ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထံမှ သိမ်းဆည်းရမည့်သည့် လက်နက်များတွင် တရုတ်နိုင်ငံထုတ် FN6 အမျိုးအစားများ လေယာဉ်ပစ် ဒုံးလက်နက်များ ပါဝင်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ထွက်လာသည့် လက်နက်မျိုးဖြစ်ကာ ပြင်ပသို့ ထုတ်လုပ်ရောင်းချသည့် အမှတ်တံဆိပ်ဖြစ်ကြောင်း တပ်မတော် သတင်းစာရှင်းပွဲက ဆိုသည်။
ယနေ့ မနက် နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က “မနေ့က သတင်းထောက်များကို ခေါ်ပြီး ပြခဲ့တဲ့ လက်နက်တွေ ရှိပါတယ်။ အသစ်လား၊ အဟောင်းလား စိစစ်နေတာ ရှိပါ တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့မှ တရုတ် နိုင်ငံလုပ်လက်နက် တော်တော်များများ ပါနေတာတွေ့ရှိရပါတယ်” ဟုပြောသည်။
နိုဝင်ဘာ ၂၂ ရက်မနက်ပိုင်းက ဟိုမိန်းကျေးရွာ အနီး တဝိုက်တွင် တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ရာ ကျေးရွာ၏ အရှေ့ တောင်ဘက်အတွင်း TNLA ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းသိုဝှက်ထားသည့် နေရာ ၃ ခုကို ရှာဖွေ ဖော်နိုင်ခဲ့သဖြင့် နိုဝင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးရမိထားသည့် လက်နက်များကို တပ်မတော်ဘက်မှ သတင်းထောက်များကို ရဟတ် ယာဉ်ဖြင့် ခေါ်ဆောင်၍ ပြသခဲ့ခြင်းဖြစ်သည်။
TNLA ထံမှသိမ်းဆည်းရမိသည့် လက်နက်များထဲမှ တန်ဖိုးအကြီးဆုံး လက်နက်ဖြစ်သည့် FN6 လက်နက်မှာ အမေရိကန် ဒေါ်လာ ၇ သောင်းမှ ၉ သောင်းဝန်ကျင်တန်ဖိုး ရှိသည်ဟုလည်း သိရသည်။
ထိုသို့သော တန်ဖိုးကြီး လက်နက်များကို ဝယ်ယူရန် TNLA အနေဖြင့် မည်သည့်နေရာမှ ရသည့် ငွေဖြင့် ဝယ်ယူ သည်ဆိုသည်ကိုမူ မသိရှိရပေ။
ယခုဖမ်းဆီးရမိသည့် လက်နက်များသည် တရုတ်နိုင်ငံထုတ် လက်နက်များ၏ ပြောသော်လည်း နိုင်ငံ နှစ်ဘက်စလုံးမှ ကျွမ်းကျင်သည့်သူများက အဖြေထုတ်ရန် လိုအပ်ကြောင်း၊ ယခင်ကလည်း အိမ်နီးချင်းနိုင်ငံများမှာ လက်နက်များ လက်နက်များ ဝင်ရောက်မှုရှိသည်ဟု ပြောဆိုသံများ ကြားနေရကြောင်း ထိုကဲ့သို့ လက်နက်များ မှောင်ခိုဝင်ရောက် နေမှုအပေါ်ကို ရခိုင်အမျိုးသား ပါတီဝင် ဦးဖေသန်းက ဆိုသည်။
ဦးဖေသန်းက “တချို့ကလည်း ဝဘက်ကလာတယ်။ တချို့ကလည်း KIA ဘက်မှာ စက်ရုံရှိတယ်။ အဲ့ဒီလိမျိုး လက်နက် လမ်းကြောင်းတွေက မျိုးစုံပေါ့။ ဝ ကလည်း ထုတ်တယ်။ KIA ကလည်း ထုတ်တယ်ဆိုတော့ မပြောနိုင်ဘူးပေါ့။ တံဆိပ် တွေ ကလည်း တခြားလုပ်လို့ ရတဲ့နေရာတွေက လုပ်လို့ ရတယ်။ ဝ မှာ စက်ရုံ ရှိတယ်ဆိုရင်လည်း ဝ ကသူ တံဆိပ်နဲ့ တော့ ထုတ်မှာမဟုတ်ဘူး” ဟု ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တရုတ်နယ်စပ်တလျောက်မှာ လက်နက်မှောင်ခို ကိစ္စက ရှောင်လွဲလို့ မရဘူး ထင်တယ်။တရုတ်နယ်စပ်ကနေ ထိုင်းနယ်စပ်တလျောက်လုံးမှာ။ တဖက်နဲ့ တဖက်က တခုခုဖြစ်ရင် အကြောင်းပြ ချက်က အများကြီး ပြကြတယ်” ဟု ပြောသည်။
တပ်မတော်မှ သိမ်းဆည်းမိသည်ဟုဆိုကာ ပြသသည့် လက်နက်များမှာ M22 သေနတ် ၃၉ လက်၊ စက်လတ် သေနတ် ၂၉ လက်၊ M 21 သေနတ် ၆၉ လက်၊ M16 သေနတ် ၉ လက်၊ RPG အကြီး ၁၆ လက်၊ RPG အသေး ၅ လက်၊ ၁၂ ဗို့ဆလိုက် သေနတ် ၂ လက်၊ FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံး ၁လက် တို့ဖြစ်သည်ဟု သိရသည်။
ခဲယမ်းများမှာ 7.62 ကျည် ၄၃၁၆၀ တောင့်၊ M22 ကျည် ၁၀၅ တောင့်၊ M22 ကျည်အိမ် ၁၄၀၀ ခု ၊ လက်ဗစ်ဗုံး အလုံး ၈၈၀၊ ၆၀ မမ ဗုံးသီး ၉ ၈ လုံး၊ ၆၀ မမ ဗုံးသီး ထိပ်ဖူး ၉ ၀ ခု၊ ၄၀မမ ဗုံးသီး ၁၄၈ လုံး၊ ယမ်းပျော့ သံပုံး ၂၀ ပုံး၊ အားမြှင့် ယမ်းဘူး ၈၈၅ ဘူး ရရှိသည်ဟု တပ်မတော်က ဆိုသည်။
ထို့ပြင် TNLA စစ်ယူနီဖောင်း ပြောက်ကျားဝတ်စုံများ၊ အခြား စစ်အသုံးအဆောင် ပစ္စည်းများ နှင့် TNLA၏ အလံများ ထည့်ထားသည့် ဆာလာအိတ် ၇၇ လုံးကိုလည်း သိမ်းဆည်းမိသည်ဟု တပ်မတော်က ပြောသည်။
တပ်မတော်ဘက်မှ ထိုသို့ အသေးစိတ်ရှင်းပြထားသော်လည်း TNLA ဘက်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်း အိုက်ကျော်က ဖမ်းမိခြင်းမှာ မှန်ကန်သော်လည်း ထိုသို့ ပမာဏ မများကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းက ဧရာဝတီသို့ ဖြေဆိုထားသည်။
နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက “အဲ့လိုတွေဖြစ်ပြီဆို ကိုယ်မှန်ကြောင်း သက်သေပြကြတာကိုး။ သေချာ မသိဘဲနဲ့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် တော့ ပြောလို့မရဘူး။ တပ်မတော်အနေနဲ့ ရှေ့တန်း စစ်မြေပြင်ကို ခေါ်ပြတဲ့ အတွက် သူကတော့ ဖြစ်နိုင်ချေ ပိုများတာပေါ့” ဟု မှတ်ချက်ပြုသည်။
ဆက်စပ်ဖတ်ရှု့ရန်
TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို