မြန်မာ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၏ ကြည်းတပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့အတွက် တည်ဆောက်ပေးနေသည့် သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီတခုသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) က သွားရောက်ခဲ့သည်။
လတ်တလောတွင် တပ်မတော်အကြီးအကဲသည် ကာကွယ်ရေးနှင့် လုံခြုံရေးညီလာခံ ၂၀၁၉ ခုနှစ်နှင့် ASEAN ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေး(ADMM-Plus) သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ကြေညာချက်အရ ဗိုလ်ချုပ်မှူးကြီးသည် သင်္ဘောတည်ဆောက်ရေး လေ့လာရန် Marsun Public Company Limited သို့ သွားရောက်ခဲ့ပြီး ၎င်းနှင့်အတူ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် အခြားအရာရှိများလည်း လိုက်ပါသွားသည်။
မြန်မာအရာရှိများသည် အင်ဂျင်နီယာဌာန၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းခွင်များ၊ ကုမ္ပဏီရုံးချုပ်နှင့် သင်္ဘောကျင်း များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
တရားဝင်အင်တာနက် စာမျက်နှာ၏ အဆိုအရ Marsun သည် ခရီးသည်တင် သင်္ဘော၊ စက်တပ် ရွက်လှေကြီးများ၊ အမြန်သွား ကင်းလှည့် ရေယာဉ်များနှင့် သုတေသန ရေယာဉ်များမှသည် ကမ်းတက်ရေယာဉ်၊ ရေနံဖိတ်စင်မှု ဆယ်ယူရေး ရေယာဉ်နှင့် ဘက်စုံသုံးရေယာဉ်များအထိ စုစုပေါင်း သင်္ဘော ၃၀၉ စင်း တည်ဆောက် ပြီးစီးခဲ့သည်ဟု သိရသည်။
ကုမ္ပဏီ၏ အမှာစာ မှတ်တမ်းများအရ ထိုလုပ်ငန်းသည် တော်ဝင် ထိုင်းကြည်းတပ်အတွက် ကမ်းတက်ရေယာဉ် ၂၄ စင်းနှင့် တော်ဝင်ထိုင်းရေတပ်အတွက် ကမ်းတက်ရေယာဉ်များ၊ ရေနံတင်သင်္ဘောများ၊ ကင်းလှည့်ရေယာဉ်များနှင့် တပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်များ အပါအဝင် စုစုပေါင်း ရေယာဉ် ၆၄ စင်း တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် သွားရောက်လည်ပတ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ၁၁ ကြိမ်မက သွားရောက်ခဲ့ပြီး ဖြစ်သည်။
မြန်မာ့ တပ်မတော် အကြီးအကဲသည် ထိုင်းနိုင်ငံ ၏ အမြင့်ဆုံး ဂုဏ်ပြုဆု ၂ ခုကိုလည်း ရရှိထားသည်။ ထိုဆုများ အနက် ၁ ခုမှာ မြန်မာနှင့် ထိုင်းတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းအတွက် ၂၀၁၃ ခုနှစ်က ရရှိသည့် Knight Grand Cross of the Order of the Crown of Thailand ဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar က ထိုစဉ်က ဖော်ပြခဲ့သည်။
ယခုနှစ် အစောပိုင်းကလည်း ထိုင်းနိုင်ငံသည် နှစ်နိုင်ငံကြား ရှည်ကြာရင်းနှီးသော ဆက်ဆံရေးအတွက် Knight Grand Cross (First Class) of the Most Exalted Order of the White Elephant ဆုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘန်ကောက်တွင် ပေးအပ်ခဲ့ကြောင်း ထိုင်းတော်ဝင် ကြည်းတပ်၏ ကြေညာချက်အရ သိရသည်။
ပြီးခဲ့သည့်မေလကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင် ထိုင်းစစ်တပ် အကြီးအကဲဟောင်းနှင့် ထိုင်းတော်ဝင် မိသားစုများ၏ အနီးကပ် အကြံပေး ဖြစ်သော ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါကို နောက်ဆုံး အရိုအသေပေးရန် ထိုင်း သို့ သွားခဲ့သည်။ ပရမ် တင်ဆူလာနွန်ဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွေးစားဖခင်အဖြစ် သတ်မှတ်ထားသည်။
(Nan Lwin ၏ Myanmar Military Chief Visits Thai Military’s Major Shipbuilding Supplier ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ပရမ်တင်ဆူလာနွန် သို့မဟုတ် ထိုင်းဘုရင့် နောက်ကွယ်က လူ
မြန်မာစိတ်မွေးပြီး နိုင်ငံကို သစ္စာစောင့်သိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
မြန်မာရေတပ်သင်္ဘောသစ် ရုရှား ရောက်