ကမာ္ဘပေါ်တွင် အမေရိကန် အပါအဝင် ကမာ္ဘ့အင်အားကြီး နိုင်ငံများသည် လက်နက် ရောင်းချခြင်းဖြင့် စီးပွားရှာနိုင်၍ မြန်မာနိုင်ငံသည်လည်း တချိန်တွင် လက်နက် ရောင်းချနိုင်ရန် မျှော်လင့်ချက် ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက် အထိ ပြုလုပ်သည့် Defense and Security 2019 ပြပွဲ၌ မြန်မာနိုင်ငံက ထုတ်လုပ်သည့် လက်နက်ငယ်များ သွားရောက် ပြသရာ ယင်းလက်နက်များကို စိတ်ဝင်စားမှု များပြားလျက် ရှိကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ကလည်း ဒီတိုင်းပြည်ရဲ့ ဝင်ငွေကို တဖက်တလမ်းက ရရှိဖို့၊ တရားဝင် ရရှိဖို့ အစိုးရချင်း၊ တပ်မတော်ချင်း ဝယ်ယူတာမျိုး ရှိရင်တော့ ကျနော်တို့လည်း တရားဝင် လုပ်ထုံးလုပ်နည်းတွေ အတိုင်း ရောင်းချသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “လက်နက်ငယ်ထဲမှာတော့ ချေမှုန်းရေး ရိုင်ဖယ်တွေ ပြသခဲ့ပါတယ်။ စက်သေနတ်ကလေး ပြသခဲ့ပါတယ်။ ဟန်းဂရမ်းဒစ်ရှ် လောင်ချာ (Grenade Launcher)ပေါ့။ ချေမှုန်းရေး ရိုင်ဖယ်နဲ့ ဗုံးပစ်လောင်ချာနဲ့ တွဲတဲ့ သေနတ်တွေ ပြသခဲ့ပါတယ်။ စနိုက်ပါတွေ၊ လက်ဖြောင့် သေနတ်တွေ ပြသခဲ့ပါတယ်။ ပြီးရင် စိန်ပြောင်းတွေ ပြသခဲ့ပါတယ်” ဟု ဆိုသည်။
ပြသခဲ့သည့် လက်နက်ငယ် MA စီးရီးတွင် MA 1၊ 2၊ 3 ဟူ၍ ရှိရာ MA 1 ကို ခေတ်အလိုက် အဆင့်မြှင့်ပြီး ထုတ်လုပ် ထားသည့် MA 1 ၊ Mark 1 ၊ Mark 2 ကဲ့သို့ အဆင့်မြှင့်ပြီး ထုတ်လုပ်မှုများကို ပြသခဲ့ကြောင်း သိရသည်။
“ပြပွဲရဲ့ အခြေအနေကတော့ မြန်မာက ထုတ်လုပ်တဲ့ လက်နက်တွေကို စိတ်ဝင်စားမှု များကြောင်းနဲ့ လာရောက် ကြည့် ရှုသူများကြောင်းလည်း ကျနော်တို့ သိရပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယခု ပြပွဲသို့ သွားရောက် ပြသရသည့် ရည်ရွယ်ချက်မှာ လက်နက်နှင့် ပတ်သက်သည့် ကိုယ်ပိုင် ထုတ်လုပ်နိုင်သည့် လက်နက် နည်းပညာများ ရှိကြောင်း သိရှိစေလိုခြင်း ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံတကာသို့ ပထမဆုံး သွားရောက် ပြသခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ တပ်မတော်သည် ဖရီးဂိတ် စစ်သင်္ဘောတချို့ကို ကိုယ်ပိုင်ထုတ်လုပ်လာနိုင်ပြီး ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောတစီး ဝယ်ယူရန် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
You may also like these stories:
ထိုင်းရေတပ် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသို့ တပ်ချုပ် သွားရောက်ခဲ့
မြန်မာစိတ်မွေးပြီး နိုင်ငံကို သစ္စာစောင့်သိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
မြန်မာရေတပ်သင်္ဘောသစ် ရုရှား ရောက်