Wisdom Hill မူကြိုကျောင်းမှ သက်သေအဖြစ် တင်သွင်းသည့် လုံခြုံရေး ကင်မရာ(CCTV) တွင် ဖမ်းယူထားသည့် ဖိုင်များ မပါသဖြင့် အမြန်ဆုံး ပြန်လည်ရရှိရန် နည်းပညာရှင်များနှင့် စစ်ဆေးရန် ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က “လုပ်ပါ ကြားထဲမှာ လူဆုံခဲ့ရင်လည်း စစ်ပေးပါမယ်” ဟု ခွင့်ပြုလိုက်သည်။
နိုဝင်ဘာ ၂၀ ရက်နေ့ ဗစ်တိုးရီးယား အမှု ၁၁ ကြိမ်မြောက် ရုံးချိန်းတွင် နေပြည်တော် ခုတင် ၁၀၀၀ ထောင်ဆေးရုံမှ မှုခင်း ဆရာဝန်ကြီးနှင့် ဒေါ်ဥမ္မာလှိုင် တို့ကို တရားခွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တရားခွင် စစ်ဆေးမှု အပြီးတွင် ဥပဒေအရာရှိ ဦးကျော်မင်းအောင်က CCTV စစ်ဆေးမှုကို အချိန်ရှေ့တိုး၍ ပြုလုပ်ခွင့်ပေးရန် ရုံးတော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့က ဗစ်တိုးရီးယား ဖခင်ကိုယ်တိုင် ခရိုင်ဥပဒေအရာရှိထံ လျောက်တင်ခဲ့သည့် ဗီဒီယိုဖိုင်များ ပျောက်ဆုံးနေမှုကို နည်းပညာရှင်များဖြင့် အမြန်ဆုံး စစ်ဆေးခွင့်ပြုရန် လျောက်တင်ခဲ့သည့်အတွက် တရားခွင် စစ်ဆေးမှုအပြီးတွင် ဥပဒေအရာရှိက စက်ပိုင်းဆိုင်ရာ ပစ္စည်းများ ဖြစ်သည့်အတွက် အချိန် ကြာလွန်းပါက မကောင်းဘဲ သင့်တော်သည့်အချိန် ဆိုခြင်းထက် အမြန်ဆုံး စစ်ဆေးခွင့်ကို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ရှေ့နေများက ယင်းအမှုတွင် အဓိကကျသည်ဟု ယူဆထားသည့် ကျောင်းတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို ပြီးခဲ့သည့် ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် တရားခွင်စစ်ဆေးမှု ပြုလုပ်ရာတွင် အချက်အလက် စုစည်းထားသော Hard Disk (DVR -Hard Disk ) ထဲတွင် မှတ်တမ်းတင်ထားသည့် ဖိုင်တခုမှ ပါမလာဘဲ ဖိုင်အလွတ်ကိုသာ ရုံးတော်သို့ တင်လာသည်ကို တရားခွင် စစ်ဆေးချက်အရ သိရသည်။
ထိုသို့ ဖိုင်များ ပါလာခြင်း မရှိသဖြင့် ဖမ်းယူထားသည့် ဖိုင်များ ပြန်လည်ရရှိရန် အိုင်တီပညာရှင်များ ခေါ်ယူလိုကြောင်း နှစ်ဖက် ရှေ့နေများက လျောက်လဲခဲ့ကြသော်လည်း ယင်းလျောက်လဲချက်ကို တရားရုံးမှ နည်းပညာသမားများ ခေါ်ပြီး စစ်ဆေးရန်အတွက် သင့်တော်သည့် ရုံးချိန်းတွင် အမိန့်ချပေးမည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က တရားခွင်အတွင်း ဆိုခဲ့သည်။
ဗစ်တိုးရီးယား၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က “သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့ အမိန့်ကို ချမယ်ဆိုတာ ပြီးခဲ့တဲ့ ရုံးချိန်းက ချထားတာ ရှိတယ်။ ရုံးတော်က ပြောနေတဲ့ သင့်တော်တဲ့ အချိန်ဆိုတာ ဘယ်အချိန်လဲ။ ကွန်ပျူတာတို့ ဒီလိုပစ္စည်းတွေက အချိန်မမှီဘူးဆိုရင် ဖော်ထုတ်ရတာ ခက်ခဲနိုင်တယ်လို့ တင်တာကို ရုံးတော်ကလည်း ခွင့်ပြုလိုက်တယ်” ဟု တရားခွင် စစ်ဆေးမှု အပြီး သတင်ထောက်များကို ပြောသည်။
ပျောက်ဆုံးသွားသည့် ဖိုင်များကို ပြန်လည် ရရှိရန်အတွက် CCTV အထိုင်စက်ဖြစ်သည့် DVR စက်ကို အိုင်တီပညာရှင် နည်းပညာရှင်များ၊ ဌာနဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်း၍ ယင်းစက်မှာ မည်သည့်ပုံစံဖြင့် ပျက်ခဲ့ခြင်းကို ဖော်ထုတ်မည် ဖြစ်ကြောင်း ဒေါ်ရွက်နုအောင်က ဆိုသည်။
ယင်းအမှုတွင် သံသယ တရားခံ အဖြစ် စစ်ဆေးခံနေရသည့် အောင်ကြီး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများကို ပြန်လည်ရရှိရန် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းကို အကူအညီတောင်းမည် ဖြစ်ပြီး ပြင်ပ ပညာရှင်များနှင့်လည်း ပူးပေါင်း၍ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောသည်။
အခင်း စတင် ဖြစ်ပွားသည့်၂၀၁၉ ခုနှစ် မေလ ၁၆ ရက်က CCTV မှတ်တမ်းများကို မှုခင်းတပ်ဖွဲ့ (CID) ကို ပေးရန် ကွန်ပျူတာမှတဆင့် စတစ်(Stick) ဖြင့် ကူးခဲ့ရာ ၁၁ ဖိုင်ရကြောင်း၊ ကျောင်းချိန် မနက် ၈ နာရီ မှ ညနေ ၅ နာရီ အချိန်ထိ အပိုင်း ၃ ပိုင်း ပြတ်တောက်နေသည်မှာ CID က ပြန်ပြောမှ သိကြောင်းကိုလည်း ပြီးခဲ့သည့် တရားခွင် စစ်ဆေးမှုများတွင် ယင်းစက်များကို ကိုင်သူ ကိုရန်နောင်ဌေးက တရားခွင် အတွင်း ထွက်ဆိုထားသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူလေး ဗစ်တိုးရီးယား မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုကိုလာမည့် ၁၂ ကြ်ိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၄ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမနှစ်ဦး ကို စစ်ဆေးမည်ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ သိရသည်။
You may also like these stories:
အောင်ကြီး အာမခံ ရရှိရေး အသနားခံမှု ခေတ္တ စောင့်ကြည့်ရန် သမ္မတရုံး အကြောင်း ပြန်
ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး စွဲဆိုထားသည့်အမှု တရားလိုသက်သေထွက်ချက်များ ကွဲလွဲနေ
Wisdom Hill မှ တင်သည့် သက်သေခံ CCTV မှတ်တမ်းတွင် ဖိုင်များ မပါလာ ဟုဆို