မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ခြင်းကြောင့် ဆေးစွဲလူနာနှင့် ၎င်းတို့၏ မိသားစုများတွင် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ဟု မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ က ပြောဆိုလိုက်သည်။
မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (DPAG) က ပြုစုထားသည့် “နုနယ်သော ဘဝများ ကျိုးပျက်ကြွေလွင့်ခြင်း”အစီရင်ခံစာ မျှဝေခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၀ရက်နေ့ ရန်ကုန်မြို့ အင်းယားကန်စောင်းရှိ စိမ်းလန်း စိုပြေ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ယင်းအဖွဲ့ ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ နန်းပန်းအိခမ်းက “အဓိကက တိုင်ကြားဌာန ဖွင့်လိုက်တာ မူးယစ်ဆေးဝါးပြဿနာတွေကို နှိမ်နင်းဖို့ပေါ့။ ဒါပေမယ့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ခဲ့တယ်။ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ လက်လှမ်းမီဖို့ အနှောင့်အယှက်တွေ ဖြစ်ခဲ့တယ်။ နောက် သုံးစွဲသူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှုနဲ့ လူ့အခွင့်အရေး ထိခိုက်စေတယ်။ ဒီအတွက် သူတို့ရဲ့ မိသားစုတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ဖြစ်ပွားစေခဲ့တယ်”ဟု ပြောသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သူ၏သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းတွင် အဂတိလိုက်စားမှုချေမှုန်းရေးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးကို ပိုမိုအာရုံစိုက် ဆောင်ရွက်သွားမည်ဟု ပြောထားသလို နှစ်သစ်ကူးမိန့်ခွန်းတွင်လည်း မူးယစ်ဆေးဝါး ပိုမိုနှိမ်နင်းရန်နှင့် အဓိကအားဖြင့် ထုတ်လုပ်ဖြန့်ဖြူး သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရန်လည်း ပြောကြားခဲ့သည်။
ကတိကဝတ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနစ် ဇွန်လ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တိုင်ကြားလာသည့် သတင်းအချက်အလက်များကို လက်ခံရယူနိုင်သော မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ဖွင့်လှစ်ခြင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ထိုသို့ ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် အရှိန်မြင့်ကာ ဖမ်းဆီးမှုပြုခဲ့သည်။
အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံရှိ မက်သာဒုန်းစင်တာ အနီးတွင် နယ်မြေခံရဲများမှ မက်သာဒုန်း လာယူသူများအား စစ်ဆေးမေးမြန်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်လာခဲ့သည်ဟု မက်သာဒုန်း သုံးစွဲနေရသူတဦးက ပြောသည်။
မက်သာဒုန်းဆေးမှာ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းခြင်းမှ ဖြတ်လိုသူများကို ဆေးဖြတ်ချိန်တွင် ပေးသောဆေး ဖြစ်ပြီး ဆရာဝန်များအနေဖြင့် ဆေးစွဲသူကို လူနာအဖြစ်သာ ဆက်ဆံကြသည်။
ဖမ်းဆီးခံရသူ အများစုက လူငယ်လူလတ်ပိုင်းများဖြစ်ပြီး အချို့က ART ဆေး၊ မက်သာဒုန်း ဆေးသောက်သုံး နေသူများဖြစ်သည့်အတွက် ရဲစခန်း၊ အကျဉ်းထောင်များအတွင်း ချုပ်နှောင်ခံရခြင်းကြောင့် ခေတ္တဆေးပြတ်လပ်ခြင်း၊ မက်သာဒုန်း ဆေးပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်ဟု ဒေါက်တာ နန်းပန်းအိခမ်းက ရှင်းပြသည်။
ART ဆေးက နေ့စဉ်အချိန်မှန် သောက်သုံးရသော ဆေးဖြစ်သည့်အတွက် ခေတ္တဆေးပြတ်လပ်ပါက လူနာတွင် HIV ပိုးကောင်ရေ မြင့်တက်စေသလို မက်သာဒုန်းကလည်း နေ့စဉ်သောက်သုံးရသော ဆေးစွဲခြင်းကို ကုသပေးရသည့် ဆေးဖြစ်သောကြောင့် ဆေးပြတ်တောက်ပါက မလိုလားအပ်သည့် ကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေသည်။
မြန်မာနိုင်ငံတဝှမ်းလုံးရှိ မူးယစ်ဆေးဝါး သုံးစွဲသူများအကြား HIV၊ အသည်းရောင်အသားဝါပိုး ကူးစက်မှု လျော့ကျစေရန် ဆေးပညာဆိုင်ရာ အကူအညီနှင့် အကြံဉာဏ်များ ပေးခြင်း၊ မက်သာဒုန်းဆေး ပေးခြင်း၊ တခါသုံး အပ်များ ဝေခြင်း စသည်ကဲ့သို့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသော အန္တရာယ်လျော့ချရေး အဖွဲ့အစည်းများကလည်း သမ္မတရုံးမှ တိုင်ကြားရေးဌာနဖွင့်လှစ်ပြီးနောက် ၎င်းတို့၏ဝန်ဆောင်မှု စင်တာများသို့ လာရောက်သူဦးရေမှာ သိသိသာသာ လျော့နည်းသွားသည်ဟု မန္တလေးရှိ အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းမှ ဆရာဝန်တဦးက ဆိုသည်။
ဖမ်းဆီးမှုများကို မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံအပြားတွင် တွေ့ရပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပိုမိုများပြားလာသည်ဟု ဒေါက်တာ နန်းပန်းအိခမ်းက ဆိုသည်။
၂၀၁၈ ခုနစ် ဇူလိုင်လမှ ၂၀၁၉ ခုနစ် ဧပြီလအထိ တိုင်ကြားချက်များပေါ် မှုတည်၍ ဖော်ထုတ်ဖမ်းဆီးရရှိသော အမှုပေါင်း ၅၉၃ မှုရှိပြီး ၎င်းတို့အနက် ကျား ၇၈၂၊ မ ၁၅၂ ဦးရှိကြောင်း DPAG ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
မှုးယစ်ဗဟိုရုံးမှ အငြိမ်းစား ရဲမှူးကြီး ဦးခမ်းအောင်က “ဖမ်းဆီးပေမယ့် သုံးစွဲသူရော၊ ရောင်းသူရော တိုးများလာတာက အားလုံးမှာ အားနည်းချက်တွေ ရှိတယ်။ ဘာလို့ဆို ၉၃ ဥပဒေမှာပါတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မတီဆိုတာ ရပ်ကွက်၊ ကျေးရွာအထိ ဖွဲ့ထားတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေကို မသိကြဘူး။ ဖွဲ့ထား မှန်းလည်း မသိဘူး။ သူတို့လုပ်ရမယ့် တာဝန်ကို နားမလည်တော့ သူတို့လည်း မလုပ်ဘူး။ အမှန်တော့ ရွာတွေ၊ ရပ်ကွက်တွေမှာ ဒီအဖွဲ့တွေက အားကောင်းရင် သူတို့ဘာသာသူတို့ ထိန်းနိုင်ရင် သူတို့ဘာသာ ထိန်းနိုင်တယ်။ ရဲက ဝင်ဖမ်းစရာတောင် မလိုဘူး။ တဖက်က ဥပဒေကလည်း အခုသွားနေတာနဲ့ဆို ခေတ်မမီတော့ဘူး။ ဥပဒေပြောင်းဖို့ကလည်း အချိန်ကြာဦးမယ်။ ဘာလို့ဆို ပေါ်လစီတောင် မထွက်သေးဘူး”ဟု ရှင်းပြသည်။
လက်ရှိဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ကြီးလေးသော ထောင်ဒဏ်များ ပေးနိုင်သည်။ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲရေး လှုံ့ဆော်နေသူများကမူ ယင်းကို ဆန့်ကျင်ပြီး ဆေးဖြတ်ရေးနှင့် ကုသရေးရှုထောင့်မှ ချည်းကပ်ရန် တိုက်တွန်းနေကြသည်။
လက်ရှိဥပဒေကို မပြင်ဆင်နိုင်သေးမီ ဆေးစွဲသူများအနေဖြင့် အဖမ်းခံရပြီးနောက်ပိုင်းတွင် အချုပ်၊ အကျဉ်းထောင် စသည့် နေရာများတွင် မက်သာဒုန်းဆေးများ၊ ART ဆေးများအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများ ဆက်လက်ရရှိစေရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း DPAG က အကြံပြုထားသည်။
အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့်နှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ရဲတို့မှ အပြည့်အဝ အသိအမှတ်ပြုကာ ၎င်းတို့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း ဒေါက်တာ နန်းပန်းအိခမ်းက ဆိုသည်။
ထို့နောက် DPAG က စိတ်ကြွဆေးသုံးစွဲမှုနှင့် ဆက်စပ်သော ကျန်းမာရေး ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် ခိုင်လုံသော အချက်အလက်များ၊ အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုများ၊ လူထုအခြေပြု စိတ်ကျန်းမာရေး ဝန်ဆောင်မှုများသို့ ဆေးစွဲသူများ လက်လှမ်းမီနိုင်စေရန်လည်း နိုင်ငံတော်အနေနဲ့ ဆောင်ရွက်သင့်သည်ဟုလည်း အကြံပြုသည်။
You may also like these stories:
အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း
အိမ်တွေမှာ ဆေးခြောက် တရားဝင် စိုက်ပျိုးခွင့် ရရှိနိုင်ဖို့ ဆွေးနွေးနေတဲ့ ထိုင်းအစိုးရ
မူးယစ်မှုဖြင့် တရားစွဲခံရသည့် ARG ဥက္ကဋ္ဌ သက်သေမခိုင်လုံ၍ ပြန်လွှတ်
ဖျာပုံမြို့အနီးပင်လယ်ပြင်တွင် ကျပ်သိန်းပေါင်း ၃သိန်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးများတွေ့ရှိ