ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင် ရွာထဲသို့ နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီကျော် အချိန်က လက် နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် ရွာသား ၁ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
လက်နက်ကြီး ရွာထဲသို့ ကျရောက် ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားသူမှာ အသက် ၄၉ နှစ် အရွယ် ဦးချန်သိန်း အောင်နှင့် ထိခိုက်ဒဏ်ရာရရှိသူမှာ အသက် ၅၂ နှစ် အရွယ် ဦးခင်မောင်ဝင်းတို့ ဖြစ်ကြောင်း မိသားစုဝင်များက ပြော သည်။
သေဆုံးသူ ဦးချန်သိန်းအောင်၏ ဇနီး ဒေါ်လှမေနုက “မနေ့က ညနေ ၄ နာရီကျော် လောက်မှာ ဖြစ်တာပါ။ အိမ်မှာ ကျမ အမျိုးသားနဲ့ စကားပြောနေတုန်း ရွာထဲကို လက်နက်ကြီးတွေ လာကျပါတယ်။ အမျိုးသားက ကျမကို ဘုန်းကြီးကျောင်း ကို ပြေးခိုင်းတယ်။ သူက နောက်က လိုက်လာမယ်လို့ ပြောတယ်။ ကျမ ပြေးလာတုန်း သူလက်နက်ကြီး မှန်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် အတွင်းက အမျက်တောင်ရွာတွင် အိမ်ခြေ ၁၀၀ ကျော် ရှိပြီး ရွာနှင့် ၁ မိုင်ခန့် အကွာတွင် တပ် မတော်က တပ်စွဲနေထိုင်သော ရေစိုးချောင်း ဗျူဟာမှနေ လှမ်းပစ်ခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ရေစိုးချောင်းတွင် တပ်စွဲထားသော တပ် မတော် စစ်ကြောင်းအား ရွာထဲကနေ လှမ်း၍ ပစ်ခတ်သည့် အတွက် ပြန်လည် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဆိုသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “မနေ့က ညနေပိုင်းမှာ အဲဒီ အနားမှာ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ ကျနော်တို့ စစ် ကြောင်းကို ရက္ခိုင် စစ်တပ် (AA) လာ လာပစ်တယ်။ ရေစိုးချောင်း ဗျူဟာကိုလည်း ဒီကောင်တွေ လှမ်းပစ်တယ်။ ကျနော် တို့က ရွာတွေကို အခြေခံပြီး မပစ်ဖို့၊ ဘာသာရေး အဆောက်အအုံကို နေရာယူပြီး မပစ်နဲ့လို့ ပြောပြီးသား။ ဒီလို လုပ်နေရင် တော့ ဒါမျိုး ဖြစ်စဉ်တွေက ဖြစ်မှာပဲ။ ဒီနေ့ထိ ကျနော်တို့ဘက်က စပစ်တာ တခုမှ မရှိသေးဘူး။ ကျနော်တို့ကို လာနှောင့် ယှက်ရင် ကျနော်တို့ဘက်ကလည်း ပစ်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မဲ ဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် ကတော့ အဆိုပါ အမျက်တောင် ရွာအနီးတွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်းကို မကြားမိကြောင်း၊ ရွာသားများ စပါး ရိတ်သိမ်းမှုကို ဟန့်တားချင်သည့် အတွက် ထိုသို့ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
ဦးခင်မောင်လတ်က “မနေ့က အဲဒီ အမျက်တောင်နားမှာ တိုက်ပွဲဖြစ်တာတော့ ကျနော် မကြားဘူး။ ရေစိုးချောင်းရဲ့ မြောက်ဘက်မှာတော့ ပစ်ခတ်မှု အနည်းငယ် ဖြစ်တယ်လို့ ကြားတယ်။ အမျက်တောင်ရွာက ရေစိုးချောင်း အနောက် ဘက်မှာ ရှိတာဆိုတော့ ကျည်က အနောက်ဘက်ကို ရောက်သွားတယ်။ ရေစိုးချောင်းဗျူးက ကြည့်ရင် အမျက်တောင် ရွာထဲမှာ သူပုန် ရှိ မရှိ ဆိုတာ အကုန် မြင်ရတယ်။ ရွာထဲမှာ ခွေး ၁ ကောင် သွားနေတာက အစ လှမ်းမြင်ရတယ်။ ဆန်စပါး သိုလှောင်တာကို မလိုချင်တဲ့အတွက် ရွာသားတွေ စပါးရိတ်သိမ်းဖို့ လာတာကို တားချင်တဲ့ သဘောနဲ့ လုပ်တာလား အဲဒီ လိုတော့ သုံးသပ် မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများကြောင့် အမျက်တောင် ရွာသားများမှာ ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာသို့ စစ် ဘေးရှောင်ဘဝဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရသည်မှာ ၅ လခန့် ရှိပြီ ဖြစ်ပြီး စပါးရိတ်သိမ်းရန်အတွက် အမျိုးသား တချို့မှာ ရွာစောင့်အဖြစ် နေထိုင်ကြကြောင်းလည်း ရွာသားများက ပြောဆိုသည်။
သေဆုံးသူ၏ ဇနီး ဒေါ်လှမေနုက “ကျမနဲ့ သူ(ဦးချန်သိမ်းအောင်) နဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီ။ မနေ့က ကျမ ညနေ ၃ နာရီလောက်မှာ အလုပ်ကူ လုပ်ပေးဖို့ ရွာကို ပြန်လာတာ။ ၁ နာရီလောက်ပဲ တွေ့ပြီး စကားပြောလိုက်ရတယ်။ ရေစိုး ချောင်းမှာ နေကြတဲ့ စစ်သားတွေ လှမ်းပစ်တာ။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ အိမ်ကို လက်နက်ကြီး မကျမီ ဖုန်းဆက် သေးတယ်။ မိန်းမ နင် ဘုန်းကြီးကျောင်းကို ရောက်သွားပြီးလားတဲ့ ငါဒီမှာ ထွက်ပေါက် မရတော့ဘူး။ လက်နက်ကြီးတွေ ရှေ့နား လာကျနေပြီ။ အဲဒီလို ပြောပြီး ဖုန်းချသွားတာနဲ့ သူ့ကို လာမှန်တာ ဖြစ်မယ်” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှုမှာ တနှစ် အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုများမှာလည်း အရပ်သား အစိုးရလက်ထက် တိုက်ပွဲဖြစ်ပွားမှုတွင် ထိခိုက် ကျဆုံးမှုထက် ပို၍ များလာကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၌ နှစ်ဖက် ထိတွေ့ တိုက်ခိုက်မှုမှာလည်း နေ့စဉ်နှင့် အမျှ ဖြစ်ပွားလျက် ရှိပြီး ယနေ့ နိုဝင် ဘာ လ ၂၂ ရက် တွင်လည်း မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရ သည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့် အမျှ အရပ်သား ထိခိုက်သေဆုံး ၊ ဖမ်း ဆီးခံရမှုများမှာလည်း တနေ့ထက်တနေ့ များပြားလာမှုနှင့် အတူ စစ်ပွဲ ဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့် လာ သည်။
ယင်းသို့ တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ အပြစ်မဲ့အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဦးဆောင်ကာ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း သာစိန်က လွှွတ်တော်တွင် အဆို တရပ် တင်သွင်းခဲ့သည်။
အဆိုအပေါ် အစိုးရ အဖွဲ့ဝန်ကြီးများနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြသော်လည်း ပါတီ အသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့် အတွက် စက်တင်ဘာလ ၂၃ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ယင်း အဆိုအား အတည်ပြုခဲ့သည်။
စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၈၀ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော် အထိ တိုးလာ နေကြောင်းလည်း ဦးထွန်းသာစိန်က လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။
နေ့စဉ်နှင့် အမျှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှုများ ရှိနေသည့်အတွက် နောက်ထပ်တိုးလာသည့် သေဆုံး သူ၊ ထိခိုက်သူ အရေအတွက် အတိအကျ စာရင်း မပြုစု နိုင်သေးပေ။
You may also like these stories:
ဘူးသီးတောင် တပ်မဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်
ပုဏ္ဏားကျွန်းတွင် တပ်မတော်က AAကို ရဟတ်ယာဉ်သုံး တိုက်ခိုက်
ပလက်ဝ တိုက်ပွဲအတွင်း သုံ့ပန်း ၁၃ ဦး ဖမ်းမိဆိုသည့် AA ထုတ်ပြန်ချက် မှားယွင်းဟု တပ်မတော် ပြော