တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသည့် မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အမှုတွင် ဆရာတော် ဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေ ဦးသိန်းသန်းဦးက ယနေ့ ရုံးချိန်း၌ ရှေ့နေ ပါဝါတင်ကြောင်း သိရသည်။
မန္တလေးခရိုင် ပြည်ကြီးတံခွန် တရားရုံး၏ ဒုတိယ အကြိမ်မြောက် အဖြစ် နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် စစ်ဆေးမှုများ မပြုလုပ်ဘဲ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ရှေ့နေပါဝါတင်ခြင်းသာ ပြုလုပ်သည်ဟု ဆိုသည်။
ရှေ့နေကြီး ဦးသိန်းသန်းဦးက“မြဝတီဆရာတော်ကြီး အမှုမှာ ဒီနေ့ ကျနော်တို့ ရှေ့နေပါဝါ တင်ပါတယ်၊ ပါဝါတင်ပြီး တော့ နှစ်ပတ်ခွာပြီး ရုံးချိန်းချိန်းခဲ့တယ်၊ နောက်အပတ် ရုံးချိန်းမှာတော့ CMP လုပ်သွားမှာပါ၊ CMP ဆိုတာ ဘယ်နေ့ ဘယ်သူ့ စစ်မယ်၊ ဘယ်လောက်ကြာမယ် ဆိုတဲ့ စီမံချက်ကို လုပ်ဆောင်သွားဖို့ ချိန်းဆိုထားတာပါ”ဟု ပြောသည်။
မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ သည် ရန်ကုန်တိုင်း စစ်ဌာနချုပ်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အား အမည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့သို့ ကျပ် သိန်း ၃၀၀ လှုဒါန်းမှု အပါအဝင် တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများ၊ ဇွန်လအတွင်းက ခေတ်သစ် မီဒီယာ တွင် ဖြေကြားချက်များသည် တပ်မတော်ကို အကြည်အညိုပျက်စေပြီး ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်၍ စက်တင်ဘာ ၃ ရက်နေ့က ပြည်ကြီး တံခွန် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဦးတိုက် လျှောက်ထားမှုအား တရားရုံးက ရဲတပ်ဖွဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ချထားပေးခဲ့ပြီး စုံစမ်း စစ်ဆေး တွေ့ရှိချက်အရ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့် အမှုစွဲတင်ခဲ့ခြင်း ဖြစ်သည်။
“ဘုန်းကြီးကတော့ နိုင်ငံသားအဖြစ် ခံယူထားတယ်၊ ဘာပဲဝတ်ဝတ် နိုင်ငံသားပဲလေ၊ နိုင်ငံသားတယောက် အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အတွက် ပြောနေတာဖြစ်တယ်၊ အခုက တပ်မတော်ရဲ့သဘောထားက မကောင်းလှဘူး၊ ပြဌာန်း ထားတဲ့ ဥပဒေတွေအရ တရားစွဲတာ သူတို့အခွင့်အရေး ဖြစ်တယ်၊ ဘုန်းကြီးတို့ကလည်း နိုင်ငံသား အခွင့်အရေးအရ ခုခံသွားမှာဖြစ်တယ်”ဟု ဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားသည်။
ထိုကဲ့သို့ တပ်မတော်အပေါ် အကြည်အညို ပျက်စေပြီး ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ဆိုကာ မြဝတီမင်းကြီး ကျောင်း တိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသအား အရေးယူပေးရန် အတွက် တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် စက်တင်ဘာ လ ၁၁ ရက်နေ့က လက်ခံခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက တရားစွဲဆိုမှုကို လက်ခံပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ ရုံးချိန်းတွင် ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးထားသည်။
ရှေ့နေကြီး ဦးသိန်းသန်းဦးက“လက်ရှိအချိန်မှာ ကိုယ့်ပြည်တွင်းက ခေါင်းဆောင်တွေကို နိုင်ငံတကာကနေ တရားစွဲဆို တာတွေ ဖြစ်နေပြီ၊ ဒီလို အခြေအနေမှာ အားလုံး ညီညီညွှတ်ညွှတ်ရှိနေဖို့ အလွန်အရေးကြီးနေပြီ၊ အပြင်ဘက်က အန္တရာယ် ကြီးလာနေတဲ့ အချိန်မျိုးမှာတောင် ဟိုလူ့ကိုတရားစွဲ၊ ဒီလူ့ကို တရားစွဲဆိုတာမျိုးတွေက လုံးဝကို မဖြစ်သင့် ဘူးလို့ မြင်တယ်”ဟု ပြောသည်။
မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အမှုတွင် တရားလိုပြသက်သေ ၅ ဦး တင်ပြထားပြီး လာမည့်ရုံးချိန်းကို ဒီဇင်ဘာလ ၆ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း၊ အဆိုပါ ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program – CMP) လုပ်ငန်းစဉ်အရ နှစ်ဘက်ညှိနှိုင်းမှုကို စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသာဘိဝံသအား စွဲဆိုထားသော အသရေဖျက်မှု ပုဒ်မ ၅၀၀ သည် ပြစ်မှုထင်ရှားပါက တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ငွေဒဏ်သော်လည်းကောင်း၊ အများဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ရန် သော်လည်းကောင်း ပြဌာန်းထားသည်။
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အမှု အပါအဝင် မန္တလေးမြို့တွင် တပ်မတော် ၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ပြောဆိုသည်ဟု ဆိုကာ ရွှေဝါရောင် ဆရာတော်များဖြစ်သည့် ဦးသောဘိတ (အလင်္ကာကြယ်) နှင့် ဦစိန္တိတ တို့ကို လည်း တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားမှုများ လည်း ရှိကြောင်း သိရသည်။