ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က နှစ်ဘက် တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်မှ အရာရှိ ၁ ဦးအပါအဝင် သုံ့ပန်း ၁၃ ဦး လက်ရ ဖမ်ဆီးမိကြောင်း AA ၏ ထုတ်ပြန် ချက် မှားယွင်းသည်ဟု တပ်မတော်က ငြင်းဆိုလိုက်သည်။
တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“ဒီနေ့ မနက်ပိုင်းက AA ထုတ်ပြန်ချက်က သတင်း အဟောင်းကြီးပါ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်ပွားခဲ့တဲ့ သတင်းပါဗျ။ အဲဒီတုန်းက ဟိုနား၊ ဒီနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ဟာကို ပြောတာနေမှာ။ ကျနော်ပြောလိုတာက သတင်းအမှားသာ ဖြစ်တယ်။ မနေ့က အဲဒီ ပလက်ဝ ဘက်မှာ တိုက်ပွဲလည်း မဖြစ်ဘူး။ မြေပုံမြို့နယ် အတွင်းမှာတော့ ယာဉ်တန်း တိုက်ခိုက်ခံရတာ ရှိတယ်။ အဲဒီ မှာတော့ စစ်သည်တချို့နဲ့ ယာဉ်အနည်းငယ် ထိခိုက်တာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းက ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောက်ဘက် ၃.၇ ကီလိုမီတာ (သို့မဟုတ်) ကာမ ချောင်း (ဒေသအခေါ် ကာရမချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် တပ်မတော်မှ တပ်မ (၇၇) လက်အောက် ခံ မှော်ဘီ အခြေစိုက် ခမရ (၃၁၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်မှ ဗိုလ်အဆင့်ရှိသူ ၁ ဦး နှင့် အရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၁၃ ဦးကို လက်ရဖမ်းဆီးမိကြောင်း ယနေ့ နံနက်ပိုင်းတွင် AA သတင်း ပြန်ကြားရေး ဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက“ပလက်ဝ မြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းက ကျနော်တို့ လှုပ်ရှား စစ်ကြောင်းနဲ့ တပ်မ (၇၇) လက်အောက်ခံ ခမရ (၃၁၃) တပ်ရင်းနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ တပ်မတော်သား ၉ ဦး ကျဆုံး တာရှိတယ်။ လက်ရ ဖမ်းမိတာ ဗိုလ် ၁ ယောက်၊ အရာခံဗိုလ် ၁ ယောက် အပါအဝင် ၁၃ ဦး ဖမ်းဆီးရမိတာ ရှိတယ်။ အဲဒီအပြင် သေနတ်က ၁၄ လက်နဲ့ ခဲယမ်းမီးကျောက် တော်တော်များများ သိမ်းဆည်းရမိတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲသည် ယမန်နေ့ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး နောက်ဆက် တွဲ ထိခိုက်ကျဆုံး အခြေအနေကိုမူ မသိရသေးကြောင်း၊ ဖမ်းဆီးရမိသည့် တပ်မတော်သားများနှင့် သိမ်းဆည်း ရမိသည့် ခဲယမ်းမီးကျောက် အရေအတွက်များနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအနေဖြင့် ထပ်မံ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့နယ်အတွင်း “အင်ကြင်းရွာ”နှင့်”ဟင်းခရော်ရွာ”ကြားတွင် စစ်လက်နက် နှင့် လူအင်အား ဖြည့်တင်းနေသော စစ်ကား ၁၁ စီးပါ ယာဉ်တန်းအား AA က ဖြတ်တိုက်ခဲ့ရာ တပ်မတော်မှ ထိခိုက် ကျဆုံးသူ ၁၀ ဦးအထက် ရှိခဲ့ကြောင်းလည်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုမြေပုံမြို့နယ် အင်ကြင်းရွာနှင့် ဟင်းခရောရွာ တိုက်ပွဲအတွင်း တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ကျောက်တော်မြို့နယ် သရက်တပင် ရွာထိပ် တံတားအနီးတွင် တပ်မတော် စစ်ကြောင်းကို AA က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အမှတ် (၃၇၄) တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် တပ်ဖွဲ့ ဝင် တချို့ ကျဆုံးခဲ့သည်။
ထိုမိုင်းခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် မသင်္ကာမှုဖြင့် အရပ်သား ၅ ဦးကို တပ်မတော် က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့က ၎င်းတို့ကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ရာ ၁ ဦးကို အားမခံဖြင့် လွှတ် ပေးလိုက်သော်လည်း ကျန် ၄ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။
မြန်မာ့တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှု မှာ တနှစ်အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများမှာလည်း အရပ်သား အစိုးရလက်ထက် တိုက်ပွဲ ဖြစ်ပွားမှုတွင် အများဆုံး တိုက်ပွဲတခု ဖြစ်သည်။
ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ စစ်ရေး ပဋိပက္ခ ဆက်လက် ပြင်းထန်နေမှုကြောင့် ဒေသခံ ပြည်သူ လူထု ၄၀၀၀ နှင့် ၆၀၀၀ ကြား ပလက်ဝ မြို့ပေါ်နှင့် ကုလားတန် ဖြစ်ကြောင်းတလျှောက်တွင် တည်ရှိသည့် ကျေးရွာရှိ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်များတွင် ထွက်ပြေးခိုလှုံနေရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှစ်စစ်ဝန်ကြီး ဦးစိုးထက် က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နှစ်ဘက် ထိတွေ့ တိုက်ခိုက်မှုမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ရှိပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောမြို့ နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ရာ နှစ်ဘက် တပ်ဖွဲ့ဝင်တချို့ ကျဆုံးမှုရှိသလို စိုးရိမ်ထိတ်လန့်နေသည့် အနီးဝန်းကျင်မှ ကျေးရွာသားများလည်း ဘေးလွတ် ရာသို့ ထွက်ပြေး နေကြရသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ ဖမ်းဆီးခံရမှု များလည်း တနေ့ထက်တနေ့ များပြားလာမှုနှင့်အတူ စစ်ပွဲ ဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့် လာနေ သည်။
You may also like these stories:
ရခိုင်မှာ AA ရှိဖို့ မလို ဟု တပ်မတော် ထပ်လောင်းပြေ
တပ်မတော်မှ ၁၀၀၀ ကျော် ထိခိုက်ကျဆုံးဆိုသည့် AA ထုတ်ပြန်ချက် တပ် လက်မခံ
ပလက်ဝ တိုက်ပွဲများ အတွင်း ဒေသခံများ ပျောက်ဆုံးနေဟု ချင်း လူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်