စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် မန္တလေးမြို့တွင် ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းမှု၌ ပါဝင်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်ခံ ထားရသည့် ကိုရဲရင့်ကျော် (ဗကသ-ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်း)ကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ၂၀ ရက်က အောင် မြေသာစံ တရားရုံးတွင် ချုပ်ရမန် ယူခဲ့ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က သိရသည်။
ကိုရဲရင့်ကျော်ကို နိုဝင်ဘာလ ၁၉ ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ကောင်း ကျော် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမှတ် ၉ ရဲစခန်းမှ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “သူ့ကို အမှတ် ၉ ရဲစခန်းက ဖမ်းဆီးပြီး အမှုဖွင့်ထားတဲ့ အမှတ် ၅ စခန်းကို လွှဲပြောင်းပေးခဲ့တာပါ။ အရင် အမှုဟောင်းနဲ့ ဖမ်းဆီးခဲ့တာပါ။ တရားရုံးကို တင်ပို့ပြီး ချုပ်ရမန် ယူထားပါတယ်” ဟု ပြောသည်။
မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်၂၆လမ်း၊ မန္တလေး စည်ပင်သာယာရုံးရှေ့ ကျုံးဘေးတွင် ကိုသန်းထိုက်၊ ကိုနှင်း အောင်နှင့် ကိုရဲရင့်ကျော်တို့သည်၂၀၁၈ ခုနှစ် မေလ ၈ ရက် ညပိုင်းက တိုင်းရင်းသားဒေသ ထိုးစစ်တွေရပ်၊ စစ်ရေး အကြမ်းဖက်မှု အလိုမရှိ၊ စစ်ဖြစ်ဒေသ ပိတ်မိပြည်သူများ လွတ်မြောက်ရေးနှင့် STOP WAR စာတန်းပါ ပိုစတာများ ထောင် ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆုတောင်းခဲ့သည်။
အဆိုပါ ဆုတောင်းပွဲ ပြုလုပ်ခြင်းသည် ခွင့်ပြုမိန့် မရရှိဘဲ ပြုလုပ်ခဲ့သည် ဟုဆိုကာ အမှတ် ၅ မြို့မ ရဲစခန်းက (ပ)၂၄၄/ ၂၀၁၈၊ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကိုသန်းထိုက်၊ ကိုနှင်းအောင်နှင့် ကိုရဲရင့်ကျော်တို့ သုံးဦးကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ကိုရဲရင့်ကျော် က “စစ်ပွဲတွေ ရပ်ဆိုတဲ့ မီးထွန်း ဆုတောင်းတဲ့ ကိစ္စက ၁ နှစ်ခွဲကျော် သွားပြီ။ ဒီကြားကာလမှာလည်း ကျ နော် မန္တလေးမြို့မှာပဲ ရှိနေတာပါ။ ဒါကို တနှစ်ခွဲကျော်ကြာမှ ပြန်စွဲတာပါ။ ဘာရည်ရွယ်ချက်နဲ့ စွဲတယ်ဆိုတာလည်းတော့ မသိဘူး။ သတိထားကြပါ၊ ရွေးကောက်ပွဲ နီးလာတော့ ဖြစ်တတ်တယ်” ဟု ပြောသည်။
အမှုဖွင့်ခံရသူများ အနက်မှ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်ကို၂၀၁၈ ခုနှစ် မေ ၁၂ ရက် ညနေ ၅ နာရီက ချမ်းအေးသာစံ မြို့နယ်၊ ၃၃ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဒိုင်းမွန်း ပလာဇာတွင် ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် လူထုအမြင် သ ဘောထား ကောက်ခံမှု ပြုလုပ်နေစဉ် အမှတ်(၅) မြို့မ ရဲစခန်းမှ ဖမ်းဆီး ခေါ်ဆောင်ကာ အောင်မြေသာစံမြို့နယ် တရားရုံး သို့ တရားစွဲဆို တင်ပို့ခဲ့သည်။
ကိုသန်းထိုက်(ဗကသ-ဗဟိုကော်မတီဝင်ဟောင်း)နှင့် ကိုနှင်းမောင် (ဗကသအဖွဲ့ချုပ်) တို့အား အောင်မြေသာစံ မြို့နယ် တရားရုံးက၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်က ထောင်ဒဏ် ၃ လကျခံရန် အမိန့်ချမှတ်ခဲ့ကာ ယခုအခါ ပြန်လည် လွတ် မြောက်လာပြီ ဖြစ်သည်။
မန္တလေးတွင် စစ်ပွဲများ ရပ်တန့်ရေး အတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် လူ ၅ ဦး အထိ ဖမ်းဆီး အရေးယူ တရားစွဲဆိုခဲ့ရာ အဆိုပါ ၅ ဦး စလုံးအား သက်ဆိုင်ရာ တရားရုံးများက အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သလို ယင်း ၅ ဦးတွင် ငြိမ်းချမ်းရေး ကဗျာကို ရွတ်ဆိုခဲ့သူ ကဗျာဆရာ ကလင့်(မန္တလေး)လည်း အပါအဝင် ဖြစ်သည်။
လက်ရှိတွင် ကိုရဲရင့်ကျော် အမှုကို အောင်မြေသာစံမြို့နယ် တရားရုံးက ဒီဇင်ဘာ ၄ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆို ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် –
ငြိမ်းချမ်းရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၂ ဦး တရားရုံးကိုသပိတ်မှောက်