သတင်း

NCA အတိုင်း ရှေ့ဆက်မည်ဟု KNU ဗဟိုကော်မတီ ဆုံးဖြတ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM) မှတဆင့် ပြန်လည် စတင်နိုင်ရေး ဆောင်ရွက်မည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ကပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တွေ့ဆုံညှိနှိုင်း၍ လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၅ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ပြုလုပ်ခဲ့သော KNU ၁၆ ကြိမ်မြောက် ကွန်ကရက်အပြီး တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး (ဒုတိယပိုင်း) အပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောတူရေးထိုးထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အပစ်အခတ် ရပ်စဲရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို သဘောတူထားသော်လည်း အဆင့်လိုက် မည်သည့် ပုံစံဖြင့် သွားမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိခဲ့ဟု KNU က ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး က “အဲဒါကြောင့် အခုလိုမျိုး အကြပ်အတည်း တွေ့ပြီး နောက်ဆုံး ပြန်ပြီးတော့ ညှိနှိုင်းရတဲ့ ပုံစံ ပြန်ပြောင်းသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

KNU သည် ၂၀၁၈ နိုဝင်ဘာလမှ စတင်ကာ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရေးကို ရပ်ဆိုင်းပြီး ယခုနှစ်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုများသာ ရှိခဲ့သည်။

ထိုသို့ ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU က NCA ကို အဆင့် ၄ ဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်နိုင်ရေး အတွက် အစိုးရနှင့် တပ်မတော်ကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက် ရှိမှသာလျှင် NCA ကို အကောင် အထည်ဖော်သည့်အခါ လိုသလို အဓိပ္ပာယ်ဖွင့်ဆို၍ အကောင်အထည် ဖော်သည့် ပုံစံမျိုး မဖြစ်တော့ဘဲ ရှင်းလင်းသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ထူထောင်ရေး အတွက် လုပ်ငန်းစဉ်ပေါ်လာမည်ဟု KNU က ဆိုသည်။

ထို့ကြောင့် ယင်းအချက်များကို NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM) မှတဆင့် ပြန်လည် စတင်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ပြီး သဘောတူညီမှု ရရှိပါက လုပ်ငန်းစဉ်ကို ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။

“JICM ရောက်တဲ့အခါကြရင်တော့ အိုခေ ဒီဟာကိုတော့ ဆွေးနွေးပါ ဆိုတဲ့ သဘောတူညီချက် ကျလာပြီဆိုတာနဲ့ ဒီအဆင့် လေးဆင့်ကို အပိုင်း ၂ ပိုင်းခွဲပြီးတော့ ဆွေးနွေးသွားမယ်။ NCA အကောင် အထည်ဖော်မှုထဲမှာ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုနဲ့ ဆိုင်တဲ့ ဘယ်လို Concept မျိုးကို ကျနော်တို့ ဆွေးနွေးမလဲ။ ဘယ်လို Concept မျိုးကို ကျနော်တို့ အတူတကွ တည်ဆောက်မလဲ။ ထိုနည်းလည်းကောင်းပဲ ဖက်ဒရယ်ကို ထူထောင်နိုင်ဖို့ အတွက် ဘယ်လို Conctpt မျိုးနဲ့ သွားမလဲဆိုတဲ့ ပုံစံလည်း ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူး ကပြောသည်။

KNU သည် NCA သဘောတူ စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် အတူ ရေးထိုးခဲ့သည်။

You may also like these stories:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ

တပ်မတော်က ခရိုင် ၄ ခု အတွင်း လမ်းဖောက်နေခြင်း ရပ်ဆိုင်းရန် KNU တောင်းဆို

ငြိမ်းချမ်းရေး ဖြစ်စဉ် ပါဝင်မှု ခေတ္တ ရပ်ဆိုင်းခြင်းသည် မျှော်မှန်းချက်နှင့် တိမ်းစောင်းနေ၍ဟု KNU ပြော

Loading