သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နောက်ဆုံးပေါ် ဆေးကုသနည်းများဖြင့် ကုသနေကြောင်း NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ဒေါက်တာမျိုးညွှန့်က “သတင်းကောင်း ရှိပါတယ်။ အနားယူရဖို့ အခြေအနေတော့ သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အကယ်၍ ရှိခဲ့ရင်လည်း အဲဒီတော့မှ စဉ်းစားပါမယ်” ဟု ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အစည်း အဝေး (CEC) အပြီးတွင် ဒေါက်တာ ဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အ တိုင်း ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် လက်ရှိ အချိန်တွင် ကင်ဆာဆေး ဒုတိယအကြိမ် သွင်းရန် ဘန်ကောက်တွင် ရှိနေပြီး၊ နောက်ဆုံးပေါ် ကုသနည်းဖြင့် ဆေးကုသမှု ခံယူနေကြောင်း၊ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု အခြေ အနေရှိ သဖြင့် ပါတီတာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
ထိုသို့ ဆေးကုသမှုခံယူနေသည့် ဒေါက်တာဇော်မြင့်မောင်၏ နေရာတွင် တိုင်းလျှပ်စစ်ဝန်ကြီးအား ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်လွှဲပြောင်း ပေးအပ်ထားကြောင်း၊ ၎င်းကလည်း ပေးအပ်ထားသည့် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်သဖြင့် အစားထိုး သီးသန့် ခန့်အပ်ရန် အစီအစဉ် မရှိသေးကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
နောက်ဆုံးပေါ် ဆေးကုသနည်းကို မြန်မာနိုင်ငံတွင် ကုသ၍ မရသေးသဖြင့် ဘန်ကောက်မြို့တွင် သွား ရောက် ကုသနေခြင်းဖြစ်ကြောင်းနှင့် အချိန်ကာလအားဖြင့် မည်မျှကြမည်ကိုတော့ အတိအကျ မပြောနိုင်ကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်သည် အောက်တိုဘာ၂၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပါတီ၊ အစိုးရနှင့် လွှတ်တော်တို့ တွေ့ဆုံပွဲသို့ တက်ရောက်မှု အပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် ကျန်းမာရေး စစ်ဆေးမှုခံ ယူနေခြင်း ဖြစ် သည်။
ထို့ပြင် ဒေါက်တာ ဇော်မြင့်မောင်သည် ပါတီတွင်း သတင်းအချက်အလက်များကို သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ သွားရောက် အသိပေးရှင်းပြရသည့် တာဝန်ကိုလည် ယူထားသူ တဦး ဖြစ် သည်။
ပါတီတွင် အင်္ဂါစဉ်အရ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် ပြီးပါက အတွင်းရေးမှူး (၁) ဦးဉာဏ်ဝင်း၊ အတွင်း ရေးမှူး (၂) ဦးဟံသာမြင့်၊ အတွင်းရေးမှူး (၃) ဒေါက်တာ အောင်မိုးညို တို့သည် ပါတီ တာဝန်ရှိသူများ ဖြစ်သည်နှင့် အညီ ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် လည်းကောင်း အရွေးချယ်ခံခဲ့ရသလို ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒ နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတဦး ဖြစ်သည်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်း၏ မိခင်ပါတီ NLD သည် ပါတီ မှတ်ပုံတင်သည့်အခါ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ အနိုင်ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးမြို့ ဇာတိဖြစ်ပြီး အမျိုးသမီးနှင့် ကလေး ၃ ဦး လုံးမှာလည်း ဆရာဝန်များ ဖြစ်ကြသည်။
You may also like these stories:
NLD ရဲ့ ရခိုင်အရေးအပေါ် နုတ်ဆိတ်မှု ဝေဖန်ခံလာရ
မြစ်ဆုံအရေး ပြည်သူနှင့် သဘောထား တထပ်တည်း ရှိကြောင်း NLD ပြော
NLD ပါတီအတွင်းလွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိ၍ နုတ်ထွက်ဟု ဦးဖေချစ်ပြောဆို