Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ရှေ့နေ ဒေါ်စုဒါလီအောင် ကို တရားစွဲဆို ထားသည့် အမှုတွင် သက်သေ အဖြစ် ပါဝင်နေသူ Wisdom Hill မူကြိုကျောင်းမှ ဆရာမနှင့် ကျောင်းဝန်ထမ်း တို့ကို ယနေ့ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်တရားရုံး ၌ စစ်ဆေးရာတွင် ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။
ဒေါ်ဥမ္မာလှိုင်သည် ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ် အခွင့်အရေး ဥပဒေပုဒ် ၁၀၁ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ယနေ့ ပြုလုပ်သည့် ၄ ကြိမ်မြောက် ရုံးချိန်တွင် တရားလိုပြ သက်သေ ဖြစ်သည့် Wisdom Hill ကျောင်းမှ ဆရာမ ဒေါ်ညိုညိုအောင် နှင့် ကျောင်းဝန်ထမ်း ဒေါ်သီသီအောင် တို့ကို အစိုးရ ဥပဒေ အရာရှိ ဒေါ်နှင်းအိဖြူက စတင် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ရှေ့နေ ဒေါ်စုဒါလီ အောင်မှ ဒက္ခိဏ ခရိုင် တရားရုံးရှေ့၌ တရားခွင်စစ်ဆေးမှု အခြေအနေကို ဘီဘီစီ သတင်းဌာနက မေးမြန်းသဖြင့် ဖြေကြားသည့် ဗီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်ပေါ်တွင် တွေ့ရကြောင်း၊ ထို့ကြောင့် သြဂုတ် လ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင် ဒေါ်ဥမ္မာလှိုင်ထံသို့ ဖုန်းဆက် ပြောပြခဲ့ကြောင်း ဒေါ်ညိုညိုအောင်က ထွက်ဆိုခဲ့သည်။
ဆက်လက်၍ ယင်းသို့ ဒေါ်စုဒါလီအောင်၏ ဖြေကြားချက်များကို ဆရာမ ဒေါ်ဥမ္မာလှိုင်ထံ ဖုန်းဆက်၍ ပြောပြရာတွင် ဒေါ် ဥမ္မာလှိုင် က “တီချယ်လည်း တရားရုံးကို မသွားတော့ မသိဘူး သမီး” ဟု ပြန်ပြောခဲ့ကြောင်း လိုပြသက်သေဖြစ်သူ ဆရာမ ဒေါ်ညိုညိုအောင် က ရုံးတော်သို့ ထွက်ဆိုခဲ့သည်။
ထို ထွက်ဆိုချက်ကို ရှေ့နေ ဒေါ်စုဒါလီအောင်က အပြန်အလှန် မေးခွန်းမေးရာတွင် ထိုနေ့က ဒေါ်စုဒါလီအောင် အင်တာဗျူး ကိစ္စကို ဒေါ်ဥမ္မာလှိုင်အား ဗီဒီယိုဖိုင် ကိစ္စနှင့်ပတ်သက်၍ ဖုန်းဆက်ခဲ့ခြင်း မရှိကြောင်း၊ ယင်းအမှုတွင် သက်သေ အဖြစ် ထွက်ဆိုပေးပါဟု ပြောသဖြင့် သက်သေအဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရုံးတော်သို့ ထပ်မံထွက်ဆိုခဲ့သည်။
တရားစွဲဆိုခံရသူရှေ့နေ ဒေါ်စုဒါလီအောင် သည် ၎င်း ကိုယ်တိုင် တရားလိုပြ သက်သေများကို စစ်ဆေးမေးမြန်း ခဲ့ခြင်းလည်း ဖြစ်သည်။
ရှေ့နေ ဒေါ်စုဒါလီအောင် က “ကျမ အင်တာဗျူးဖြေတဲ့ ကိစ္စကို ဒေါ်ဥမ္မာလှိုင်ကို သူက ဖုန်းဆက်ပြီး တော့မှ Facebook မှာ ကျမနဲ့ ဘီဘီစီ သတင်းထောက် ပါလာတယ်လို့ ပြောတယ်။ ကျမက အပြန်အလှန်မေးတဲ့ အခါမှာ ဒေါ်ဥမ္မာလှိုင်ကို ညီမလေးက ဖုန်းဆက်ပြီးတော့ ဒီအကြောင်းအရာကို ပြောဆိုခဲ့တာ မရှိဘူး။ ဒေါ်ဥမ္မာလှိုင်က အကူအညီ တောင်းလို့သာ သက်သေ အဖြစ် လာပြီး အစစ်ခံတာဆိုတော့ သူက မှန်တယ်လို့ ထွက်တယ်” ဟု ယနေ့ တရားခွင် စစ်ဆေးမှု အပြီးတွင် သတင်းထောက်များ ကို ပြောသည်။
တရားလိုကိုယ်တိုင်ဘက်မှ ပြထားသည့် သက်သေကိုယ်တိုင်၏ ထွက်ဆိုချက်မှာ ယင်းသို့ ကွဲလွဲနေသည်က ကောင်းသည့် အချက်ဟု ယူဆ၍ ရကြောင်း နှင့် ယနေ့ တရားခွင် စစ်ဆေးမှုကို ကျေနပ်မှုရှိကြောင်း ဒေါ်စုဒါလီအောင်က ပြောသည်။
ထိုသို့ ကွဲလွဲမှုများရှိနေသည့် အတွက် ဥပဒေ အရာရှိဒေါ်နှင်းအိဖြူ က ရှင်းလင်းစစ်မေးခြင်း အနေဖြင့် ပြန်လည်မေးမြန်း ရာတွင် ဆရာမ ဒေါ်ညိုညိုအောင် က “ဖုန်းဆက်ခဲ့ခြင်းတော့ မဟုတ်ပါ။ ဒီနေ့ကြည့်ပြီး နောက်နေ့ ကျောင်းမှာ တွေ့တဲ့ အချိန် ဒေါ်ဥမ္မာလှိုင်အား မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ရုံးတော်သို့ ပြန်လည် ထွက်ဆိုခဲ့သည်။
ဒေါ်ဥမ္မာလှိုင်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ရဲစိုး က “ကွဲလွဲမှု အပေါ်မှာတော့ ဟိုဘက်ကလူတွေရဲ့ ဒီအပေါ်မှာ ဘယ်လို သဘောထားလဲ အပေါ်မှာပဲ မူတည်တာပေါ့။ ထိခိုက်မှု ရှိတယ်၊ မရှိဘူး ဆိုတာက အထွေအထူး မရှိပါဘူး” ဟု တရားခွင် အပြီး သတင်းထောက်များကို ပြောသည်။
လာမည့် ၅ ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး Wisdom Hill မူကြိုကျောင်း ကြီးကြပ် ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပုဗ္ပသီရိမြို့နယ်တရုံးမှ တရားသူကြီး ဒေါ်သန္တာညွှန့်က တရားခွင် စစ်ဆေးမှုအပြီး ၂ ဖက်ရှေ့နေများကို အသိပေး မှာကြားသည်။
ယင်းရုံးချိန်းရက်တွင် သက်သေ ကလေး ၂ ဦး လာခြင်း၊ မလာခြင်းကို အတိအကျပြော၍ မရကြောင်း၊ ကာယကံရှင်၏ ဆုံးဖြတ်ချက် သာ ဖြစ်ကြောင်း၊ တရားလို၏ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သည့် အတွက် ကြိုတင် ပြော၍ မရနိုင်ကြောင်း ဒေါ်ဥမ္မာ လှိုင် ၏ ရှေ့နေဖြစ်သူ ဦးအောင်ရဲစိုးက ဆိုသည်။
ဒေါ်ဥမ္မာလှိုင်သည် ဗစ်တိုးရီးယား၏ ဖခင် အပါအဝင် ဖခင်၏ အစ်ကိုနှင့် အစ်မ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကို အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါ ကူညီနေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ကို လည်း နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ် ပတ္တာ နယ်မြေရဲစခန်း တွင် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်ထား ကြောင်း ပတ္တာရဲစခန်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
တရားခံအစစ်ကို ဖော်ထုတ်မည့်အတွက် အမှုဖွင့်ခံရဟု ကိုအောင်ကြီး ရှေ့နေပြော
အမှန်တရားကို တရားရုံးတွင် ချပြမည်ဟု Wisdom Hill ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ပြော