မြန်မာနိုင်ငံမှ မှောင်ခိုသွင်းလာသည်ဟု ယူဆရသည့် ဆန်ကီလိုဂရမ် သုံးသိန်းကျော်ကို တင်ဆောင်လာသည့် ကုန်ကား ၇စီးကို မဲဆောက်ခရိုင်တွင် ဖမ်းလိုက်ကြောင်း Bangkok Post သတင်းကဆိုသည်။
အဆိုပါ မြန်မာဆန်များကို ထိုင်းဆန်အဖြစ် အမည်ခံကာ ရောင်းချမည်ဟု ယူဆရပြီး၊ ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနနှင့် ဒေသခံအရာရှိများက ထိုင်းစစ်တပ်၏ အကူအညီဖြင့် ယနေ့ နံနက်စောစောက ထွက်ခွာလာသော ထိုကားများ ကို မဲဆောက်ခရိုင်ရှိ ချာလန်သက်ပ် လမ်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုကားများသည် ထိုင်း၏ နာမည်ကျော်ဆန်ဖြစ်သည့် ဟွမ်မလိခေါ် စံပါယ် (jasmine) ဆန်နှင့် အလား တူသည့် ကြိတ်ခွဲပြီး ဆန်များကို သယ်ဆောင်လာခြင်းဖြစ်ပြီး ဆန်ကွဲအချို့ကိုလည်း ကားများပေါ်တွင်တွေ့ရကြောင်း၊ ထရပ် ကားတစီးလျှင် ဆန်တန်ချိန် ၄၀ မှ ၄၅ တန်အထိသယ်ဆောင်လာပြီး စုစုပေါင်းအနည်းဆုံး ကီလိုဂရမ် သုံးသိန်းရှိကြောင်း သိရသည်။
ထိုဆန်များကို အခွန်ဆောင်ပြီး တရားဝင်တင်သွင်းလာကြောင်း ယာဉ်မောင်းများကပြောသော်လည်း စာရွက်စာတမ်း များကို တင်ပြရန်ပြောသောအခါ ထိုစာရွက်စာတမ်းများတွင် နိုင်ငံတွင်းသို့တင်သွင်းခွင့်ပြုသည့်အချက်မပါဝင်ပေ။
ထိုစာရွက်စာတမ်းများတွင် ထိုဆန်ကို ထိုင်းနိုင်ငံဖက်အခြမ်း နယ်စပ်မှ စက်ရုံတရုံမှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပြသနေသည်ဟု ဆိုပြီး၊ ထိုဆန်များမှာ ထိုင်းမြန်မာချစ်ကြည်ရေး တံတားမှ တရားမဝင်တင်သွင်းလာ သည်ဟု အရာရှိများက ယုံကြည်သည်။
မှောင်ခိုတင်သွင်းသူများသည် ထိုဆန်များကို ထိုင်းဆန်အဖြစ် တံဆိပ်ကပ်ရောင်းချရန်ရည်ရွယ်သည်ဟု အရာရှိများက ယူဆသည်။
ထိုဆန်များကို တင်သွင်းရန် ခွင့်ပြုချက်ပေးထားခြင်းမရှိကြောင်း တပ်ခ်ခရိုင် ကူးသန်းရောင်းဝယ်ရေးရုံး စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ညွန်ကြားရေးမှူး ပိုရန်မက်ပေါင် ဖွန်ညီရန် ကပြောသည်။
ထပ်မံစစ်ဆေးမှုများပြုလုပ်ရန် ကုန်စည်အားလုံးကို သိမ်းဆည်းထားပြီး ကားသမားများကို မဲဆောက် ရဲတပ်ဖွဲ့သို့ လွဲပြောင်းပေးခဲ့ကြောင်း သူပြောသည်။
ထိုသို့သိမ်းဆည်းစဉ်အတွင်း ဆန်များ၏ ပိုင်ရှင်နှင့် မဲဆောက်ခရိုင်ရှိ ဆန်စက်တလုံးမှ မန်နေဂျာဖြစ်သူ နှစ်ဦးက ရဲများနှင့်လာရောက်စကားပြောကြောင်း သတင်းရင်းမြစ်တခုကဆိုသည်။ ၎င်းတို့က အခွန်စနစ်တကျပေးပြီး ကြောင်းနှင့် မှန်ကန်သည့် သွင်းကုန်စာရွက်စာတမ်းများရှိကြောင်း ပြောသည်ဟုဆိုသည်။
၎င်းတို့၏ စာရွက်စာတမ်းများသည် မှန်ကန်မှုမရှိကြောင်း ဆန်ကိုသိမ်းယူကာ မဲဆောက်ရဲစခန်းသို့ ပို့မည်ဖြစ်ကြောင်း အရာရှိများကပြောသောအခါ ထိုသူများသည် စိတ်ဆိုးလာပြီး ၎င်းတို့ကို မတရားလုပ်သည်ဟု စွပ်စွဲကြောင်း၊ ယခင်က လည်း ဆန်များကို ထိုသို့တင်သွင်းဖူးကြောင်းနှင့် မည်သည့်ပြဿနာမျှမရှိကြောင်းလည်း ၎င်းတို့က ပြောသည်ဟု သိရကြောင်းလည်း ဖော်ပြထားသည်။