သတင်း

ဖျာပုံမြို့နယ်ရှိ ကျားဖောင်တွင် ရေလုပ်သားအဖြစ်ရောင်းစားခံရသူ အမှု လူကုန်တားရဲ စိစစ်နေ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး, ဖျာပုံမြို့နယ်, ကဗျက်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းတွင် ရေလုပ်သားအဖြစ် ရောင်းစားခံရကာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည့် အသက် ၂၀ အရွယ် အမျိုးသား၏ ကိစ္စကို လူကုန်တားရဲတပ်ဖွဲ့က စိစစ် ဆောင်ရွက်နေပြီဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့ မှ ဒုရဲမှူးကြီး ခင်မောင်ကြွယ်က ဧရာဝတီသို့ ပြောသည်။

“ ကျနော်တို့ အနေနဲ့ ကာယကံရှင်တွေဆီကို မနေ့က ၁ ခေါက်, ဒီနေ့မှာလည်း ၁ ခေါက် သွားပြီး စစ်ဆေး မေးမြန်းနေပါတယ် ။ ဒါဟာ လူကုန်ကူးမှု မြောက်တယ် ဆိုရင် အမှုဖွင့်ပြီး ဆောင်ရွက်မှာပါ။ ဒီလို ကိစ္စမျိုးက ဒီနှစ်ထဲမှာတင် ဖြစ်ခဲ့ဖူးတာ ရှိပါတယ်။ ရာသီချိန်မှာ အဖြစ်အများဆုံးလို့ ပြောရမှာပဲ။ ရတဲ့သူကို ရတဲ့နည်းနဲ့ ခေါ်ခိုင်းတယ်။ လစာကို ပွဲစားတွေနဲ့ တခါတည်း ပေးလိုက်တယ်။ ပြသနာတွေ ဖြစ်လာတယ်” ဟုဒုရဲမှူးကြီး ခင်မောင်ကြွယ်က ရှင်းပြသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် ( အရှေ့ပိုင်း)မြို့နယ် ငထွေရူးလမ်းနေ အသက် ၂၀ အရွယ် ကိုမြတ်သူရထွန်း သည် အောက်တိုဘာ ၂ ရက်နေ့က ပန်းဆိုးတန်းမြို့နယ်တွင် ရှိနေစဉ် အမျိုးသမီး ၂ ဦးက ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်မည်ဆိုပါက လစာငွေ သိန်း ၂၀ ခန့်ရရှိမည်ဟုဆိုကာ ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုသဖြင့် ကာယကံရှင်က ယုံကြည်ကာ ၎င်းတို့ ၂ ဦး ခေါ်သွားသည့် ဒလမြို့နယ်ရှိ ( နေရာမှတ်မိ) နေအိမ် ၁ အိမ်သို့ ခေါ်သွားခဲ့ကြောင်း သိရသည်။

ထိုအိမ်တွင် အလုပ်လုပ်မည့် စာချုပ် ချုပ်ရကြောင်း၊ စာချုပ်ကို ဖတ်ကြည့်နေစဉ် ဇက်ပိုး ကို လက်ဖြင့် အရိုက်ခံရပြီးနောက်ပိုင်း ကိစ္စများကို မမှတ်မိတော့ကြောင်း၊ ထိုအိမ်တွင် ၂ ည အိပ်ခဲ့ရပြီးနောက် ဖျာပုံမြို့နယ် ကဗျက်ရွာရှိ “သင်ဇာထွန်းအောင်” အမည်ရှိ ကျားဖောင်တွင် အလုပ် စတင် လုပ်ရပြီး ပထမ တလ တွင် အလုပ်လုပ်ရသည့် လှေတွင် နှိပ်စက်ခံရခြင်း မရှိကြောင်း၊ ဒုတိယ ကျားဖောင်သို့ ပြောင်းရွေ့ လုပ်ကိုင်ရချိန်တွင် ကျားဖောင် ဦးစီး ကျော်အောင် ဆိုသူက ရိုက်နှက် နှိပ်စက်ကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် သစ်သား ငရုတ်ကျည်ပွေ့ကိုပါ အသုံးပြုကြောင်း ဆိုသည်။

“ ကျနော့်ကို ကျားဖောင်က ကိုကျော်အောင် ဆိုတဲ့သူ ရိုက်တာ၊ အလုပ်လုပ်တာ နှေးလို့ ဆိုပြီး ရိုက်တာပါ။ ခေါ်သွားတဲ့ အမျိုးသမီးတွေ အိမ်ကိုလည်း မှတ်မိပါတယ်။ အဲဒီမှာ ကျနော့် သူငယ်ချင်း ညီဒွေးဆိုတာ ကျန်ခဲ့တယ်။ သူ့ကိုလည်း ကယ်ပေးကြပါဗျာ။ ဘဝ မှာ တခါမှ မစားဘူးတာမျိုးတွေ စားခဲ့ရတယ်။ ကြုံခဲ့ရတယ်။ တခုပြောချင်တာက တခုခု လုပ်တော့မယ်ဆိုရင် ကိုယ့်မိဘ၊ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေကို အသိပေးပြီးလုပ်ပါလို့ ပြောချင်ပါတယ်။ “ ဟု ကာယကံရှင် ကိုမြတ်သူရထွန်းက ပြောသည်။

၎င်း၏ မိသားစုဝင်များသည် သူ့အား အိမ်မှ ထွက်သွားသည့်နေ့ အောက်တိုဘာ ၂ ရက်နေ့တွင် အဆက်အသွယ် မရ တော့သဖြင့် အောက်တိုဘာ ၃ ရက်တွင် လူပျောက် တိုင်ချက် ဖွင့်ခဲ့ကြောင်း၊ ၄ ရက်နေ့တွင် ဆူးလေဘုရားရှိ CCTV တွင် သူ့အား တွေ့ခဲ့ရကြောင်း သိရသည်။

ထို့နောက် ၁ လ လုံး သတင်းအစ အန မရတော့ဘဲ ယခုလအတွင်းမှ ဆက်စပ်ကာ လိုက်စုံစမ်းရခြင်း ဖြစ်ကြောင်း၊ ထိုသို့ စုံစမ်းရာမှ ကိုမြတ်သူရထွန်းသည် ဖျာပုံမြို့နယ် ကဗျက်ရွာရှိ “သင်ဇာထွန်းအောင်” အမည်ရှိ ကျားဖောင်တွင် ရေလုပ်သား အဖြစ် လုပ်ကိုင်နေရကြောင်း၊ ပွဲစားဆိုသူ အမျိုးသမီး ၂ ဦးက ငွေ ၇ သိန်း ကြိုတင်ယူသွားကာ အလုပ်အပ်ခဲ့ကြောင်း၊ ၎င်းကို ပြန်လည် ခေါ်ယူမည်ဆိုပါက ကြိုတင် ထုတ်ပေးထားသည့် ငွေ ၇ သိန်း ကို ပြန်ပေးရမည်ဟု ဆိုသဖြင့် အဆိုပါ ငွေကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပေးခဲ့ကြောင်း ကာယကံရှင်၏ အစ်ကို ကိုအောင်သော်ဇင်ထွန်းက ရှင်းပြသည်။

“သူပျောက်သွားတော့ ကျနော်တို့ လိုက်ရှာကြတယ်။ ပထမ ၁ လလုံးက သတင်းမရတော့ဘူး ။ ဒီလမှ ပြန်ပြီး လိုက်တာ။ စဉ်းစားတာက သူ စစ်တပ်ထဲ ဝင်ရင် ဝင်၊ မဝင်ရင် ဒီလို ရေလုပ်ငန်းတွေဘက် ရောက်သွားတာ ဖြစ်မယ်ဆိုပြီး ရေလုပ်ငန်းရှိတဲ့ ရေး၊ ထားဝယ်ဘက်ကိုကြတော့ မလိုက်နိုင်တော့ ဧရာဝတီတိုင်း ဖျာပုံဘက်မှာလည်း ရှိတယ်ဆိုပြီး လိုက်စုံစမ်းတာကနေ သတင်းစပြီး ရတာပါ” ဟု ကိုအောင်သော်ဇင်ထွန်းက ဧရာဝတီသို့ ပြောပြသည်။

“ကျနော်တို့ ပင်လယ်ဝ ကို ရောက်သွားတော့ လှေ ၁ စီးပေါ်မှာ ကောင်လေး ၁ ယောက် ထမင်းစားနေတာ တွေ့တယ်။ ကျနော်လည်း ကိုယ့်ညီလား မသေချာတော့ “ကိုထွေးရေ” ဆိုပြီး ခေါ်တော့ ဟာ ကိုကြီး ဆိုပြီး သူ ထမင်းဇလုံ ချပြီး ပြေးထွက်လာတာ ။ ကျနော် သူ့ကို ရုတ်တရက် လုံးဝ မမှတ်မိဘူး။ အဝတ်အစားက တော်တော် စုတ်ပြတ်နေပြီ မျက်နှာတွေ လက်တွေလည်း ဒဏ်ရာတွေနဲ့။ ကျနော်လည်း ကိုယ့်လူကိုယ် ပြန်ရရင် တော်ပြီဆိုပြီး ကလေးကို ခေါ်ပြီး ချက်ချင်း ပြန်လာတာ” ဟု သူက ရှင်းပြသည်။

ကျားဖောင်လုပ်ငန်း ပိုင်ရှင်ဘက်က လျော်ကြေးပေးမည်ဟု စကားဆိုလာသော်လည်း ရန်ကုန်သို့သာ အမြန်ပြန်လာခဲ့ကြောင်း၊ မေဓာဝီဆေးရုံကြီးတွင် ဆေးစစ်ချက်အရ ကိုမြတ်သူရထွန်းသည် နားရွက် ပြတ်ရှ ဒဏ်ရာ၊ ဘယ်လက်ဖျံရိုးကျိုး ဒဏ်ရာ၊ မျက်ခုံးကွဲ ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် လူကုန်တားရဲတပ်ဖွဲံ၊ အရှေ့ဒဂုံ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများကလည်း အိမ်သို့ လာရောက်ကာ စစ်ချက်ယူနေကြောင်း၊ တရားဥပဒေ အရ ဆက်လက် လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

You may also like these stories:

မန္တလေးတွင် လူကုန်ကူးမှု ၂ မှု တနေ့တည်းဖမ်းမိ

လူကုန်ကူးသူများကို ရဲတပ်ဖွဲ့နှင့် ၀ ဒေသအာဏာပိုင်များ ပူးပေါင်း ဖမ်းဆီး

Did you find apk for android? You can find new Free Android Games and apps.
Loading