ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာ၌ ပလောင်(တအန်း)အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA)မှ သိုလှောင်ထားသည့် လေယာဉ်ပစ်ဒုံးလက်နက် အပါအဝင် လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော်က နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိသည်ဟု သိရသည်။
လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် သတင်းမီဒီယာများကို ရဟတ်ယာဉ်ဖြင့် ဟိုမိန်းကျေးရွာသို့ ခေါ်ဆောင်သွားပြီး ပြသခဲ့ခြင်း ဖြစ်သည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက “TNLA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့က ဟိုမိန်းဒေသမှာ အခြေပြုပြီး လှုပ်ရှားနေတာ ကျနော်တို့ နယ်မြေရှင်းလင်းရေး စစ် ကြောင်းတွေနဲ့ နယ်မြေရှင်းလင်းတဲ့ အခါမှာ သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ ညနေပိုင်းမှာ ဟိုမိန်းနယ်မြေကို နယ်မြေရှင်းလင်းတဲ့အခါမှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်ချက်တွင်လည်း TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်၏ ဇာတိ နမ့်ဆန်မြို့နယ်၊ ဟူးခင် ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ နှင့် အနီးတဝိုက် နေရာများအား တပ်မတော်စစ်ကြောင်းများက ရှင်းလင်းရာတွင် ထိုလက်နက်ခဲယမ်းများ သိမ်းဆည်းရ မိခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
တပ်မတော်မှ သိမ်းဆည်းမိသည်ဟုဆိုကာ ပြသသည့် လက်နက်များမှာ M22 သေနတ် ၃၉ လက်၊ စက်လတ် သေနတ် ၂၉ လက်၊ M 21 သေနတ် ၆၉ လက်၊ M16 သေနတ် ၉ လက်၊ RPG အကြီး ၁၆ လက်၊ RPG အသေး ၅ လက်၊ ၁၂ ဗို့ဆလိုက် သေနတ် ၂ လက်၊ FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံး ၁လက် တို့ဖြစ်သည်ဟု သိရသည်။
ခဲယမ်းများမှာ 7.62 ကျည် ၄၃၁၆၀ တောင့်၊ M22 ကျည် ၁၀၅ တောင့်၊ M22 ကျည်အိမ် ၁၄၀၀ ခု ၊ လက်ဗစ်ဗုံး အလုံး ၈၈၀၊ ၆၀ မမ ဗုံးသီး ၉ ၈ လုံး၊ ၆၀ မမ ဗုံးသီး ထိပ်ဖူး ၉ ၀ ခု၊ ၄၀မမ ဗုံးသီး ၁၄၈ လုံး၊ ယမ်းပျော့ သံပုံး ၂၀ ပုံး၊ အားမြှင့်ယမ်းဘူး ၈၈၅ ဘူး ရရှိသည်ဟု တပ်မတော်က ဆိုသည်။
ထို့ပြင် TNLA စစ်ယူနီဖောင်း ပြောက်ကျားဝတ်စုံများ၊ အခြား စစ်အသုံးအဆောင် ပစ္စည်းများ နှင့် TNLA၏ အလံများ ထည့်ထားသည့် ဆာလာအိတ် ၇၇ လုံးကိုလည်း သိမ်းဆည်းမိသည်ဟု တပ်မတော်က ပြောသည်။
ဗိုလ်ချုပ်အောင်ဇော်အေးက “မီဒီယာအဖွဲ့တွေသွားခဲ့တဲ့ နေရာကတော့ စစ်ပစ္စည်းတွေ နဲ့ လေယာဉ်ပစ် ပခုံးထမ်းဒုံး ဖမ်းဆီးရမိတဲ့ နေရာဖြစ်ပါတယ်။ နံပါတ် ၂ နေရာကတော့ ဟိုမိန်းရွာရဲ့ အပြင် မီတာ ၈၀၀ လောက် အကွာမှာ ရှိတဲ့ တဲရဲ့ အောက်ခြေကနေ လက်နက်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွန်ကရစ်အဆောက်အဦးနဲ့ ဆောက်ပြီး အပေါ်မှာ တဲဆောက်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ တတိယနေရာကတော့ လက်ဖက်ခြံထဲမှာပဲ တဲပုံစံဆောက်ထားပြီး ခဲယမ်းတွေ သိမ်းဆည်း ရမိတာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်နက်ခဲယမ်းများ ဖမ်းမိခြင်းနှင့် ပတ်သက်၍ ကျေးရွာတွင်းမှ အရပ်သားများ၊ မသင်္ကာသူများဟု တပ်မတော်ဘက်မှ ယူဆသူများကို ဖမ်းထားခြင်း၊ မေးမြန်းနေခြင်း ရှိမရှိ မေးမြန်းရာ ဗိုလ်ချုပ် အောင်ဇော်အေးက “မရှိပါဘူး” ဟု ပြောသည်။
သို့သော် လက်နက်ခဲယမ်းများ သိုလှောင်ထားသည်ဟူသည့် သံသယရှိသဖြင့် ဟိုမိန်းကျေးရွာကို တပ်မတော်မှ တောက်လျှောက်စောင့်ကြည့်နေခဲ့ခြင်းများ ရှိပါသည်ဟုလည်း ဗိုလ်ချုပ် အောင်ဇော်အေးက ဆိုသည်။
ဟိုမိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျာလီက “TNLA က ရွာထဲကို အဝင်အထွက်တော့ ရှိပါတယ်။ ရွာသားတွေနဲ့ ပတ်သက်တာတော့ ဘာမှ မရှိပါဘူး။ သူတို့ လာရင် အများကြီးလာတာ အနည်းဆုံး ၁၅၀၊ ၂၀၀၊ ၃၀၀ လာပြီး တခါတလေ တည၊ နှစ်ည အိပ်ပြီးရင် ထွက်သွားတယ်”ဟု ပြောသည်။
ဦးဂျာလီက ၎င်းသည် ကျေးရွာတွင်း အုပ်ချုပ်ရေးမှူး တာဝန်ယူထားသဖြင့် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် မဆို လာတွေ့ရန် ခေါ်ပါက သွားရောက်ရပြီး တပ်မတော်မှ တာဝန်ရှိသူများ ခေါ်ပါကလည်း လာရကြောင်း ပြောသည်။
TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ ဖမ်းမိတာ တော့ ဟုတ်တယ်။ သူတို့ပြောတဲ့ ပမာဏက ဘယ်လောက်ထိပြောလဲ မသိဘူး။ အခြားတနေရာက ယူပြီး ထည့်ရင် ထည့်မှာ။ အဲ့လို ပမာဏ အများကြီး တော့ မရှိပါဘူး။ ဖမ်းမိတာတော့ဟုတ်တယ်”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း တပ်မတော်က TNLA တပ်ဖွဲ့များ ယာယီအခြေစိုက်ထားသည့် စခန်းများကို ထိုးစစ်ဆင်ကာ လိုက်လံတိုက်ခိုက်နေသဖြင့် TNLA ဘက်မှလည်း ပစ္စည်းများ ရွှေ့ပြောင်းနေရခြင်း များ ရှိကြောင်း၊ ထိုအခြေအနေများ ကြောင့် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က “ တိုက်ပွဲကတော့ နိုဝင်ဘာ ၁၁ ရက်ကနေ မနေ့ကထိတော့ ရှိတယ်။ နိုဝင်ဘာ ၁၅၊ ၁၆ ကနေ ၂၀၊ ၂၁ နေ့တိုင်းက လေကြောင်းအသုံးပြီး တိုက်ခိုက်နေတာ ရှိပါတယ်” ဟုလည်း ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားပြီး တပ်မတော်နှင့် TNLA ကြား စစ်ရေးတင်းမာနေသည့် နေရာများမှာ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ ကြားတွင် ဖြစ်သည်ဟု သိရသည်။
တပ်မတော်နှင့် TNLAတို့၏ တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများမှ အရပ်သား ၁၀၀၀ ကျော်မှာ နေအိမ်များမှ ထွက်ပြေး တိမ်းရှောင် နေရသည်။
နိုဝင်ဘာ ၂၂ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စုအတွင်းမှ အရပ်သား ၆၃ ဦးကို တပ်မတော်၏ တပ်မ ၈၈ မှ ဖမ်းဆီးသွားခဲ့ပြီး နေ့လည်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးခံရသူများထဲတွင် အချို့မှာ ရိုက်နှက်ခံရပြီး အချို့မှာ တပ်မတော်စစ်ကြောင်း၏ ပစ္စည်းများ ထမ်းပေးခဲ့ရကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး လွတ်မြောက်လာသူများထံမှ သိရသည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် TNLA သည် ၎င်း၏ မဟာမိတ်များဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့နှင့် အတူ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ရေးထိုးနိုင်ရန် အစိုးရ၊ တပ်မတော် တို့နှင့် ညှိနှိုင်း လျက် ရှိသည်။
သို့သော် တပ်မတော်က TNLA၊ MNDAA ၊ AA တို့ လှုပ်ရှားနေသည့် နေရာအားလုံးကို အသိအမှတ် မပြုကြောင်း ပြောဆိုထားပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် ပဏာမအပစ်ရပ်စာချုပ် ဆွေးနွေးမှုများမှာ ပြေလည်ခြင်း မရှိသေးပါ။
TNLA ၊ MNDAA၊ AA တို့သည် ၎င်းတို့ တပ်စခန်းများ ရှိရာနေရာများတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြတ်ပြုလုပ်နေသည်ဟုဆိုကာ သြဂုတ် ၅ ရက်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စစ်အင်ဂျင်နီယာ တက္ကသိုလ်၊ နောင်ချိုမြို့၊ ဂုတ်ထိပ် တံတားများကို ပစ်ခတ် တိုက်ခိုက်ကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားထား သည်။
တိုက်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA ၊ MNDAA၊ AA တို့က တံတား ၅ စင်း ဖျက်ဆီးခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည် တည်ဆောက် ခဲ့ရသည်။
နိုဝင်ဘာ ၁၆ ရက်၊ မနက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရှော့တိုက်ဒုံးပစ်ခတ်ခံရခြင်းကြောင့် လားရှိုးမြို့ လေယာဉ်ကွင်းအတွင်း တလုံး၊ တပ်မတော်၏ ထောက်ပို့တပ်ရင်း ခြံစည်းရိုးအနီးတွင် တလုံးကျပြီး အရပ်သားများ နေထိုင်သည့် ရပ်ကွက် အမှတ် (၉ ) အတွင်းသို့လည်း ၂လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
အဆိုပါ ပစ်ခတ်မှုမှာ TNLA က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တပ်မတော်က ပြောဆို သော်လည်း TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ၎င်းတို့တပ်ဖွဲ့မှ ပစ်ခတ်ခြင်း မဟုတ်ပါဟု ငြင်းဆို ထားသည်။
You may also like these stories:
နန်းမိုဟွမ်ကို စီရင်ချက် ချတော့မည်ဟု TNLA ပြော
ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး
TNLA အမည်သုံး၍ ငွေကြေးကောက်ခံသည်ဟု ဆိုသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထား
ကွတ်ခိုင် ကုန်ဆာတောင်ကြောတွင် တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားနေဟု TNLA ပြော