Todoroki၊ ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုးတို့ကို ယခုနှစ် ဧပြီ၂၃ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့ ၃ ဦးကို မူးယစ်ရဲတပ်ဖွဲ့မှ တရားလို ပြုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စိုက်ခင်း ပြုလုပ်ရန်၂၀၁၈ ခုနှစ် မေလက စိုက်ခင်း ဧက ၆၀ ခန့်အား အမေရိကန် နိုင်ငံသား John Fredric၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင် (Hemp) စိုက်ပျိုးရန်အတွက် တိုင်းအစိုးရ အဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်းဟု ဖြေရှင်းထားသည်။
မြန်မာနိုင်ငံသည် ဆေးခြောက် စိုက်ပျိုးခွင့်ကို တရားဥပဒေ အရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ဆေးခြောက်မှာ မူးယစ်ဆေး ဝါး အမျိုးအစားတွင် ပါဝင်နေသဖြင့် မြို့သာစက်မှု ဥယျာဉ်မြို့တော် အတွင်းရှိ ဆေးခြောက် စိုက်ခင်းအား ဖျက်သိမ်းသွား မည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မေလ ၃ ရက်တွင် မီဒီယာများကို ဖြေကြားထား သော်လည်း အဆိုပါ စိုက်ခင်းအား လက်ရှိအချိန်ထိ ဖျက်သိမ်းမှု မပြုလုပ်သေးဟု ဒေသခံများထံက သိရသည်။
You may also like these stories:
မြို့သာ ဆေးခြောက်စိုက်ခင်းအမှု တရားလိုပြသက်သေ စစ်ဆေး
ဆေးခြောက်လျှော်ပင် တရားဝင်စိုက်ခွင့်ရရေး လွှတ်တော်အဆိုတင်မည်