ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းသို့ ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်သော အရပ်ဘက် ရေယာဉ် ၃ စီးနှင့်အတူ လုံခြုံရေးလိုက်ပါလာသော စစ်ရေယာဉ်များကို တိုင်းရင်းသား လက်နက်ကိုင် ရက္ခိုင့်တပ်မတော် AA အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခြင်းမှာ ကုလားတန်စီမံကိန်း လုပ်ငန်းများကို နှောင့်ယှက်ရာ ရောက်ကြောင်း အနောက်ပ်ိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက် မနက်ပ်ိုင်းက စစ်တွေမြို့မှနေ ပလက်ဝ မြို့နယ်အတွင်းသို့ သွားရောက်သော အဆိုပါ ရေယာဉ်တန်းကို ကျောက်တော်မြို့နယ် ပီကောက်ရွာအနီး ကုလားတန် မြစ်ကြောင်းတွင် AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းမှာ ကုလားတန်စီမံကိန်း ဖွံ့ဖြိုးတိုက်ရေးကို အနှောင့်အယှက်ပေးရာ ရောက်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ပလက်ဝ တံတားစီမံကိန်းအတွက် သွားပို့မယ့် သံဘောင်တွေ၊ ဘီလပ်မြေတွေ၊ အခြားဆက်စပ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ စက်ရေယာဉ် ၃ စီး စစ်တွေကနေ ထွက်လာတာ။ ဟိုတခါ သံဘောင်တွေကို နစ်မြုပ်လိုက်တဲ့အတွက် မသွားရဲတော့ဘူး။ မသွားရဲတော့ ကျနော်တို့ တပ်မတော်က ကမ်းထိုးယာဉ် ၃ စီးနဲ့ အနီးကပ် လုံခြုံရေး လိုက်ပေးတယ်။ မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ပီကောက်ရွာ နားကို ရောက်တာပေါ့။ AA က အရှေ့ ဘက်ကမ်း ကနေပြီးတော့ ၄၀ မမ ၊ RPG ဒုံးပစ်လောင်ချာနဲ့ ပစ်တယ်။ ကျနော်တို့ စစ်ရေယာဉ် ကလည်း ပြန်ပစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပလက်ဝ တံတားစီမံကိန်းအတွက် ဆောက်လုပ်ရေး ပစ္စည်းများကို ပို့ဆောင်သည်ဆိုရာတွင် ရွှေပြည်တန်၊ ရွှေမင်းသမီးနှင့် ပင်လယ် ခြေင်္သေ့ဆိုသည့် အရပ်ဘက်ရေယာဉ် ၃ စီးနှင့် လုံခြုံရေးအတွက် လိုက်ပါလာသည့် တပ်မတော်ကမ်းထိုးယာဉ် ၃ စီး၊ ငမန်းဟု ခေါ်သည့် ရှေ့ပြေး စစ်ရေယာဉ် ၂ စီး စုစုပေါင်း ၈ စီးပါပြီး AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည့်အတွက် လုံခြုံရေးအတွက် လိုက်ပါလာသည့် စစ်သည်တဦး အနည်ငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ စစ်ပွဲဖြစ်နေသည့် အချိန်အတွင်းမှာ စစ်ဆင်ရေး ပုံစံမျိုးနှင့် ချီတက်လာသည့်အတွက် ဟန့်တား ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဆိုသည်။
ဦးခိုင်သုခက “ မနေ့က မနက် ၂ နာရီ မိုးလင်းအရုဏ်မှာ မြောက်ဦး- ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တကြိမ်၊ ကျနော်တို့နဲ့ ဗမာ စစ်ရေယာဉ်နဲ့ ပစ်ခတ်မှုဖြစ်တယ်။ အဲဒီ မနက် ၇ နာရီကျော်မှာ ကျောက်တော်မြို့နယ် ပီကောက်ရွာနဲ့ ပုဏ္ဏားရွာကြားမှာ တကြိမ် ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်တယ်။ ကျနော်တို့ ဘက်တော့ စစ်ဆင်ရေး ပုံစံမျိုးနဲ့ စစ်ကြောင်းလိုက် ချီတက်လာရင် ကြည်း၊ ရေ၊ လေ ဘယ်ဗမာတပ်ကို မဆို ဟန့်တား တိုက်ခိုက်မှုတော့ လုပ်ရမှာပဲ ။ စစ်ဖြစ်နေတဲ့နေရာမှာ စစ်ဆင်ရေး ပုံစံမျိးနဲ့ ချီတက်လာတဲ့ ဘယ်ဟာကိုမဆို ဟန့်တား တိုက်ခိုက်မှုတော့ လုပ်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
AA အဖွဲ့အနေဖြင့် အိန္ဒိယစီမံကိန်းကို နှောင့်ယှက်စရာ အကြောင်းမရှိကြောင်း ပြောဆိုထားသော်လည်း ယခုကဲ့သို့ ပစ်ခတ် တိုက်ခိုက်ခြင်းမှာ ချင်းပြည်နယ်ကို မတိုးတက်စေချင်သောကြောင့်လားဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မေးခွန်းထုတ်သည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ဒီကိစ္စက ဘာမှ နှောင်ယှက်စရာ အကြောင်းမရှိဘူး။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့ တံတား သံဘောင်တွေ တင်လာတာကို လုပ်တာ ၂ ကြိမ် ရှိပြီ။ မသွားရဲတဲ့အတွက် ကျနော်တို့က လုံခြုံရေးဆောင်ရွက်ပေးတာ။ ပြောလို့ရှိရင် အိန္ဒိယက လုပ်နေတဲ့ စီမံကိန်းတွေကို မနှောင့်ယှက်ပါဘူး။ အားပေးပါတယ်။ ကူညီပေးပါတယ် ပြောပြီးတော့ ဘာလို့ပစ်တာလဲ။ ချင်းပြည်နယ်ကြီး မတိုးတက်အောင် ရည်ရွယ်ချက်ရှိရှိပစ်တာလား။ အဲလိုတော့ မေးချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်မည် ဆိုပါက ၎င်းတို့ ထုတ်ပြန်ထားသည့်အတိုင်း သတင်းပို့ပြီး သွားရမည် ဖြစ်ကြောင်း၊ စီမံကိန်းကို အကြောင်းပြုပြီး တပ်မတော်အတွက် စစ်လက်နက်၊ ရိက္ခာပို့ဆောင်ခြင်းမျိုးကို ခွင့်ပြုမည် မဟုတ် ကြောင်း ပြောသည်။
ဦးခိုင်သုခက “သူတို့ ပစ်ခတ်ခံရမှပဲ ကုလားတန်စီမံကိန်းအတွက် ပစ္စည်းတွေ သွားပို့တာ၊ လုံခြုံရေး လိုက်ပေးတယ်။ ဘာတို့ ညာတို့ အဲဒါမျိုးကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကုလားတန်စီမံကိန်းအတွက် ပစ္စည်းပို့မယ်ဆိုလို့ ရှိရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဟိုတခါလို ကြေညာပြီးမှ လာပို့လေ။ အခုက ရေတပ်က ရှေ့ပြေး ရေယာဉ်တွေ၊ ကမ်းတက် တိုက်ခိုက်ရေး ရေယာဉ်တွေ၊ နောက်ပြီးတော့ ပို့ဆောင်ရေး ရေယာဉ်တွေနဲ့ စစ်ဆင်ရေး ပုံစံနဲ့ ချီတက်လာရင်တော့ ကျနော်တို့က ဟန့်တားတိုက်ခိုက်မှုတော့ လုပ်ရမှာပဲ။ ကုလားတန်စီမံကိန်းကို အရေခွံခြုံပြီးတော့ ကုလားတန်မြစ် အထက်ပိုင်းကို ဗမာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ၊ ရိုက္ခာတွေ ထောက်ပံ့တာ အဲဒါမျိုးတော့ ကျနော်တို့ဘက်က လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တပ်မတော်ရေယာဉ်တန်းနှင့် AA အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုတွင် ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၆၀ ကျော်အရွယ် ဦးထွန်းလှဖြူ နှင့် အသက် ၁၉ နှစ်အရွယ် ကိုစိုးစိုးလင်းတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လက်ရှိအချိန်တွင် စစ်တွေပြည်သူ့ဆေးရုံ အရိုးအထူး ဆောင်တွင် ကုသမှု ခံယူနေရသည်။
စစ်တွေပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသူ ဦးထွန်းလှဖြူက “ ကျနော်က မြစ်ကမ်း ဘေးမှာ မြေပဲ စိုက်ခင်းတွေ လုပ်နေတာ။ မနက် ၇ နာရီလောက်မှာ စစ်သင်္ဘောတွေ တက်လာ တယ်ကြားလို့ ရွာကို တက်ပြေးတဲ့အခါ အိမ်ကိုမရောက်လိုက်ဘူး။ လမ်းမှာပဲ ရှိသေးတယ် လက်နက်ကြီးက လာကျတာ။ တိုက်ပွဲဖြစ်တာလား ဘာလားဆိုတာလည်း မသိတော့ဘူး။ ပစ်သံ တခုပဲ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ပလက်ဝမြို့ကနေ ကျောက်တော်မြို့သို့ ပြန်လာသော ချင်းတိုင်းရင်းသား အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန် ၂ ဦး၊ စက်လှေ မောင်းသမား ၂ ဦး စုစုပေါင်း ၁၀ ဦးတို့ကို AA အဖွဲ့က ဖမ်းဆီး စစ်ဆေး ခဲ့ရာ၌ နဂိုအခံ ရောဂါကြောင့် အိန္ဒိယ နိုင်ငံသား ၁ ဦးမှာ သေဆုံးသွားခဲ့သည်။
ထိုသို့ ဖမ်းဆီး စစ်ဆေးပြီး နောက်တနေ့တွင် ကျန်လူများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပလက်ဝ မဲဆန္ဒနယ်မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ လက်ရှိ အချိန်ထိ ထိန်းသိမ်းထားသည်။
You may also like these stories:
ပလက်ဝ တိုက်ပွဲအတွင်း သုံ့ပန်း ၁၃ ဦး ဖမ်းမိဆိုသည့် AA ထုတ်ပြန်ချက် မှားယွင်းဟု တပ်မတော် ပြော
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ
ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ